Thursday, October 01, 2015

ရွေးကောက်ပွဲကော်မရှင် အခြေခံဥပဒေက ပေးထားတဲ့ တာဝန်ကျေပါ ရဲ့လား


၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၄ ရက်မှာ နောက်ဆုံးအကြိမ် အဖြစ် ထုတ်ပြန်ခဲ့ရာ မှားယွင်းမှုများစွာ ထပ်မံရှိနေသေးတာကြောင့် ကော်မရှင်ကို နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေ၊ ရွေးကောက်ပွဲလေ့လာစောင့် ကြည့်တဲ့အဖွဲ့အစည်းတွေက ဝေဖန်မှုများစွာ ရှိခဲ့ပါတယ်။  ပထမဦးဆုံး အခြေခံမဲစာရင်း ထုတ်ပြန်တုန်းကလည်း မဲစာရင်းအမှားများစွာ ရှိခဲ့ပါသေးတယ်။
“ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲစာရင်း၊ မဲပေးတဲ့နေ့၊ မဲရလာဒ် ထုတ်ပြန် ချက် ဒီအချက်အားလုံး အရေးကြီးပါတယ်။ အခု ရွေးကောက်ပွဲ မစခင်မှာဘဲ မဲစာရင်း မတည်ငြိမ်မှု ပြဿနာတွေက နိုင်ငံရေးပါတီတွေကိုရော၊ မဲဆန္ဒရှင် ပြည်သူတွေကိုပါ ရိုက်ခတ်နေပါတယ်” လို့ Daily Eleven သတင်းစာက ထောက်ပြရေးသားထားပါတယ်။

ရွေးကောက်ပွဲတခုရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ မဲဆန္ဒရှင်စာရင်းအမှားအယွင်း များရှိနေခြင်းဟာ တရားမျှတသော ရွေးကောက်ပွဲတခုဖြစ်လာရေးအတွက် အလွန်အရေးကြီးတာကြောင့် ယခုလို ထောက်ပြဝေဖန်နေခဲ့ကြတာ ဖြစ်ပါ တယ်။

ဒီမိုကရေစီစနစ်မှာ နိုင်ငံသားတစ်ဦးရဲ့ အဓိကကျတဲ့ အခွင့်အရေးတစ်ခုဟာ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရရှိရေးဖြစ်ပါတယ်။ မဲပေးခွင့်ဆုံးရှုံးခြင်းဟာ နိုင်ငံသားတယောက် အခွင့်အရေး ဆုံးရှုံးတယ်လို့တောင် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံသားတဦးဟာ မဲပေးခွင့်ရှိပါလျက် မဲပေးခွင့်ဆုံးရှုံးအောင် ပြုလုပ်သည့် မည်သူမဆို တာဝန်အပြည့်အ၀ ရှိနေပါတယ်။ ဒီတာဝန်ကို လည်း တာဝန်ခံ တာဝန်ယူရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် 7 Day daily သတင်းစာနဲ့ အင်တာဗျူးမှာ ကော်မရှင်ဥက္ကဌ ဦးတင်အေးက “ကျနော်တို့ရဲ့ တာဝန်တွေကတော့ ပြုစုတာ ကျနော်တို့ရဲ့တာ ၀န်။ အမှန်ပြင်တာ လူထု တာဝန်။ ပါဖို့က လူထုတာဝန်ပါ။ သို့သော်လည်း ကျနော်တို့ဆီမှာကတော့ အစိုးရကိုပဲ အပြစ် တင်လေ့ရှိတော့ အကုန်လုံးဟာ အစိုးရတာဝန်၊ အစိုးရ တာဝန်မဲ့တယ်လို့ ထင်တယ်။ ကမ္ဘာမှာလည်း ကြည့်ပါ။ ဒီမိုကရေစီ တိုင်းပြည်တွေမှာ တာဝန်လည်း သိတယ်။ အခွင့်အရေးလည်း သိတယ်။ သူတို့ဟာ မဲပေးခွင့်ဆိုတဲ့ အခွင့်အရေးရချင်ရင် မဲစာရင်း ကြည့်ရမယ်ဆိုတဲ့ တာဝန်ရှိတယ် ဆိုတဲ့ နားလည်မှုတော့လိုမယ်လို့ ကျနော်တော့ ထင်ပါတယ်” လို့ သူ့မှာ တာဝန်အပြည့်မရှိကြောင်း ဆိုလိုရာရောက်တဲ့ စကားတွေကို  ပြောကြားခဲ့ပါတယ်။

ဦးတင်အေးတို့ ကော်မရှင်ဟာ နိုင်ငံတကာအထောက်အပံ့ ဒေါ်လာသန်းချီနဲ့ နိုင်ငံဘတ်ဂျက်ကျပ် သန်းပေါင်းများစွာ အသုံးပြုခဲ့ပြီးမှ ကော်မရှင်ဟာ သာမန် မဲစာရင်းပြုစုဖို့ပဲ တာဝန်ရှိတယ်၊ မှန်တာ မှားတာ ငါတို့နဲ့မဆိုင်ဘူးလို့ ပြောလိုက်တာဟာ တာဝန်မဲ့နေပါတယ်။ အမှားအနည်းဆုံး ဖြစ်အောင်ပြုစုဖို့ ကော်မရှင်မှာ တာဝန်ရှိပါတယ်။ သာမန်ပြုစုလိုက်ရုံနဲ့ တာဝန်ကျေတယ်လို့ ပြောလို့မရပါဘူး။ အမှန်နိုင်ဆုံး အခြေအနေထိရှိတဲ့ မဲစာရင်းကို ပြုစုရမှာဖြစ် ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆိုရင်တော့ မဲစာရင်းအမှား များစွာရှိနေ ခဲ့ခြင်းဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိတယ်လို့ဆို ရမှာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၉ ရွေးကောက် တင်မြှောက်ခြင်း အခန်း ပုဒ်မ ၃၉၉ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ရဲ့ တာဝန်တွေကို ပြဌာန်းဖော်ပြထားပါတယ်။ အဲ့ဒီပုဒ်မ ၃၉၉(ဃ) မှာ မဲစာရင်းများပြုစုခြင်းနှင့်ပြင်ဆင်ခြင်း တာဝန်ပါရှိပါတယ်။ မဲစာရင်းတွေကို အလောတကြီးလုပ်ရလို့ အမှားများတယ်လို့ ဆိုရအောင်လည်း  ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၁၅ ရွေးကောက်ပွဲနီးမှ ခပ်မြန်မြန် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ နိုင်ငံတော်သမ္မတရုံးကနေ ၂၀၁၁ ခု မတ်လ ၃၀ ရက်နေ့က ကြေညာချက်အမှတ် ၅/၂၀၁၁ နဲ့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကို တာာဝန်ပေးဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

၂၀၁၁ ခုကတည်းက ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်ဟာ ကော်မရှင်ရဲ့တာဝန်တွေ ထဲကမှ အခြေခံအကျဆုံး တာဝန်တခုဖြစ်တဲ့ မဲစာရင်းပြုစုခြင်းလုပ်ငန်းစဉ်မှာ အမှားများနေတာဟာ မဖြစ်သင့်ပဲ အခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်ကို မကျေပွန်ဘူးလို့ပဲ သတ်မှတ်ရတော့မှာ ဖြစ်ပါတယ်။ တာဝန်ကို ကျေပွန်စွာ မဆောင်ရွက်နိုင်ရင် အခြေခံဥပဒေအရ စွပ်စွဲပြစ်တင်ဖို့ အခြေခံဥပဒေ ပုဒ်မ ၄၀၀(က) မှာ ပြဌာန်းထားပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၄၀၀(က) ၅ မှာ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ သို့မဟုတ် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်နိုင်သည်လို့ ဖော်ပြထားပါတယ်။ စွပ်စွဲပြစ် တင်လို့ စွပ်စွဲပြစ်တင်တာမှန်ကန်ပါက ရာထူးကနေရပ်စဲခံရမှာဖြစ် ပါတယ်။

ဒါပေမယ့် မဲစာရင်း မှားယွင်းနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ယခုအချိန်ထိ အုပ်ချုပ်ရေးမဏ္ဍိုင် အကြီးအကဲ သမ္မတထံကရော၊ ဥပဒေပြုရေး အကြီးအကဲ သူရဦးရွှေမန်းထံကရော ဘာမှတ်ချက် ဘာအသံမှ ထွက်ရှိမလာသေးပါဘူး။ ဘာကြောင့် အသံမထွက်သလဲဆိုတာကလည်း မေးခွန်းထုတ်ရပါမယ်။ မဏ္ဍိုင်အကြီးအကဲတွေက အသံသိပ်မထွက်တောင် ပြည်သူ့အသံ လွှတ်တော်အသံဆိုတဲ့ ဆောင်ပုဒ်ကို စွဲကိုင်ထားတဲ့ လွှတ်တော်ထဲက လွှတ်တော်ကိုယ်စားလှယ်တွေက မဲစာရင်းအမှားများတဲ့ကိစ္စမှာ အသံထွက်အောင် လုပ်ပေးဖို့ တာဝန်ရှိပါတယ်။ ပြည်သူ့ကိုယ်စားလှယ်ဆိုသူ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ထိုနည်း၎င်းပါပဲ။ မဆိုင်သလို ခပ်ကုပ်ကုပ် ခပ်ငြိမ်ငြိမ်ပဲ ဖြစ်နေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွက် အခြေခံအကျဆုံး မဲဆန္ဒရှင်စာရင်း ပြုစုရာမှာ အမှားအယွင်းများစွာ ရှိခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်တွေထဲကမှ မဲစာရင်းပြုစုခြင်း တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ခဲ့တာကြောင့် အခြေခံဥပဒေ အရပဲ စွပ်စွဲပြစ်တင်ခွင့်ရှိပြီး ရာထူးကနေ ရပ်စဲနိုင်ပါကြောင်း အသိပေးရ ပါတယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List