Wednesday, September 30, 2015

ပထမဆုံးမဲဆန္ဒရှင်များ၏ မျှော်လင့်ချက်


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ် လုပ်နေသည့် အသက်(၁၉) နှစ်အရွယ် အထည်ချုပ် အလုပ်သမလေး မိကြူးသည် ၎င်းဘ၀တွင် ပထမဆုံးအကြိမ် ဆန္ဒမဲပေးဖို့ စိတ်လှုပ်ရှားနေ ပါသည်။

‘‘ကိုယ်က အလုပ်ထဲမှာပဲ တစ်နေကုန်နေရတော့ မဲပေးတာနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး။ မဲ ထည့်ဖို့ စာရင်းကောက်တုန်းကတော့ စာရင်းပေးလိုက် တယ်။ မဲ ထည့်တဲ့အခါ မှားသွားမှာကို စိုးရိမ်နေတယ်’’ဟု မိကြူးကပြော သည်။

သူမသည် လွန်ခဲ့သည့် ၂ နှစ် မှစကာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ရန်ကုန်မြို့သို့ လာ ရောက်၍ အလုပ်လုပ်နေခြင်းဖြစ် သည်။ နေ့စဉ် နံနက် ၈ နာရီမှ ည နေ ၆ နာရီအထိ အထည်ချုပ် စက်ရုံအတွင်း တစ်နေကုန်အလုပ် လုပ် နေရသူပင်။

 မကြာမီရင်ဆိုင်ရမည့် အတွေ့အကြုံအသစ်ဖြစ်သော မဲ ပေးရာတွင် အမှားအယွင်းဖြစ်မည် ကို သူစိုးရိမ်နေသည်။ သို့သော် မဲပေးရခြင်းနှင့် ပတ်သက်၍ သူမ ဘာမျှကောင်းစွာ မသိရှိသေးပေ။

မိကြူးကဲ့သို့ပင် မျှော်လင့်ချက်ကိုယ်စီဖြင့် ပထမဆုံးအကြိမ်မဲပေးရမည့် အတွေ့အကြုံအ တွက် စိတ်လှုပ်ရှားနေသော မြန်မာလူငယ်များစွာရှိသည်။ ပထမဆုံးမဲ ပေးရမည့် အသက် (၁၈) နှစ်မှ (၂၇) နှစ်အရွယ်အထိ  လူငယ် ၁၀ ဦးအား 7 Day News ဂျာနယ် ၏  တွေ့ဆုံမေးမြန်းချက်အရအားလုံးမှာ ၎င်းနည်းတူ ရွေးကောက်ပွဲကို  ယုံကြည်သော မျှော်လင့်ချက် ဖြင့် ဖြတ်ကျော်ရန် အဆင်သင့်ရှိနေသည်ကို တွေ့ရသည်။

နိုဝင်ဘာ ၈ ရက်တွင် ပထမဆုံးမဲပေးရမည့် ပထမဆုံးမဲဆန္ဒရှင်များ၌ အသက် (၁၈) နှစ် ပြည့်ပြီး ပထမဆုံးမဲပေးခွင့်ရှိသူများပါ ၀င်သကဲ့သို့ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် အကြောင်းအမျိုးမျိုးဖြင့် မဲမပေးခဲ့သူများ ပါဝင်ခဲ့သည်။ 

 မကြာမီက ထုတ်ပြန်ခဲ့သည့် သန်းခေါင်စာရင်းအရ နိုင်ငံ့ လူဦးရေ ၅၁ သန်းကျော်ရှိပြီး တစ် နှစ်လျှင် မြန်မာနိုင်ငံ၏ လူဦးရေ တိုးပွားနှုန်းမှာ ၁ ရာခိုင်နှုန်းရှိ သည်ဟု ဆိုသည်။

ရွေးကောက်ပွဲတွင် မဲပေးမည့် ပြည်သူ ၃၂ သန်းကျော်ရှိ ကြောင်း ကော်မရှင်က ထုတ်ပြန်ထားကာ ပထမဆုံးမဲဆန္ဒရှင် ပေါင်းမှာ သန်းနှင့် ချီ၍ရှိသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေး ခွင့်ရသော်လည်း မဲမပေးခဲ့၍ နိုဝင် ဘာ ၈ ရက်တွင်မှ ပထမဆုံးမဲပေး ဖူးမည့်သူများမှာ ပုံမှန်ထက် ပိုများ ပါသည်။

မြန်မာနိုင်ငံတွင် သက်ဆိုး ရှည်နေသည့် စီးပွားရေးနိမ့်ကျနေ မှုကို တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် လူငယ်လေးဦးက မဲထည့်ရန် ဆုံးဖြတ်ထားပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကောင်းလာကာ ပညာရေးစနစ် မြှင့်တင်ဖော်ဆောင်ပေးရန် ရည် ရွယ်ချက်ဖြင့် လူငယ်သုံးဦးကအစိုးရသစ်ပေါ်လာအောင် မဲပေးမည့် ဆန္ဒရှိကြောင်း ဖြေကြား သည်။

လူငယ်နှစ်ဦးကမူ NLD ပါတီ အား ယုံကြည်ချက်ဖြင့် မဲပေးရန် ထုတ်ဖော်ပြောကြားခဲ့ပြီး အစိုးရ အပြောင်းအလဲကို လိုလားချက် ဖြင့် ထောက်ခံမှု ပြုလုပ်ခြင်းဟု ဆိုသည်။

နောက်ဆုံးတစ်ယောက်ကမူ ရွေးကောက်ပွဲကြောင့် တက်လာ မည့် နောက်အစိုးရအနေဖြင့် တ ရားဥပဒေစိုးမိုးရေးကို ယခုထက် ပို၍ အလေးထားလုပ်ဆောင်နိုင်မည်ဟု ယုံကြည်ချက်ဖြင့် မဲပေးမည်ဖြစ်ကြောင်း ပြောသည်။

‘‘ဘယ်လိုမဲပေးရမယ်ဆိုတာ လည်း မသိဘူး။ ဘယ်သူတွေကို ပေးရမယ်ဆိုတာလည်း မသိဘူး။ ပါတီတွေ ဘယ်လောက်ရှိမှန်း လည်း မသိဘူး။ အခုမှ မေးကြည့်ရမှာ။ ကိုယ့်ထည့်လိုက်တဲ့သူက ကိုယ်မျှော်လင့်သလို ဖြစ်လာစေ ချင်တယ်။ သမီးသိတာက ကိုယ်မဲ ပေးလိုက်တဲ့သူက ကိုယ်တွေဘ၀ ကို ကောင်းအောင် ပြန်ကြည့်ပေး တာမျိုးပဲ ဖြစ်စေချင်တယ်’’ဟု မိ ကြူးက ပြောသည်။

မိကြူးကဲ့သို့ပင်ရွှေပြည်သာမြို့နယ်အတွင်းရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသည့် အသက် (၂၃) နှစ်အရွယ် မကြည်ကြည်အတွက်လည်း ပထမဆုံးမဲပေးခွင့်ရမည့် ရွေးကောက်ပွဲအတွက် မျှော်လင့်ချက်ရှိနေသည်။

‘‘မဲပေးမှာတော့ သေချာတယ်။ ဘယ်လိုမဲပေးရမယ်ဆိုတာ တော့ မသိသေးဘူး။ ဘယ်သူတွေ ကို မဲပေးရမယ်ဆိုတာ မဆုံးဖြတ် ရသေးဘူး။ ဒီမိုကရေစီအဖွဲ့တွေ ရှိတာတော့ သိတယ်’’ဟု မကြည် ကြည်က ဖွင့်ဟသည်။

မဲထည့်ပြီးနောက် တိုင်းပြည် အတွက် ကောင်းကျိုးပြုမည့်လူ များပေါ်ထွက်လာကာ တိုင်းပြည် ၏ စီးပွားရေးနှင့် လူမှုရေးရာများ အဆင်ပြေစေလိုကြောင်း သူ့ဆန္ဒကိုပြောသည်။

‘‘ကိုယ့်ရွေးချယ်မှုကြောင့် ကိုယ့်တိုင်းပြည်အတွက် ကောင်း ကျိုးပြုတဲ့ လူတွေဖြစ်လာရင် ကောင်းမယ်လို့ မျှော်လင့်တယ်။ ကျွန်မတို့ဘ၀တွေ ပိုကောင်းလာ မယ်လို့ မျှော်လင့်ချက်ထားပေမယ့် ယုံကြည်မှုကတော့ စိတ်ထဲမှာ မမျှော်လင့်ရဲဘူး’’ဟု မကြည်ကြည်က မဲထည့်ရခြင်းနှင့် ပတ်သက်၍ မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် ပြောသည်။

ရွှေပြည်သာမြို့နယ် န၀ရတ်ဈေးအနီးရှိ မေတ္တာရိပ်အထည်ချုပ် အလုပ်ရုံကြီးကြပ်ရေးမှူး  မရတီ ကလည်း ရွေးကောက်ပွဲတွင် လူ ရွေးမမှားအောင် ဆုတောင်းနေ သည်ဟု ပြောသည်။

‘‘ဘယ်လိုမျိုး ပါတီက ကိုယ့် အတွက် ကောင်းအောင်လုပ်ပေး မယ်ဆိုတာ မသိဘူး။ ကိုယ်မဲထည့် တဲ့သူက အကောင်းဆုံးဖြစ်ပါစေ လို့ ဆုတောင်းပြီး မဲထည့်ရမှာပဲ။ ကိုယ်ရွေးတဲ့သူက ကောင်းကောင်း မွန်မွန်လူပဲ ဖြစ်စေချင်တယ်။ ကောင်းတဲ့လူပဲဖြစ်ပါစေလို့လည်း မျှော်လင့်တယ်။ ကောင်းပါစေလို့ လည်း ဆုတောင်းနေတယ်’’ဟု ပထမဆုံးအကြိမ်မဲပေးရမည့် အ သက် (၂၃)နှစ်အရွယ် မရတီက ပြောသည်။

မကြည်ကြည်နှင့်မရတီတို့ သည် ၂၀၁၀ ရွေးကောက်ပွဲတွင် အသက် (၁၈)နှစ်ပြည့်သည့်စာ ရင်း၌ မပါခဲ့သဖြင့် မဲမထည့် လိုက်ရပေ။ သူတို့နှစ်ဦးတွင် တူညီသော ဆန္ဒမှာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပြီးချိန်၌ တိုင်းပြည်အခြေအနေကို ယခုထက်ပိုမိုတိုးတက်လာစေလိုခြင်းဖြစ်သည်။

‘‘မျှော်လင့်တာကတော့ အ ရာရာ အဆင်ပြေစေချင်တယ်။ အခုထက်အများကြီး ပြောင်းလဲ လာဖို့ မျှော်လင့်တယ်။ အခုမြန်မာ နိုင်ငံက သူများနိုင်ငံထက် အစစ အရာရာ အကုန်လုံးအောက်ကျ နေတယ်။  စားသောက်ကုန်ဈေး တွေတက်ကုန်ပြီ။ အရမ်းကြီး မ ကျရင်တောင် လူတန်းစားအားလုံး စားနိုင်သောက်နိုင်တဲ့  ကုန်ဈေး နှုန်းမျိုးတော့ ဖြစ်စေချင်တယ်။ လမ်းတွေဆိုတာ သူများနိုင်ငံထက် မသာရင်တောင် သွားနိုင်လာနိုင် အောင်ကောင်းတဲ့လမ်းမျိုးဖြစ်စေ ချင်တယ်။ အဲဒီလိုမျိုး ဆောင်ရွက် နိုင်တဲ့ လူကောင်းတွေဖြစ်ပါစေလို့ ဆုတောင်းပြီး မဲထည့်ရမှာပဲ’’ဟု မရတီက ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်က မတူးလေးကလည်း လူငယ်လူထု၏ လုပ်အားကို အသုံးချနိုင်သည့်အခွင့်အလမ်းများပေးနိုင်သော ပါတီကို မဲပေးမည်ဟု ပြောသည်။

 ‘‘ကျွန်မတို့ လူငယ်တွေအား လုံး မပျင်းဘူး။ ကျွန်မတို့ရဲ့ လုပ်အားနဲ့ ဉာဏ်ပညာတွေကို ထိုက် ထိုက်တန်တန် အသုံးချပေးမယ့် အစိုးရလိုချင် တယ်။ အဲဒီလိုလုပ် ပေးနိုင်တဲ့ပါတီကို မဲထည့်မယ်’’ဟု အသက် (၂၅)နှစ်ရှိပြီဖြစ်သော် လည်း ပထမအကြိမ် မဲပေးရမည့် မတူးလေးက ပြောသည်။

ရန်ကုန်မြို့ မြောက်ဥက္ကလာ ပမြို့နယ်မှ ပထမနှစ်ကျောင်းသား ကိုရန်နိုင်စိုး တစ်ယောက်ကလည်း ရွေးကောက်ပွဲပြီးလျှင် လူငယ်များ အတွက် အလုပ်အကိုင် အခွင့်အ လမ်းများဖော်ဆောင်ပေးနိုင်မည့် အစိုးရကို မျှော်လင့်သည်။

‘‘ကောင်းတဲ့လူမှန်သမျှကို ကြိုဆိုတယ်။ တိုင်းပြည်အတွက် ကောင်းတာတွေ လုပ်ပေးစေချင် တယ်။ ပညာရေးမှာဆို တက္ကသိုလ်ပညာရေးကို အဆင့်မြှင့် စေ ချင်တယ်။ ပညာရေးစနစ်ကိုပြန် ပြောင်းစေချင်တယ်။ အခုကဘွဲ့ ရပညာတတ်ဖြစ်လည်း အီးရော အီးရောနဲ့ဖြစ်နေတယ်။ ဘွဲ့ရဖြစ် သွားရင် အရာရောက်တဲ့သူဖြစ်စေ ချင်တယ်။ ပညာတတ်တစ် ယောက်နဲ့ ထိုက်တန်တဲ့ အခြေခံလစာ ကောင်းကောင်းရစေချင်တယ်’’ဟု ဒဂုံတက္ကသိုလ်တွင် ပညာသင်ကြားနေသော အသက် (၁၉)နှစ်အရွယ် ကိုရန်နိုင်စိုးက ပြောသည်။

 ပြီးခဲ့သည့် ၂၀၁၀ ရွေး ကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတို့ တွင် အသက်မီခဲ့ သော်လည်း မဲမပေးခဲ့ဘဲ ၂၀၁၅ ရွေးကောက်ပွဲတွင်မှ မဲပေးရန် ဆုံးဖြတ်ထားသော တောင်ဥက္ကလာပ မြို့နယ်နေ အသက် (၂၅)နှစ်အ ရွယ် မတင်ဇာကမူ မဲပေးရမည့် ပါတီကိုပင် ရွေးချယ်ပြီးနေပြီဖြစ် သည်။

‘‘ဒီနှစ်က လူကြီးတွေကလည်း မဲစာရင်းလိုက်စစ်ပေးတယ် လေ။ မဲပေးရမယ့် ပါတီကိုလည်း ရွေးပြီးပြီ။ မဲပေးဖို့အဆင်သင့်ဖြစ် နေပြီ’’ဟု ၎င်းက ပြောသည်။

မတင်ဇာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စား လှယ်ကို မဲထည့်မည်ဟု ထုတ်ဖော် ပြောကြားသည်။ သို့သော်လည်း ယင်းပါတီမှ ၀င်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းကိုမူ မသိကြောင်း ပွင့်ပွင့်လင်းလင်းဝန် ခံသည်။

‘‘အမေက ပြောတယ်။ ဗိုလ်ချုပ်ကျေးဇူးရှိသေးတယ်တဲ့လေ။ ဒါကြောင့် NLD ပဲပေါ့။ ကိုယ်မဲ ထည့်မယ့် ပါတီအနိုင်ရမယ်ထင်ထားတော့ မဲထည့်ရမှာထွေ ထွေ ထူးထူး ရင်ခုန်တာတော့မရှိဘူး’’ ဟု မတင်ဇာက ဆက်လက်ပြော သည်။

မကြာမီကမှ အသက် (၁၈) နှစ်ပြည့်ခဲ့သည့် ဒဂုံတက္ကသိုလ် ဒုတိယနှစ် ကျောင်းသား ကိုဟိန်းထက်ကလည်း မှတ်မှတ်ရရ ရွေးကောက်ပွဲတွင် မဲပေးရမည့် အပေါ် စိတ်အားထက်ကြွနေသည်ဟု ဆို ပါသည်။

‘‘အချင်းချင်းလည်း အသက် မီတဲ့သူတွေမဲထည့်ကြဖို့ တိုက် တွန်းတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေမဲထည့်ဖို့ကို စီစဉ်ထားပြီး ပြီ။ 

အဓိကကတော့ ပညာရေး စနစ်ကောင်းအောင်လုပ်နိုင်မယ့် အစိုးရပေါ် ပေါက်လာရေးအတွက် မျှော်လင့်တာပါ’’ဟု ၎င်းက တက်တက်ကြွကြွပြော သည်။

မိသားစုစီးပွားရေးလုပ်ငန်း ကို ဦးစီးလုပ်ကိုင်နေသည့် သာကေတမြို့နယ် (၇)အရှေ့ရပ်ကွက်မှ ကိုမင်းစိုးနိုင်သည် ၂၀၁၀ ရွေး ကောက်ပွဲတွင် ယှဉ်ပြိုင် သည့် ပါတီများအား သဘောမတွေ့၍ အ သက်မီသော်လည်း မဲမပေးခဲ့ဘဲ ယခုကျင်းပမည့် ရွေးကောက်ပွဲမှ သာ မဲပေးရန် ပြင်ဆင်နေသူတစ် ဦးဖြစ်သည်။

အသက် (၂၇)နှစ်အရွယ် ကိုမင်းစိုးနိုင်အနေဖြင့် ယခုရွေး ကောက်ပွဲတွင် ၎င်းစိတ်ကြိုက် မျှော်လင့်ထားသည့် အစိုးရတင် မြှောက်နိုင်ရန် မျှော်လင့် ချက်ဖြင့် မဲပေးမည်ဟုဆိုသည်။

‘‘NLD ကြောင့်မဲပေးမှာ။ အဓိကက မဲပေးတာနိုင်ငံသားရဲ့ တာဝန်။ ကိုယ်လို ချင်တဲ့သူကို တင်မြှောက်ဖို့ မကြိုက်တဲ့သူကို ဖြုတ်ချဖို့၊ အာဏာရှင်စနစ် အထက်ဖားအောက်ဖိ စနစ်ကို မကြိုက်လို့’’ဟု မဲပေးရခြင်း ရည်ရွယ်ချက်အား ပွင့်ပွင့်လင်းလင်း ပြောသည်။

စင်ကာပူနိုင်ငံသို့ သွား ရောက်အလုပ်လုပ်ကိုင်နေသော ကိုနိုင်ဝင်းကမူ ပြည်ပရောက်နေသော်လည်း အဝေးရောက်ကြိုတင် မဲထည့်ခြင်းဖြင့် နိုင်ငံသားတာဝန် ဖြည့်ဆည်းပေးမည်ဟု အင်တာနက်မှ တစ်ဆင့် ဆက်သွယ်ပြောကြားသည်။

အသက်(၂၁)နှစ်အရွယ် အဝေးသင်တက္ကသိုလ်ဒုတိယနှစ် တက်နေသာ ကိုနိုင်ဝင်းသည် ရွေး ကောက်ပွဲတွင် မဲမပေးဖူးပါ။ 

‘‘ပြောင်းလဲချင်တာကတော့ အများကြီးပေါ့ဗျာ။ ကျောင်းမပြီး သေးတဲ့ ကျောင်းသားတစ်ယောက် အနေနဲ့ကတော့ ပညာရေးစနစ်ကို တကယ် အသုံးချလို့ရနိုင်မယ့် ပညာရေးစနစ်မျိုး ပြောင်းလဲဖော်ဆောင်ပေးဖို့တော့ မျှော်လင့်တယ်။ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုရစေချင်တယ်’’ဟု ကိုနိုင်ဝင်းက ဆိုသည်။

UMFCCI (ကုန်သည်/စက် မှုအသင်းချုပ်)၏ ပြည်သူ့ဆက်ဆံရေးအရာရှိ တာဝန်ထမ်းဆောင်နေသော ကိုထက်ဦးလင်း၏ အစိုးရသစ်အပေါ် မျှော်လင့်ချက်မှာ မြို့နေပညာတတ်လူငယ်များ၏ ရွေး ကောက်ပွဲအပေါ် မျှော်လင့်ချက် ကို အောက်ပါအတိုင်း ဖွင့်ဟ သည်။

ခံစားချက်ကို ထင်ဟပ်နေ သည်။  ‘‘အရင်တစ်ခေါက်ထက်တော့ မျှော်လင့်ချက်ပိုများတယ်။ အပြောင်းအလဲကလည်း အခုချိန်မှာ ပိုသရုပ်ပေါ်လာပြီဆိုတော့ အခုတက်မယ့် အစိုးရဟာ အနည်းဆုံးတော့ အရင်ကထက်ပိုပြီး Checkand Balance ကို ရင်ဆိုင်ရမှာပဲလို့ မြင်တယ်။ ဒီတော့ဘယ်သူပဲတက်လာ တက်လာအနည်းဆုံးတော့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနဲ့ တရားဥပဒေစိုးမိုးမှုကို မဖြစ်နေအရင်အစိုးရထက်ပိုပြီး ဖော်ဆောင်ရ မယ်လို့မြင်တယ်။ မျှော် လည်း မျှော်လင့်ထားပါတယ်’’ဟု အသက် (၂၁) နှစ်အရွယ် ကိုထက် ဦးလင်းက ပြောသည်။

သို့သော်ပထမဆုံးမဲဆန္ဒရှင်များ၏ မျှော်လင့်ချက်ပြည့်ဝ၊ မပြည့်ဝကို ရွေးကောက်ပွဲအလွန် တက်လာမည့် အစိုးရ၏ စွမ်းဆောင်ရည်ကြည့်ကာ သုံးသပ်ရမည်ဖြစ်ပါသည်။

7Day News Journal

No comments:

Post a Comment

My Blog List