Friday, October 02, 2015

တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း အန္တရာယ် ရေနံချောင်း ဒေသခံများ စိုးရိမ်နေ


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ ငါးလန္တာကျေးရွာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားသည့် နေရာ၌ ဓာတ်ငွေ့ပိုက် လိုင်းအပေါ် ဖုံးအုပ်ထားသည့် ကွန်ကရစ်အကာအရံများ ဧရာဝတီမြစ်ရေ တိုး၍ ထက်ဝက်ခန့် ကျိုးကျလာခြင်းကြောင့် အန္တရာယ် ဖြစ်မည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။
ထို ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီနှင့် မြန်မာ့ ရေနံလုပ်ငန်း(MOGE) တို့က ဦးဆောင် လုပ်ကိုင်သည့် ပိုက်လိုင်း ဖြစ်သည်။

ဧရာဝတီမြစ်ရေ တက်ချိန်ဖြစ်သည့် မိုးဦးကာလ ဇွန်လမှ အောက်တိုဘာလ ကုန်အထိ မြစ်ရေအတက်အကျ ကြမ်းသည့်အတွက် ထို လများသည် စိုးရိမ်ရသည့် အချိန်ကာလ ဖြစ်နေကြောင်း ငါးလန္တာကျေးရွာ ဒေသခံများက ပြောသည်။

ရေနံပိုက်လိုင်း ဖြတ်သန်းသွားသည့် နေရာတလျှောက် အပြင်ဘက်ပိုင်းရှိ ပိုက်လိုင်းအပေါ်တွင် အင်္ဂတေဖြင့် အကာအရံပြု ဖုံးအုပ် ထားပြီး ဘေးပတ် လည်၌လည်း သံကွင်းများထဲသို့ ကျောက်စရစ်ခဲများ ထည့်ထားသည့် ခြင်းများကို ချထားကာ ရေကာတာသဖွယ် ပြုလုပ်ထားသော်လည်း ဧရာဝတီ မြစ်ရေ တိုက်စားမှု များလာသောကြောင့် အကာအရံများ ပျက်စီးလာပြီး ဓာငွေ့ပိုက်လိုင်းကိုပါ ထိ ခိုက် လာမည်ကို စိုးရိမ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

“အခုချိန်က ရေအတက်အကျဖြစ်ပြီး မြစ်ကမ်းပါးတွေ အရမ်းပြိုတယ်။ ပိုက်လုံးအပေါ်မှာ အုပ်ထားတဲ့ အင်္ဂတေတွေလည်း ထက်ဝက် လောက် ကျိုးကျကုန်ပြီ။ ရေငြိမ်မိုးငြိမ်ရင် မကြောက်ဘူး။ အခုက အသံကြီးတွေ ပေးပြီးတော့ လာနေတာ။ ရေဦးကလည်း ပိုက်လိုင်း ရှိတဲ့ မြောက်ဘက်ကို ထိုးနေတော့ ပိုက်လိုင်းကျိုးရင် နီးစပ်ရာ ရွာတွေကို အန္တရာယ်ကြီးတော့ စိုးရိမ်နေကြတယ်။ သက်ဆိုင်တဲ့ တရုတ်ဘက်ရော အစိုးရဘက်ရော ပိုက်လိုင်း စောင့်ကြည့်ပေးလား မပေးလား မသိဘူး။ စောင့်တဲ့သူလည်း မတွေ့ရဘူး”ဟု ငါးလန္တာကျေးရွာအုပ်စုရှိ ၀က်မစွပ် ကျေးရွာမှ ဒေသခံ ဦးမြင့်ကျော်က ပြောသည်။

မြစ်ရေထိုးခြင်းကြောင့် ဓာတ်ငွေ့ပိုက်လိုင်း အန္တရာယ် သက်ရောက်နိုင်သည့် ယင်းကျေးရွာတွင် အိမ်ထောင်စုပေါင်း ၂၁၀ ရှိပြီး လူဦး ရေ စုစုပေါင်း ခန့်မှန်းခြေ ၁၀၀၀ နီးပါး ရှိသည်ဟု ဒေသခံများက ပြောပြသည်။

ရေနံချောင်းမြို့နယ်အခြေစိုက် ပိုက်လိုင်းစောင့်ကြည့်ရေးတွင်ပါဝင်သည့် အစိမ်းရောင်အနာဂတ်အဖွဲ့မှ မြို့နယ်တာဝန်ခံ ဦးကျော်ငြိမ်း က “ပိုက်လိုင်းအပေါ်က အင်္ဂတေ ထုထည်က တထွာမရှိပေမယ့် လုပ်ထားတာ ၂၀၁၁ ခုနှစ်က စခဲ့တာ။ အခုဆို တောင်ဘက်အခြမ်း က ဂလိုင်ပေါက်တွေ ဖြစ်နေတယ်။ နောက်ရေလမ်းကြောင်း ပိုက်လိုင်းကိုတိုးလာနိုင်တယ်။ ရေကာတာရဲ့နောက်နားမှာ မြေတွေ က ပျော့လိုက်လာတာ တွေ့ရတယ်။ ရွာနဲ့ကြားမှာရှိနေတဲ့ ရိုးတွေကလည်း နက်လာတာကိုတွေ့ရတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံကူမင်းသို့ ဖောက်လုပ်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ဧရာဝတီမြစ်၏ အနောက်ဘက်ပိုင်းရှိ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာရှိ မြစ်အောက်ကြမ်းပြင်မှ ငါးလန္တာကျွန်းပေါ်ကိုဖြတ်ပြီး ထိုကျွန်း အရှေ့ခြမ်းတွင်ရှိသည့် ၀တ်မစွပ်ကျေးရွာတွင် မြစ်အောက်ကြမ်းပြင်ကို ဖြတ်သန်းဖောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ စတင်၍ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဖောက်လုပ်ထားပြီး သဘာဝဓာတ်ငွေ့ရည်များ ပေးပို့နေခြင်း ဖြစ် သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List