ဧရာဝတီတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်းတွင် မပါသေးသူများကို လက်ရေးဖြင့် ရေးထည့်ပေးရန်နှင့် အပိုပါဝင်သူများကို ဆော့ပင်ဖြင့်ခြစ်ပြီး ပယ်ခွင့်ကို တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ရပ်ကွက် ၊ ကျေးရွာကော်မရှင်များကို လုပ်ပိုင်ခွင့် ပေးလိုက်ကြောင်း သိရသည် ။
“ကော်မရှင်က ပေးထားတဲ့ ကွန်ပျူတာဆော့ဝဲနဲ့ အဆင်မပြေရင် အဆင်ပြေ တဲ့ ကွန်ပျူတာဆိုင်မှာ လုပ်လို့ရတယ် ။ နောက်ဆုံး မမီနိုင်တော့ရင် ဘောပင်သာ ဆောင်ထားပြီး မပါသေးတဲ့သူတွေအတွက် လက်နဲ့သာ ရေးဖြည့်ပေးလိုက်တော့။ ပြည်သူတွေ နိုင်ငံသား အခွင့်အရေးမဆုံးရှုံးဖို့ ၊ မဲစာရင်းပါဖို့ပဲ အရေးကြီးတယ် ။ သေတဲ့ လူနာမည်ပါနေရင်လည်း ဆော့ပင်အပြာနဲ့သာ ခြစ်ပစ်လိုက်” ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည် ။
ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များသည် မဲစာရင်း မှန်ကန်စေနိုင်ရန် မဲစာရင်းမပါသေးသဖြင့် လျှောက်ထားသူများကို စာရင်း ပြင်ဆင်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပို့ပေးထားသည့် ကွန်ပျူတာ ဆော့ဝဲထဲ ထည့်ရိုက်သော်လည်း စာရွက်ထုတ်သည့်အခါ ပါမလာခြင်း ၊ ပိုနေသည်များကို ဖျက်ထုတ်သော်လည်း စာရွက်ထုတ်သည့် အခါ ပြန်လည် ပါဝင်လာခြင်းများကြောင့် မဲစာရင်း မှန်ကန်ရေး အခက်အခဲ ဖြစ်နေခြင်းများအတွက် ကော်မရှင်ဥက္ကဋ္ဌက ယခုကဲ့သို့ မဲစာရင်းအချိန်မီ မှန်ကန်နိုင်ရန် အဆင်ပြေသည့် နည်းလမ်းဖြင့် လုပ်ဆောင်ရန်ခွင့် ပေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည် ။
လာမည့် ရွေးကောက်ပွဲသည် အရေးကြီးသည့်အတွက် အစကတည်းက ရပ်ကွက် ၊ ကျေးရွာအဆင့်အထိ ကော်မရှင်အဆင့်ဆင့်ကို သတိကြီးစွာဖြင့် ခန့်အပ်ခဲ့ပြီး သင်တန်းအဆင့်ဆင့်လည်း ပေးထားပြီး မိမိတို့၏ ဂုဏ်သိက္ခာ မကျရန်နှင့် ပြည်သူများ ပျော်ရွှင်နိုင်ရန် မဲစာရင်းအချိန်မီ မှန်ကန်နိုင်ရေး ဖြစ်သမျှနည်းဖြင့် လုပ်ပေးကြပါရန် ပုသိမ်မြို့ ၊ အမှတ် ၃ ရပ်ကွက် ကော်မရှင် အတွင်းရေးမှူး ဦးလွမ်းမိုးမြင့်က ပြောသည် ။
သတင်း - MMK
The Ladies News Journal
No comments:
Post a Comment