Wednesday, September 30, 2015

သစ်တောများ၊ အဖိုးတန် မြစ်များနှင့် သယံဇာတများကို နိုင်ငံခြားထံ ရောင်း မစားမည့် သူများ” ကို မဲပေးရန် ကာဒီနယ် ချားလ်ဘို မှ ပန်ကြား


နိုဝင်ဘာ ၈ တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များ အနေဖြင့် ဒီမိုကရေစီယဉ်ကျေးမှုနှင့် လူ့အခွင့်အရေးကို မြှင့်တင်မည့် ပါတီ၊ အမျိုး သားပြန်လည် စည်းလုံးညီညွတ်ရေး ဆောင်ရွက်မည့် ပါတီကို မဲပေးကြရန် ကာဒီနယ်ချားလ်ဘိုက နှိုးဆော်လိုက်သည်။

“မြန်မာပြည်သူအားလုံး” ထံ လိပ်မူထားပြီး စက်တင်ဘာ ၂၄ က ထုတ်ပြန် ခဲ့သည့် ကာဒီနယ်ချားလ်ဘို၏ စာတွင် လာမည့်ရွေးကောက်ပွဲအား မှန်ကန် သည့် ဒီမိုကရေစီအလေ့အထအဖြစ် ဆောင်ရွက်ရန် လိုသည် ဟု ဖော်ပြ ထားပြီး ဒီမိုကရေစီမှာ ရှည်လျားခက်ခဲသော ခရီးလမ်းဖြစ်သည်ဟု ဆိုသည်။

“မဲပေးတာဟာ ဒီမိုကရေစီရဲ့ အခြေခံ အခွင့်အရေးပါ။ ကျေးဇူးပြုပြီး ဒီရွေးကောက်ပွဲမှာ သင်တို့ရဲ့ မြင့်မြတ်တဲ့ တာဝန်ကို ထမ်းဆောင်ကြ ပါ။ ကျေးဇူးပြုပြီး မဲရုံကို သွားကြပါ။ သင်တို့ မှန်ကန်စွာ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြပါ” ဟု ကာဒီနယ်၏ အဆိုပါ သ၀ဏ်လွှာစာတွင် ဖော်ပြထားသည်။

ထိုစာမထုတ်ပြန်မီ ရက်အနည်းငယ်က ucanews.com နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးးတွင် ကာဒီနယ်ချားလ်ဘိုက ပြောင်းလဲရန် လိုအပ်နေသော နိုင်ငံ အတွက် အလွန်အရေးကြီးသော အချိန်ဖြစ်သဖြင့် လူအများကို မဲပေး ရန် နှိုးဆော် လိုသည်ဟု ပြောကြားခဲ့သည်။

ကာဒီနယ်က “ဘယ်သူက အမှန်တကယ် ပြောင်းလဲမှု ယူဆောင်ပေးနိုင်မလဲ ဆိုတာ ပြည်သူတွေ ဂရုပြုဖို့လိုပါတယ်” ဟု ဆိုသည်။

ပြည်သူများအနေဖြင့် ထိုက်တန်သည့် ကိုယ်စားလှယ်ရွေးချယ်ရာတွင် ထည့်သွင်း စဉ်းစားပေးရန် အချက် ၁၀ ချက်ကို ကာဒီနယ်က အကြံပြုခဲ့ သည်။ ထိုအချက်များတွင် ဗုဒ္ဓဘာသာ အများစုရှိသည့် နိုင်ငံ၌ မတူညီသော ဘာသာတရားများ၊ တိုင်းရင်းသားများနှင့် တွဲဖက်လုပ်ကိုင်နိုင်မှုတို့လည်း ထည့်သွင်းထားသည်။

“နိုင်ငံ၏ သဘာဝပတ်ဝန်းကျင် နှင့် သယံဇာတများကို ကာကွယ်မည့် ပါတီနှင့် ကိုယ်စားလှယ်များ၊ သစ်တောများကို ကာကွယ်စောင့်ရှောက်မည့် သူများ၊ အဖိုးတန် မြစ်များနှင့် သယံဇာတများကို နိုင်ငံခြားထံ ရောင်းမစား မည့် သူများ” ကို မဲပေးရန် နှိုးဆော်ထားသည်။

ထိုလမ်းညွှန်ချက်များမှာ လက်ရှိအစိုးရကို တိုက်ခိုက်မှုတစ်ခုအဖြစ် အချို့က ရှုမြင်နိုင်သည်ဟု ကာဒီနယ်က အင်တာဗျူးတွင် ပြောကြားသည်။ “တိုင်းပြည်ရဲ့ အခြေအနေမှန်တွေကို ကျွန်တော် ထုတ်ပြောဖို့ လိုပါတယ်” ဟု ကာဒီနယ်ကဆိုသည်။

အသက် ၆၇ နှစ်ရှိ ကာဒီနယ်က ဘုရားကျောင်း အနေဖြင့် ပြည်သူများ အတွက် ရွေးကောက်ပွဲ လမ်းညွှန်ချက်များပေးခြင်းဖြင့် နိုင်ငံရေးတွင် တာဝန်တစ်ခုကို ထမ်းဆောင်နိုင်ကြောင်း ပြောကြားခဲ့ပြီး ဘုရားကျောင်းတွင် လက်ကမ်းစာစောင်များ ဝေပေးခြင်းဖြင့် ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။

ကာဒီနယ်၏ စာတွင် “ရွေးကောက်ပွဲဟာ ဒီနိုင်ငံအတွက် ကြီးမားတဲ့ အခွင့်အလမ်း ပါ။ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲကနေ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝမှုတွေ ရရှိလာနိုင်ပါတယ်” ဟု ဖော်ပြထားသည်။

နိုဝင်ဘာရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများက မဲဆွယ်စည်းရုံးမှု များ ပြုလုပ်နေချိန်တွင် ကာဒီနယ်ချားလ်ဘို၏စာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မဲဆွယ်လှုပ်ရှားမှုကို စက်တင်ဘာ ၈ တွင် စတင်ရန် အစိုးရက သတ်မှတ် ခဲ့သည်။ ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု အတွက် စမ်းသပ်ချက်တစ်ခုဖြစ်သည်ဟု လေ့လာသူအများစုက ရှုမြင် ထားသည်။

ဆင်းရဲသော်လည်း သဘာဝသယံဇာတ ကြွယ်ဝသည့် မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးအောက်တွင် ဆယ်စုနှစ် ၅ ခုကြာ နေထိုင်ခဲ့ပြီးနောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်လျက်ရှိသည်။

KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List