Wednesday, September 30, 2015

ရန်ကုန်တွင် ပြုလုပ်မည့် မျိုးစောင့်ဥပဒေ အောင်နိုင်ရေး အထိမ်းအမှတ် အခမ်းအနား သီတဂူဆရာတော် တက်ရောက်မိန့်ခွန်း ပြောမည်


ရန်ကုန်မြို့တွင် ကျင်းပမည့် မျိုးစောင့်ဥပဒေ အောင်နိုင်ရေး အထိမ်းအမှတ် အခမ်းအနားကို သီတဂူဆရာတော် အရှင်ဉာဏိဿရ တက်ရောက်မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်ဆရာတော် မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ပြောကြားသည်။
အဆိုပါ အခမ်းအနားကို ငွေကျပ် သိန်း ၁၅၀၀ ကျော် အကုန်ကျခံကာ ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းတွင် အောက်တိုဘာလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

သီတဂူဆရာတော်သည် ၁၉၉၁ ခုနှစ်မှ စတင်၍ သဒ္ဓမ္မ သီတဂူချောင်တွင် ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်၍ ပိဋကတ်ကျမ်းစာ၊ ဗုဒ္ဓသာသနာသမိုင်း၊ သာသနာပြုနည်းနှင့် ကမ္မဋ္ဌာန်း တရားများကို ရဟန်းတော်၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ပို့ချခဲ့သူဖြစ်သည်။

ထို့အပြင် ၁၉၉၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အော်စတင် မြို့၌ သီတဂူ ဗုဒ္ဓဝိဟာရကျောင်းကို တည်ထောင်ခဲ့သည်။

ရန်ကုန်မြို့တွင် ကျင်းပမည့် မျိုးစောင့်ဥပဒေ အောင်နိုင်ရေး အထိမ်းအမှတ် အခမ်းအနားကို နိုင်ငံတကာ သံတမန်များ၊ နိုင်ငံရေးပါတီများ၊ ပရဟိတ အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းနှင့် ပြည်နယ် အသီသီးမှ မ.ဘ.သ ဆရာတော် များ၊ ပြည်သူများအားလုံး တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ဦးပါမောက္ခက ဆိုသည်။ 

“ဒီအခမ်းအနားကို ငွေကျပ်သိန်းပေါင်း ၁၅၀၀ ကျော် အကုန်အကျ ခံထား ပါတယ်။ ဒါတွေ မကသေးဘူး။ စတုဒိသာကျွေးမယ့် ကုမ္ပဏီတွေလည်း ရှိတယ်။ နာမည်တော့ ထည့်မပြောချင်ပါဘူး။ အလှူငွေတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအခမ်းအနား ပြုလုပ်ရခြင်းသည် မကြာသေးခင်က လွှတ်တော်တွင် ပြဋ္ဌာန်းလိုက်သော မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ် ကိစ္စများ ရှိနေသည့်အတွက် ယင်းဥပဒေသည် ညီညွှတ်မျှတပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်သော ဥပဒေတစ်ခု ဖြစ်ကြောင်းကို ကမ္ဘာက သိရှိစေရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မျိုးစောင့်ဥပဒေကို အထင်အမြင် မလွဲမှားစေရန်နှင့် ထိန်းသိမ်းစောင့် ရှောက်ရန် လိုအပ်ကြောင်းကို ထိုအခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတကာ သံတမန်များကို ရှင်းပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မျိုးစောင့်ဥပဒေ ဂုဏ်ပြုကြိုဆိုပွဲများကို စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင် ၂၇ ရက်နေ့အထိ ရန်ကုန်၊ မွန်၊ ကရင်၊ ပဲခူး၊ စစ်ကိုင်း၊ ရခိုင်၊ ဧရာဝတီ၊ မကွေး၊ ရှမ်း(တောင်)၊ ကယား၊ နေပြည်တော်၊ ရှမ်း(မြောက်)၊ ကချင်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် ဆက်တိုက် ပြုလုပ်ခဲ့ပြီး ရန်ကုန်တွင် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း အကြောင်း အမျိုးမျိုးကြောင့် အောက်တိုဘာလ ၄ ရက်နေ့သို့ ပြောင်းလဲကာ ပြုလုပ်ခဲ့ရကြောင်း ၎င်းကဆိုသည်။

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅၄၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဥပဒေကို ဥပဒေအမှတ် ၅၀၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် ၄၈၊ လူဦးရေ တိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ဥပဒေအမှတ် ၂၈ အဖြစ် ပြဋ္ဌာန်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List