Thursday, October 01, 2015

အပစ်ရပ်ရေး အဆင့်မြင့် ညှိနှိုင်း ကိုယ်စားလှယ်အဖွဲ့ (SD)ကို ဖျက်သိမ်း


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်(SD) ကို စက်တင်ဘာ ၃၀ရက်တွင် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း (NCA ) ကို လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့သည် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်သဖြင့် SD အဖွဲ့က ပျက်ပယ်သွားခြင်း ဖြစ်သည်။
“အက်စ်ဒီကို တာဝန်ပေးတာကတော့ အန်စီအေ အတည်ပြုမူကြမ်းကို အစိုးရနဲ့ဆက်လက် ညှိနှိုင်းပြီးတော့ သဘောတူညီမှု ရရှိတဲ့အထိ ဆွေးနွေဖို့ တာဝန်ပေးထားပါတယ်။ အက်စ်ဒီရဲ့ တာဝန်က ညီလာခံက တာဝန်ပေးတဲ့ အတိုင်း အခန်း ၇ ခန်း အပိုဒ် ၃၃ ပါတဲ့ အန်စီအေကို လုပ်ပြီးပြီလို့ ညီလာခံက မှတ်ယူပါတယ်။ အဲဒါကြောင့်မလို့ ကျနော်တို့ အက်စ်ဒီ အနေနဲ့ ဒီတာဝန်ကို ဖြစ်ဖြစ်မြောက်မြောက် ပြီးပြီလို့ မှတ်ယူတဲ့အတွက် ဒီကနေ့က စပြီး အက်စ်ဒီကို ပြန်ပြီး ရုပ်သိမ်းတာ ဖြစ်ပါတယ်”ဟု SD ဒုတိယ ခေါင်းဆောင် ပူးဇင်ကျုံးက သတင်းထောက်များကို ပြောသည်။

အစိုးရနှင့် ၉ ကြိမ်မြောက်ဆွေးနွေးပြီး သြဂတ်လ ၇ ရက်တွင် အန်စီစီတီတွင် ပါဝင်သော အချက်များကို အစိုးရနှင့် ဆွေးနွေးနိုင်ခဲ့သော်လည်း အားလုံး ပါဝင် လက်မှတ်ရေးထိုးရေးဆိုသော အချက် ကျန်နေခြင်း ဖြစ်သည်။ ထို့ပြင် ထိပ်သီးခေါင်းဆောင် ၅ ဦးနှင့်အက်စ်ဒီ ခေါင်းဆောင် ၃ ဦးတို့ကလည်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ၍ ညှိနှိုင်းခဲ့သော်လည်း ညှိနှိုင်းမရခဲ့ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်က အစိုးရနှင့် NCCT တို့ ၁၇ လကြာ ဆွေးနွေး၍ သဘောတူညီမှု ရရှိလာသော အန်စီအေကို အချက် ၁၅ ချက်ပါ မူကြမ်းကို ပြန်လည် ပြင်ဆင်ရန်အတွက် လော်ခီးလာ ညီလာခံက အစိုးရနှင့် ဆက်လက် ညှိနှိုင်းရန် တာဝန်ပေးထားခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကမူ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရေး၊ နှစ်ဖက် လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများရေးဆွဲရေး (code of conduct)၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး စသည့် တာဝန်ပေးထားသဖြင့် ဆက်လက် ရှိနေမည် ဖြစ်ကြောင်း ပူးဇင်ကျုံးက ပြောသည်။

သို့သော် အစိုးရနှင့် လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ရရှိလာမှု အပေါ် မည်သို့ ဆက်လက် ရပ်တည်ရန်ကိုမူ လာမည့် ထိပ်သီးအစည်းအဝေးတွင် ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။

ထို့ပြင် အန်စီအေ လက်မှတ်ထိုးမည့် အဖွဲ့များနှင့် မထိုးသည့် အဖွဲ့များအကြား နှစ်ဖွဲ့ ကွဲသွားခြင်း မဟုတ်ဘဲ နည်းနာပိုင်းအရ ကွဲပြားခြင်းသာ ဖြစ်ပြီး ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အတူတကွ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လက်မှတ်ရေးထိုးမည့် အဖွဲ့အစည်းများကလည်း အစိုးရနှင့် ဆက်သွယ်ဆွေးနွေး၍ လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။

တူညီသည့် ပန်းတိုင်တစ်ခုကို မတူညီသည့် ချဉ်းကပ်မှုမျိုးဖြစ်ပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်၍ စုပေါင်း နေထိုင်ကြမည် ဟူသောအချက်က တူညီကြောင်း KIO မှ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က သတင်းထောက်များကို ပြောသည်။

“တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ချဉ်းကပ်တဲ့ ပုံစံကွာခြားမှာပါ။ အခု လက်မှတ်ထိုးတဲ့အဖွဲ့က လက်မှတ်ထိုးပြီးတော့ ကျနော်တို့အားလုံးရဲ့ တူညီတဲ့ ဆုံးဖြတ်ချက်ကို တရားဝင် ဆွေးနွေးမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ နောက် ကျနော်တို့ ကျန်ခဲ့တဲ့ အဖွဲ့တွေက အားလုံးမပါရင် ဆွေးနွေးမှုမှာ အင်အားမရှိဘူးဆိုတဲ့ ခံယူချက်နဲ့ ဖြစ်ပါတယ်” သူက ပြောသည်။

ဗိုလ်ချုပ်ဂွမ်မော်က ဆက်လက်၍ “ဒီအချိန်မှာ အန်စီစီတီကို ဆက်ပြီး တာဝန်ပေးမယ်ဆိုရင် ဒီအရင် ကွန်ဖရန့်ရဲ့ မူတွေကို ဒီလက်မှတ်ထိုးတဲ့အဖွဲ့က လိုက်နာနိုင်မလားဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ ဒီကိစ္စ သီးခြားပြန်လည် ဆွေးနွေးဖို့ ဖြစ်ပါတယ်။ အဲဒီအချိန်ကြမှာ ဘယ်လိုဆက်ဆောင်ရွက်မလဲ။ ဘယ်သူတွေက တာဝန်ယူမလဲ၊ သီးခြားအဖွဲ့တွေ ပေါ်လာမလားဆိုတာ ရှင်းရှင်းလင်းလင်း သိရမှာပါ” သူက ဆက်လက် ပြောဆိုသည်။

လက်ရှိ အန်စီအေကို တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံး လက်မှတ်ရေးထိုးခြင်း ဖြစ်သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မျော်မှန်းထားသည့် အန်စီအေသို့ မရောက်ကြောင်း သူက ပြောသည်။ သို့သော် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်သွားရန် ဟူသော ဘုံသဘောတူညီချက် ရရှိရန် အသတ်နိုင်ဆုံး စုစည်းသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

KIO တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၊ ၁၂၊၂၇ နယ်မြေများတွင် အစိုးရ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် စစ်ရေးအရ ဖိအားပေးခြင်းလား သို့မဟုတ် အမှန်တကယ် ချေမှုန်းရေး လုပ်ဆောင်နေခြင်းလားဆိုသည်ကို KIO ဗဟိုတွင် သုံးသပ်နေပြီး ယခင်ကဲ့သို့ စစ်ရေးအရ ဖိအားပေးခြင်းကြောင့် NCA လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း အစည်းအဝေးတိုင်းတွင် အကြိမ်ကြိမ် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သူက ပြောသည်။

ထို့ပြင် အစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်ရေးကို လက်မခံနှင့် အဆင့်ခွဲ၍ လုပ်ဆောင်နေမှုသည် အဓိက အခက်အခဲ ရှိနေပြီး မွန်ပြည်သစ်ပါတီအနေဖြင့် ကျန်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းများကို စစ်ရေး၊ နိုင်ငံရေး အာမခံချက် မပေးခြင်းနှင့် အားလုံး မပါဝင်သဖြင့် လက်မှတ် မထိုးရခြင်း ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ၏ ဥက္ကဌ နိုင်ထောမွန်က သတင်းထောက်များကို ပြောသည်။

“အခက်အခဲတော့ ရှိတာပေါ့။ အစိုးရရဲ့ အစီအစဉ်အတိုင်း တချို့သွားရမယ်ဆိုတော့ အားလုံးပါဝင်ရေးမူကို သေချာမစုတ်ကိုင်တဲ့ အနေအထား ဖြစ်လာတော့ ကျနော်တို့ အချင်းချင်း ပြဿနာတော့ ရှိတာပေါ့။ လူထုယုံကြည်မှု လျော့ရင်လည်း လျော့မယ်”ဟု သူက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လမ်းခွဲခြင်း မဟုတ်ဘဲ မူလက ရည်မှန်းချက်ဖြစ်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရရှိရန် ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း သူက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမျာ၏ ထိပ်သီးအစည်းအဝေးတွင် ချဉ်းကပ်မှုနည်းနာပေါင်းစုံဖြင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အခန်းကဏ္ဍ အသီးသီးမှ ဆက်လက် တိုက်ပွဲဝင်သွားကြမည် ဖြစ်ကြောင်း ထိပ်သီးအစည်းအဝေးအပြီး ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေး၊ စစ်ရေး အခြေအနေအမျိုးမျိုးကြောင့် အန်စီအေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ လက်မှတ်ရေးထိုးခြင်း မရှိသော်လည်း အတူတကွပါဝင်ရေးကို ထိပ်သီးခေါင်းဆောင်များ ဆက်လက် ကြိုးပမ်းသွားကြရန် နားလည်မှုတည်ဆောက်နိုင်ခဲ့ကြသည်ဟု ဖော်ပြထားသည်။

တတိယနေ့ အစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ဆိုင်ရာ ဆွေးနွေး၊ မေးမြန်း၊ အတည်ပြုခြင်း၊ အန်စီအေ လက်မှတ် ရေးထိုးမည့် အဆင်သင့်ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ (EAOs) င့် လက်မှတ် မထိုးသေးသည့် အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများ ရှာဖွေခြင်း များ ဆွေးနွေးခဲ့သည်။

ထို့ပြင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နှင့် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ အခန်းကဏ္ဍကို ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခြင်း၊ Joint Peace Fund နှင့် EAOs အကြား ချိတ်ဆက်လုပ်ဆောင်ရေးကိစ္စများ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်

စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်ထိ သုံးရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၉ ဖွဲ့မှ ကိုယ်စားလှယ် ၇၁ ဦးနှင့် မြန်မာအမျိုးသမီးများအဖွဲ့ချုပ် (WLB)နှင်ပ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှ လေ့လာသူ ၆ ဦး တက်ရောက်ခဲ့သည်။

Mizzima


No comments:

Post a Comment

My Blog List