ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရဲ့ ထိပ်သီးအစည်းအဝေးဟာ ၇ ဖွဲ့ပဲ လက်မှတ် ထိုးမှာ ဖြစ်တဲ့အတွက် All inclusive ဆိုတဲ့ အားလုံးပါဝင်တဲ့ ceasefire လည်းဖြစ်လာမှာ မဟုတ်တော့ပါ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဒီထိပ်သီးအစည်းအဝေးပွဲမှာ လက်မှတ်ထိုးဖို့ ညီညွတ်မှုမရနိုင်ပဲ နေပြည်တော်ကို ချီတက်မယ့်သူနဲ့ မယုံတဲ့အဖွဲ့တွေ ထပ်ကွဲသွား ခဲ့တာကို တွေ့ရပါတယ်။ အများစုက လက်မှတ်ထိုးမှာ မဟုတ်ပဲ အနည်းစု ကပဲ လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးက အလှမ်းဝေးသွားပြီ ဖြစ်ပါတယ်။
ဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မွန်ခေါင်းဆောင်ဖြစ်တဲ့ နိုင်ထောမွန် ကတော့ ၂၀၀၈ အခြေခံဥပဒေ မပြင်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲသွားဖို့ ဖြစ်ပါ့မလား။ လက်ရှိအစိုးရဟာလည်း အရပ်သားတပိုင်း စစ်အစိုးရပဲ ဖြစ်နေသေးတဲ့အကြောင်း ဝေဖန် ထောက်ပြသွားခဲ့ပါပြီ။ တိုင်းရင်းသား နိုင်ငံရေးမှာ အစဉ်အလာရှိတဲ့ ကချင်၊ မွန်၊ ရှမ်း နဲ့ ကရင်နီအဖွဲ့ကြီးတွေက လက်မှတ် ထိုးမယ့်အထဲမှာ ပါဝင်မှာ မဟုတ်ပါဘူး။ အစဉ်အလာရှိခဲ့တဲ့ KNU ကလက်မှတ်ထိုးရေးလမ်းကို လိုက်သွားခဲ့တာ တွေ့ ရပါတယ်။
ဒီထိပ်သီးအစည်းအဝေး ကျင်းပချိန်မှာ ကချင်ပြည်နယ်မှာ တပ်မတော် တွေက သူ့ရဲ့တိုက်လေယာဉ်တွေကို လွှတ်ပြီး အင်အားပြခဲ့သလို မြေပြင်မှာလည်း ၂ ဘက်စစ်ပွဲတွေ ဆက်ဖြစ်နေတာကို တွေ့ရပါတယ်။ ရှမ်းပြည်မှာလည်း တိုက်ပွဲတွေ တဂျိမ်းဂျိမ်း နေ့စဉ်ဖြစ်နေဆဲ ဖြစ်ပါတယ်။ စစ်ပွဲဖြစ်တယ်ဆိုတာ War လို့ခေါ်လို့ရပါတယ်။ Skirmish မဟုတ်ပါဘူး။ ၂ ဘက် တပ်တွေ မတော်မဆ အထင်မှားပြီး ပစ်ခတ်တာမျိုး မဟုတ်ပါ။ မဟာဗျူဟာနဲ့ စစ်ဆင်တာမျိုး ဖြစ်ပါတယ်။
အဲဒီအချိန်မှာပဲ မြန်မာ့အလင်းသတင်းစာကလည်း KIA/KIO ကို ကချင်လူထု သဘောထားကြောင့် ချေမှုန်းရမယ်ဆိုပြီး ဝါဒဖြန့် ရေးသားထားတဲ့ဆောင်းပါး ပါလာတာတွေ့ရပါတယ်။ တကယ်တော့ ကချင်ပြည်သူလူထုအများစုက KIO/KIA ကို လက်မှတ် မထိုးစေချင်တဲ့ဆန္ဒသဘောထားကို ပြခဲ့ပြီး ဖြစ်ပါတယ်။
ချင်းမိုင် အစည်းအဝေးကျင်းပနေချိန်မှာ Financial Times သတင်းစာကြီးရဲ့ အာဘော်မှာ “International community must support peace in Myanmar” ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့ပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နိုင်ငံတကာက ကူညီရ မယ်ဆိုပြီး ဆောင်းပါးတပုဒ် ပါရှိခဲ့ပါတယ်။ ဆောင်းပါးရှင် Richard Horsey ဖြစ်ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးဟာ Homegrown လို့ခေါ်တဲ့ ဖြစ်စဉ်ဖြစ်ပြီး နိုင်ငံတကာကြားဝင်စေ့စပ်သူတွေ မရှိတဲ့ အတွက် ဒါဟာ အားတခုဖြစ်တဲ့အကြောင်း ရေးသားထားပါတယ်။ ဒါပေမယ့် ကချင်အပါအဝင် အရေးကြီးတဲ့ လက်နက်ကိုင်အုပ်စုတွေ ပါဝင်ပြီး လက်မှတ်ထိုးဖို့ UN ခေါ် ကမ္ဘာ့ကုလသမဂ္ဂ ပါဝင်ပြီး ကူညီသင့်ကြောင်း ရေးသားထားပါတယ်။
ဒီဆောင်းပါးရှင်ဟာ မြန်မာစကားပြောတတ် မြန်မာအကြောင်းကို လေ့လာသုံးသပ်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူအခုရေးတဲ့ ဆောင်းပါးကို ကြည့်ရင် မြန်မာအကြောင်းကို နားလည်တာ အတော်ကို တိမ်တာ တွေ့ရပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင်မှာ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ဖို့ စီစဉ်နေပြီ ဖြစ်တဲ့အကြောင်းနဲ့ လက်မှတ် ထိုးမယ့် စာချုပ်အရ အားလုံး ပြည့်စုံကုံလုံတဲ့ စာရွက်စာတမ်း မဟုတ်သော်လည်းပဲ လက်နက်ကိုင် အဖွဲ့တွေ တောင်း ဆိုနေတဲ့ ဖက်ဒရယ်မူဝါဒနဲ့ သူတို့ဒေသတွင်းက သံယံဇာတတွေကို ခွဲဝေသုံးစွဲဖို့ သဘောတူ ထားတာတွေ ပါဝင်ကြောင်း ရေးသားတိုက်တွန်း ထားပါတယ်။
ဆောင်းပါးရှင် ထောက်ပြတဲ့ ပြဿနာတခုကတော့ အစိုးရဟာ တရုတ်နယ် စပ်က ကိုးကန့်အဖွဲ့နဲ့ လက်မှတ်ထိုးဖို့ သဘောထားမရှိတဲ့အကြောင်း ရေးသားထားပါတယ်။ ဒါအပြင် ရွေးကောက်ပွဲပြီးသွားလို့ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေး အသစ် (အစိုးရ အဖွဲ့အသစ်) လာမယ်ဆိုရင် ဒီငြိမ်းချမ်းရေး ဖြစ်စဉ်က အစက ပြန်စရမှာ ဖြစ်တဲ့အကြောင်း ထောက်ပြ ထားပါတယ်။
ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အပစ်အခတ်ရပ်စဲရေးတွေ စတင်လုပ်ကတည်းက နိုင်ငံတကာက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အမေရိကန်၊ ဥရောပသမဂ္ဂ၊ နော်ဝေ၊ ဆွစ်ဇာလန် နဲ့ တရုတ်၊ ဂျပန်တို့ အပြင် UN ခေါ် ကမ္ဘာ့ ကုလသမဂ္ဂလည်း ပါဝင်ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီအလှူရှင် နိုင်ငံတွေထဲမှာ နိုင်ငံတချို့က အစိုးရဘက်ကို ယိမ်းပြီး တိုင်းရင်းသားအဖွဲ့တွေကို လက်မှတ်ထိုးဖို့ ကို သိမ်းသွင်း သွေးဆောင်နေတယ်လို့ တိုင်းရင်းသားခေါင်း ဆောင်တချို့က မယုံသင်္ကာ ဖြစ်နေတာပဲ ဖြစ်ပါတယ်။
UN ရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ Vijay Nambia ကိုယ်တိုင်က လော်ခီးလာ အစည်းဝေးပွဲမှာ လက်နက်ကိုင် အဖွဲ့တွေ လက်မှတ်ထိုးရင် အကူအညီ တွေပေးမယ်ဆိုတဲ့ စကားရပ်ကြောင့် UN နဲ့ တိုင်းရင်းသား ကိုယ်စားလှယ် တွေအကြား ကတောက် ကဆတွေ ဖြစ်ခဲ့ရပါသေးတယ်။
နောက်ဆောင်းပါးရှင် မမြင်တဲ့ တချက်ကတော့ အစိုးရဟာ တကယ်ပဲ NCA လို့ခေါ်တဲ့ အပစ်အခတ် ရပ်စဲရေး ဆိုတာကို တကယ်လိုချင်နေတာ ဟုတ်ရဲ့ လား ဆိုတာကို ဝေဖန်ပိုင်းခြားတဲ့ အမြင်နဲ့ မသုံးသပ်တာပဲ ဖြစ်ပါတယ်။
တိုင်းရင်းသားတွေက အစိုးရအနေနဲ့ NCA ခေါ် တနိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး လိုချင်ပုံ မရဘူး ဆိုတာကို တွက်ဆ ပြီးသား ဖြစ်သလို လကိနက်ကိုင် အဖွဲ့တွေကို အုပ်စုခွဲပြီးတော့ ceasefire လက်မှတ်ထိုးချင်တာကိုလည်း တွက်ဆပြီးသား ဖြစ်ပုံရပါတယ်။
တကယ်တော့ အစိုးရဟာ အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ကတိတွေ အကြီးအကျယ်ပေးရမယ့် political dialogue ကို အခုအချိန်မှာ လိုချင်ပုံ မရဘူးလို့ တိုင်းရင်းသားအဖွဲ့ တချို့က ထင်မြင်ယူဆကြ ပါတယ်။
အစိုးရက ဖက်ဒရယ်ကို လက်ခံတယ်လို့ ဆောင်းပါးရှင်က ရေးသော်လည်းပဲ တကယ့် ဖက်ဒရယ်ပြည်ထောင် စုမူကို အစိုးရက လက်ခံဖို့ဆိုတာ political dialogue လုပ်တဲ့အခါကျရင် ပြဿနာတွေ အများကြီး တတ်နိုင် တယ်လို့ တိုင်းရင်း သား ခေါင်းဆောင်တွေက တွက်ဆနေကြပါတယ်။ ဖက်ဒရယ်ဆိုတာကို အစိုးရဘက်က နားလည်တာက သူ့ရဲ့ Own Version နဲ့ နားလည်တဲ့ ပုံစံမျိုးလို့ တိုင်းရင်းသားတွေဘက်က တွေးထားကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ လိုချင်တဲ့ တောင်း ဆိုနေတဲ့ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုတော့ မဟုတ်ပါဘူး။
ဒါ့အပြင် ရွေးကောက်ပွဲ မတိုင်ခင် အပစ်အခတ်ရပ်စဲရေး ထိုးသင့်တယ်ဆိုတာ လည်း အစိုးရရဲ့ ဝါဒဖြန့်ချိရေးကို ဆောင်းပါး ရှင်က ထပ်ပြီးဝါဒဖြန့်ရေးသား ထားတာပဲ ဖြစ်ပါတယ်။ အစိုးရသစ်က ဒီအစိုးရကိုပဲ သက်တမ်း ထပ်တိုး တာမျိုးဆိုရင် ဘယ်လို လုပ်မှာလဲ။ ဒါပေမယ့် အစိုးရသစ်ဟာ အတိုက်အခံ တွေ ဒေါ်အောင်ဆန်း စုကြည်တို့ ဦးဆောင်တဲ့ အစိုးရ အသစ်မျိုး ဖြစ်တယ်ဆို တာကို ဆောင်းပါးရှင်က ရည်ရွယ်ပုံ ရပါတယ်။
အခုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ တံခါးပိတ် အစည်းအဝေး တွေမှာ NLD ပါတီသာ အစိုးရဖွဲ့ခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အစက ပြန်စ စရာမလိုပဲ အရှေ့ကို ဆက်သွား မယ်လို့ ကတိပေးပြီးသား ဖြစ်ပါတယ်။
တကယ်တော့ အစိုးရနဲ့ Myanmar Peace Center က ဝါဒဖြန့်နေတာကို ဆောင်းပါးရှင်က သံယောင်လိုက်ပြီး ရေးနေတာ ဖြစ်ပါတယ်။ တကယ်တော့ တိုင်းရင်းသားအဖွဲ့တော်တော်များများက MPC ငြိမ်းချမ်းရေးပွဲစား လုပ်နေတဲ့ အပေါ်မှာ ယုံကြည်မှု တဖြည်းဖြည်း ကင်းမဲ့လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော် ခေါင်းဆောင် တွေကလည်း MPC အပေါ်မှာ ယုံကြည်ကိုးစားမှု မရှိဘူးဆိုတာကို တိုင်းရင်းသားတွေ ဘက်က နားလည် သဘော ပေါက်သွားကြပြီ ဖြစ်ပါတယ်။
အချုပ်ပြောရရင်တော့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ကြာမယ်၊ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက် နစ်နာ ချက်တွေကို ရင်ဘတ်နဲ့ နားလည်တဲ့ တိုင်းပြည်ခေါင်းဆောင်တွေ ပေါ်လာမှ ငြိမ်းချမ်းရေးလမ်းစ နီးလာမယ် ဆိုတာပဲ ဖြစ်ပါတယ်။
ဧရာဝတီ
No comments:
Post a Comment