Monday, September 28, 2015

NCA ကို လွှတ်တော်မှ ပြင်လိုက်ပါက ငြိမ်းချမ်းရေး ဖြစ်စဉ် နောက်ဆုတ်နိုင်


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) အား လွှတ်တော်အတွင်းမှ ပြင်ဆင်လိုက်ပါက ငြိမ်းချမ်းရေး ဖြစ်စဉ် နောက်ဆုတ်သွားနိုင် ကြောင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့ (NLD) မှ အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မုန်းဆားခေါင်က ပြောသည်။

''ကျွန်တော် မြင်တာကတော့ ဒီဆွေးနွေးချက်တွေထဲမှာ လွှတ်တော် ကိုယ်စား လှယ်တွေလည်း ပါတယ်။ အစိုးရ ကိုယ်စားလှယ်တွေလည်း ပါတယ်။ တပ်မတော် ကိုယ်စားလှယ်တွေလည်း ပါတယ်။ အပြောင်းအလဲ မဖြစ်နိုင်ဘူး လို့ ထင်ပါတယ်။ အဲ့ဒါကို ပြောင်းလဲလိုက်လို့ရှိရင် တော်တော်လေး ဒုက္ခ ရောက်မှာလေ။ အပြောင်းအလဲ မရှိရင်တော့ အကောင်းဆုံးပေါ့။

ပြောင်းလဲသွားချိန် ကျွန်တော်တို့ဒါကို အသစ်ပြန်လုပ်မယ်။ အသစ်ပြန် ဆွေးနွေးမယ်ဆိုရင် တော်တော် ခက်သွားမယ်။ အချက်တစ်ချက် ဆွေးနွေး ရင်တောင် သုံးလေးလလောက် ကြာတယ်။ အဲဒီ Process ကြီး တစ်ခုလုံး နောက်ဆုတ် သွားမှာပေါ့'' ဟု ၎င်းက ဆက်ပြောသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်၏ အခန်း (၆) ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် ဤသဘောတူ စာချုပ်အား ပြည်ထောင်စု လွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနှင့် အညီ တင်သွင်း၍ အတည်ပြုချက် ရရှိရေး အတွက် ဆောင်ရွက်သွားရန် သဘောတူသည်ဟု ပါရှိသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ NCA လက်မှတ် ရေးထိုးပြီးပါက ယခုအစိုးရ သက်တမ်းအတွင်းNCA  စာချုပ်အား လွှတ်တော် တွင်းသို့ တင်သွင်း အတည်ပြုချက် ရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း SD အဖွဲ့ထံမှ သိရသည်။

''လွှတ်တော်ကတော့ အစိမ်းကြီးတော့ မဟုတ်ဘူး။ ဒီ Process တစ်လျှောက် လုံး လွှတ်တော် ကိုယ်စားလှယ်တွေ ပါလာတာလေ။ NCA ထဲမှာပါတဲ့ အချက် တွေက တပ်မတော်က ဆိုရင်လည်း တပ်မတော် ကိုယ်စားလှယ်တွေ ရှိတယ် လေ။

အရပ်သား ကိုယ်စားလှယ်တွေလည်း ပါတော့ သူတို့ရဲ့ အမြင်တွေကြောင့် လည်း ဒါက ဖြစ်လာတာလေ။ အချက်တွေ မပြောင်းလဲနိုင်ဘူးလို့ ထင်ပါ တယ်'' ဟု မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) မှ ဦးမင်းဇော်ဦးက ပြောသည်။

NCCT/SD နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့ ဆောင်ရွက်နေသည့် NCA စာချုပ်နှင့် ပတ်သက်၍ UPWC ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လွှတ်တော်တွင်း မကြာခဏ လာရောက် ရှင်းလင်းလေ့ ရှိသည်။  

''များသောအားဖြင့် နိုင်ငံအတွက် ကောင်းဖို့ အလားအလာရှိတဲ့ ကိစ္စတွေ ဆိုရင် လွှတ်တော်က ပြင်တာထက်စာရင် ကျိုးကြောင်း ထောက်ပြ ပြီးတော့မှပဲ ဒါကို အတည်ပြု ပေးတာများပါတယ်။ ငြိမ်းချမ်းရေး ကိစ္စဆိုတာက တစ်နိုင်ငံလုံးက မျှော်လင့်နေတဲ့ကိစ္စ ဖြစ်တယ်။

ဒီကိစ္စကို ကန့်ကွက် ပြောဆိုမယ်ဆိုရင် မဖြစ်သင့်တဲ့ အခြေအနေမျိုးပါ။ ခုနက ပြောသလို ထောက်ပြ ပြောဆိုမယ်ဆိုရင် ငြိမ်းချမ်းရေး အတွက် ကောင်းစေချင်လို့ ဆွေးနွေးတဲ့ သဘော ဖြစ်တယ်'' ဟု NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ၎င်း၏အမြင်ကို ပြောသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ NCA လက်မှတ်ရေး ထိုးနိုင်ရေး အတွက် စက်တင်ဘာ (၂၈) ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက သုံးရက် ဆွေးနွေး ညှိနှိုင်းသွားကြမည် ဖြစ်ပြီး အောက်တိုဘာလ (၃) ရက်နေ့တွင် အဆိုပါ NCA ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် UPWC နှင့် ထပ်မံညှိနှိုင်းမည် ဖြစ်သည်။

NCA သဘောတူ လက်မှတ်အား အောက်တိုဘာလ ပထမပတ်တွင် လက်မှတ် ရေးထိုးနိုင်ရန် နှစ်ဖက် အဖွဲ့အစည်းတို့ ဆောင်ရွက်နေကြသည်။

Messenger News Journal

No comments:

Post a Comment

My Blog List