Monday, October 27, 2014

တယ်လီနောဆင်းမ်ကတ်များကို ရန်ကုန်မြို့၌ စတင်ရောင်းချပြီး မူရင်းဈေး ကျပ် ၁၅၀၀ ဖြင့် နေရာအနှံ့ အလွယ်တကူ ၀ယ်ယူနိုင်ရန် စီစဉ်ပေးနိုင်ခဲ့


တယ်လီနောဆင်းမ်ကတ်များကို အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့၌ စတင်ရောင်းချပေးခဲ့ပြီး ဝယ်ယူ သူများပြားခဲ့ကြောင်း သိရသည်။ တယ်လီနောအနေဖြင့် မိုဘိုင်းဖုန်းဆိုင်များသာမက စတိုးဆိုင်၊ လက်ဖက် ရည်ဆိုင် စသည့် အခြားအရောင်းဆိုင် အမျိုးမျိုးတွင်ပါ ဝယ်ယူရရှိနိုင်ရန် စီစဉ်ပေးခဲ့ပြီး ကျပ် ၁၅ဝဝ ဖြင့်သာ ရောင်းချရန် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် တယ်လီနောသီးသန့် အရောင်းဆိုင်များကလည်း ကောင်တာအများအပြားဖြင့် တန်းစီစောင့်ဆိုင်း ဝယ်ယူသူများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တယ်လီနော၏ ရောင်းချမှုပုံစံမှာ ယခင်ရောင်းချခဲ့သည့် အူရီဒူး၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ထက် ပိုမိုစနစ်ကျခဲ့ကြောင်း သိရသည်။ တယ်လီနောက ဆင်းမ်ကတ်များကို အမှန်တကယ် သုံးစွဲသူများထံရောက်ရှိရန် အလေးထားခဲ့ပြီး တစ်ဆင့်ပြန်လည် ရောင်းချခြင်းကို ကာကွယ်ထားသည့် ရောင်းချမှုပုံစံကို စီစဉ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တွင် စတင်ရောင်းချချိန်၌ တာဝါတိုင်ပေါင်း ၃၄၈ ခုရှိပြီး အရောင်းဆိုင်ပေါင်း ၈ဝဝဝ ခန့်ရှိ လာကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ ၄၄ မြို့နယ်အတွက် ဆင်းမ်ကတ်ပေါင်းတစ်သန်း ဖြန့်ချိထားပြီး မန္တလေးနှင့် နေပြည်တော်တွင် ဖြန့်ချိထားသော ဆင်းမ်ကတ်အရေအတွက်မှာ တစ်သန်းကျော် ရှိကြောင်း သိရသည်။ တယ်လီနောဟန်းဆက်နှင့် ဆင်းမ်ကတ် တွဲဖက်ရောင်းချသောဆိုင်မှာ ၂၂ ဆိုင်ရှိပြီး တယ်လီနောသီးသန့် အရောင်းဆိုင်များတွင်သာ ထိုကဲ့သို့ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

“ပျဉ်းမနားမြို့ထဲ နေရာတွေမှာ ညနေပိုင်းကျရင် လိုင်းကျပ်တာမျိုး တွေ့ရပါတယ်။ ဒါကိုလည်း တာဝါတိုင်တွေ တိုးချဲ့တည်ဆောက်ပြီး ဖြေရှင်းပေးနေပါတယ်။ လူတစ်ဦးကို ဆင်းမ်ကတ်တစ်ခုပဲ ဝယ်ခွင့်ရှိပါမယ်။ ဆင်းမ်ကတ်နဲ့ ငွေဖြည့်ကတ် တွဲဖက်ရောင်းချတာကလည်း တယ်လီနောက တရားဝင် ညွှန်ကြားထားတာဖြစ်ပြီး မှောင်ခိုဈေးကွက် မဖြစ်စေဖို့ ကာကွယ်ထားတဲ့ အစီအမံတွေပဲ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောကြားခဲ့သည်။

“အခုလက်ရှိကတော့ မိုဘိုင်းအော်ပရေတာမှာ သုံးခုရှိလာပြီပေါ့။ နောက်ထပ်တစ်ခုလာဖို့ ရှိသေးတယ်။ အဲဒါအပြင် ISP ကုမ္ပဏီတွေ လာဦးမှာဖြစ်ပြီး အဲဒီမှာတော့ အရေအတွက် ကန့်သတ်မထားပါဘူး။ လက်ရှိမှာ လိုင်စင်ဆိုင်ရာ နည်းဥပဒေ ထွက်ထားပြီးဆိုတော့ ISP ကုမ္ပဏီတွေ၊ Fixed Line ကုမ္ပဏီတွေ ထပ်ထွက်ပေါ်လာဦးမှာ ဖြစ်ပါတယ်။ ဒါတွေကို ထိန်းကျောင်းကြီးကြပ်ဖို့ ဆက်သွယ်ရေးကော်မရှင်ဆိုတာ ဖွဲ့စည်းဖို့ရှိတယ်။ ဝန်ကြီးဌာန အနေနဲ့ကတော့ မူဝါဒပိုင်းဆိုင်ရာကို ကိုင်တွယ်သွားမယ်။ ဆက်သွယ်ရေး ကဏ္ဍမှာ ဝန်ဆောင်မှုအကောင်းဆုံးဖြစ်စေဖို့၊ စားသုံးသူတွေကို ကာကွယ်ပေးဖို့ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးဝန်ကြီးဌာနက ဒိုင်လူကြီးအနေနဲ့ အားလုံးကို မျှမျှတတဖြစ်စေဖို့ ထိန်းကျောင်းကြပ်မတ်သွားမှာ ဖြစ်ပါတယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

“MPT က ကျပ် ၁၅ဝဝ ဆင်းမ်ကတ်ဆိုပေမယ့် ကျပ် ၁၅ဝဝ နဲ့ ဝယ်လို့မရဘဲ မှောင်ခိုဈေးကွက်မှာ ကျပ်နှစ်သောင်းလောက်နဲ့ ဝယ်နေရတယ်။ အခုလို ကျပ် ၁၅ဝဝ နဲ့ ဝယ်လို့ရတဲ့ တယ်လီနောဆင်းမ် ကတ်တွေကို ကျေးလက်ဒေသတွေ မှာလည်း လွယ်လွယ်ကူကူ ဝယ်လို့ရစေချင်ပါတယ်။ ဖုန်းပြောခက တစ်ဝက်လောက် သက်သာနေတဲ့အတွက် အထွက်ဖုန်းကို တယ်လီနောပဲ သုံးဖြစ်မှာပါ” ဟု လမ်းမတော်မြို့နယ်မှ ကိုဖြိုးဇေယျာစိုးက ပြောပြသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List