Monday, September 22, 2014

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် မူကြမ်း ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းမှ ပြောကြားသော မိန့်ခွန်း


၁။ ယနေ့ကြွရောက်လာကြတဲ့ NCCT မှ တိုင်းရင်းသားခေါင်းဆောင်ကြီးများ ၊ လေ့လာသူအဖြစ် တက် ရောက်လာကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ကြီးများ ၊ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများနဲ့ မီဒီယာများ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါရစေ။ 

၂။ ယခုဆိုရင် ကျွန်တော်တို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်မူကြမ်းကို ညှိနှိုင်းကြတဲ့အခါမှာ စတုတ္ထမူကြမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့စတင်ညှိနှိုင်းကြတဲ့ အခါမှာ 
အချက် (၁၀၄)ချက်နဲ့ စတင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့မှာ မူကြမ်း၏ အချက်(၅)ချက် လောက်မှာပဲ ကျန် ရှိ နေတော့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ဖက်လုံးက ကြိုးစားအားထုတ်မှုကြောင့် အင်မတန်များပြား တဲ့အချက်များကို သဘောတူညီနိုင်မှု ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအချက်တွေထဲမှာ မြန်မာ နိုင်ငံသမိုင်းမှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ တိုးတက်မှုတွေလည်းပါပါတယ်။ ဖက်ဒရယ် ဆိုတဲ့ စကားရပ်ကို အစိုးရတစ်ခုအနေနဲ့ လက်ခံ အသိအမှတ်ပြုပြီး အနာဂတ် ပြည်ထောင်စုကို တည်ဆောက်သွားဖို့ မူကြမ်းမှာသဘောတူခဲ့ကြ တာဖြစ်ပါတယ်။ 

၃။ အပစ်အခတ် ခိုင်ခန့်ရေးအတွက် ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းဖို့လည်း သဘော တူနိုင်ခဲ့ကြပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကို ပူးတွဲ ကမကထပြုဖို့ ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီဖွဲ့စည်းရေးကိုလည်း သဘောတူနိုင်ကြပြီးဖြစ်ပါတယ်။အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့နဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးဆိုတာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ရဲ့ အဓိက ရည်မှန်းချက်ဖြစ်ပါတယ်။ 

၎။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍကို ရောက်ရှိနေပြီ ဆိုတာကို အားလုံးက လက်ခံကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေဟာ အပစ်အခတ်ရပ်စဲရေး သက်သက်ထက်ငြိမ်းချမ်းရေးအတွက် အဓိကအကျဆုံးဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ကို တက်လှမ်းနိုင်
အောင် ခိုင်ခန့်တဲ့ အခြေခံအုတ်မြစ်တွေ ချမှတ်နေကြတာဖြစ်ပါတယ်။ 

၅။ မနေ့က ငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ အစည်းအဝေးလုပ်ပါတယ်။တက်ရောက်လာသူ အားလုံးက ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လို အခက်အခဲတွေ ရှိနေပါစေ ဆက်လက်ပြီး အကောင်အထည် ဖော်သွားမယ်ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ အဓိက ရည်မှန်းချက်က နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ဖို့ အဓိကအင်အားစုတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီးတစ်ခုကို ကျင်းပနိုင်ရေးပဲဖြစ်ပါတယ်။ ဘယ်လို အခက်အခဲတွေ ရှိရှိ ငြိမ်းချမ်းရေးခရီးရဲ့ ရည်မှန်းချက်ကို ရောက်အောင် ဆက်လက်အကောင်အထည်ဖော်သွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ 

၆။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်အပေါ်မှာ လူထုကလည်း သိချင်နေကြ ပါတယ်။ ဘာလို့ကြာနေတာလဲလို့လည်း မေးနေကြတာရှိပါတယ်။ ပွင့်လင်းမြင်သာမှု ရှိဖို့ဆိုတာကိုလည်း ပြောနေကြပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ဆွေးနွေးတဲ့ အပေါ်မှာ လူထု အများစုသိနိုင်အောင် နှစ်ဖက်လုံးက ရှင်းလင်းဆွေးနွေးပြသဖို့ တိုက်တွန်းလိုပါတယ်။ 

၇။ ဒီဆွေးနွေးပွဲဝိုင်းကို တက်လာကြတဲ့ သူအားလုံးဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် ငြိမ်းချမ်းတဲ့၊ ပိုမိုတောက်ပတဲ့၊ အနာဂတ် မျိုးဆက်သစ် တွေအတွက် အမွေကောင်းတွေ ချပေးဖို့ ကြိုးစားနေကြတဲ့ သူတွေလို့ ကျွန်တော်မြင်မိပါတယ်။ 

၈။ ကျွန်တော့်တို့ အနေနဲ့ ဒီဆွေးနွေးပွဲကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာအောင် အစွမ်းကုန် ကြိုးစား သွားမယ်လို့ ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

Myanmar Peace Center

No comments:

Post a Comment

My Blog List