Wednesday, September 30, 2015

ဖယ်ဒရယ် ဒီမိုကရေစီမဟာမိတ်ပါတီများ ၂၀၂၀ တွင် အင်အားစုကြီးဖြစ်ရန် ရည်မှန်း


ဖယ်ဒရယ်ဒီမိုကရေစီမဟာမိတ် အဖွဲ့ဝင်ပါတီတွေ အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိပဲ ၂၀၂၀ ရွေးကောက်ပွဲမှသာ အင်အားစုကြီးတခုဖြစ်ဖို့ ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ အဖွဲ့ဝင်ပါတီတွေကပြောပါတယ်။

ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးတင်အုန်းက ” ဘဘတို့ စုပေါင်းထားတဲ့ပါတီတိုင်းသည် ပါတီငယ်လေးတွေနဲ့ပဲဖွဲ့စည်းထားတာဖြစ်လို့ ညီညီညွတ်ညွတ်နဲ့ ကြီးထွားလာအောင် လုပ်နေတယ်။ ၂၀၁၅ ခုမှာ မမီရင် ၂၀၂၀ ခုနှစ်မှာ ကျစ်လစ်ခိုင်မာတဲ့အဖွဲ့အစည်းဖြစ်အောင် အခုရှိနေတဲ့ပါတီ၁၄ ခုက ကြိုးစားနေပါတယ်”

မဟာမိတ်ပါတီတွေအနေနဲ့ လာမယ့်နိုဝင်ဘာ ရွေးကောက်ပွဲမှာတော့ နေရာမထပ်အောင်ခွဲပြီး ၀င်ပြိုင်နိုင်ခြင်းမရှိဘဲ မဲဆန္ဒနယ်အချို့မှာ ပါတီကြီးတွေနဲ့သာမက အဖွဲ့ဝင်ပါတီအချင်းချင်းနဲ့ပါ ယှဉ်ပြိုင်နေရတဲ့ အခြေအနေမျိုးမှာ ရှိနေတာပါ။

ပါတီငယ်တွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ကို လွန်ခဲ့တဲ့ ၃ လကမှ ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အချိန်မရတာကြောင့် ၂၀၁၅ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အတွက် အသေးစိတ်ညှိနှိုင်းနိုင်ခဲ့ခြင်း မရှိဘူးလို့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးမျိုးညွှန့်က ပြောပါတယ်။

“အန်ကယ်တို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ကို အကြောင်းကြောင်းတွေကြောင့် ရွေးကောက်ပွဲမတိုင်ခင် သုံးလလောက်ကမှ အသေအချာပြန်ပြီးတော့ ဖွဲ့စည်းရတဲ့ အနေအထား မှာရှိတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲအတွက်တော့ အသေးစိတ် မညှိနှိုင်းနိုင်ခဲ့ဘူး။ ယေဘုယျအားဖြင့် ညှိနှိုင်းတာပဲရှိပါတယ်။”

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကတော့ မူလက ၂၀၁၅ ရွေးကောက်ပွဲမှာ အဖွဲ့ဝင်ပါတီတွေ အချင်းချင်း ပူးပေါင်းယှဉ်ပြိုင်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဘဏ္ဍာရေးအခြေအနေ အခက်အခဲကြောင့် ပူးပေါင်းနိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။

“FDA အားလုံးက စုပေါင်းပြီးတော့ ရွေးကောက်ပွဲဝင်မယ်။ ဝင်ပြီးတဲ့အခါကျတော့ စုပေါင်းပြီးတော့ လုပ်မယ်။ အဲ့နည်းနဲ့ လုပ်ရင် အားလည်းကောင်းမှာပေါ့။ FDA ဆိုတဲ့ အားနဲ့လည်း ဝင်ရမယ်။ အဲ့လိုဆိုရင် ရည်ရွယ်ချက်ကတော့ အနည်းဆုံးရန်ကုန်မြို့မှာဖြစ်ရင် တိုင်းဒေသကြီးအတွက်ကို အားအများဆုံး လုပ်ချင်တဲ့ဆန္ဒနဲ့ ပြင်ဆင်တယ်၊ အစပိုင်းတုန်းက။ ပြင်ဆင်ပေမယ့် ဘာဖြစ်လို့ မအောင်မြင်လဲဆိုတော့ အထူးသဖြင့်တော့ ဘဏ္ဍာရေးပဲ။ ကျနော်တို့ ပါတီတွေက ဘဏ္ဍာရေးမှာ မတတ်နိုင်ကြဘူးပေါ့နော်။”

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ကို တိုင်းရင်းသားပါတီတွေအပါအဝင် ပါတီပေါင်း ၁၄ ပါတီနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရရှိပြီးနောက် ပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီတွေအားလုံး ပါဝင်တက်ရောက် ဆွေးနွေး ခွင့် ရရှိဖို့အတွက်လည်း လုပ်ဆောင်နေပါတယ်။

မဟာမိတ်အဖွဲ့ဝင်ပါတီတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး ကိုယ်စားလှယ်လောင်း အရေအတွက် ၄၀၀ ကျော် ၅၀၀ လောက် ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ အထွေထွေ အတွင်းရေးမှူး ဦးသောင်းဝင်းက ဒီဗွီဘီကိုပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List