ရခိုင်ပြည်နယ် မြေပုံမြို့ ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ လူပေါင်း ၄ဝ ဦးမှာ နိုင်ငံသားဖြစ် ခွင့်ရရှိပြီး ၂ဝ၉ ဦးမှာ နိုင်ငံသား ပြုခွင့်ရရှိခဲ့ကြကြောင်း သတင်း ရရှိသည်။မြေပုံ ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ လူပေါင်း ၃ဝဝဝ ကျော် ရှိသည့်အနက် နိုင်ငံသားစိစစ်ခွင့်ပြုရန် လျှောက် လွှာလာတင်သည့် ဘင်္ဂါလီ ၁၀၉၄ ဦး ရှိပြီး မြို့နယ်၊ ပြည်နယ်နှင့် ဗဟိုအဆင့်နိုင်ငံသား စိစစ်ရေးအဖွဲ့တို့ က ၁၉၈၂ ခုနှစ်ဥပဒေအရ စစ်ဆေးခဲ့သည်။
ဗဟိုအဖွဲ့၏ စိစစ်အတည်ပြုချက်အရ နိုင်ငံသားဖြစ် ခွင့်ရသူ ၄၀ ဦးရှိပြီး နိုင်ငံသားပြုခွင့်ရသူ ၂ဝ၉ ဦးရှိသည်။ နိုင်ငံသားပြုခွင့်ရသူ ၂ဝ၉ ဦးတွင် သားသမီး ၃၈၃ ဦးရှိသည့် အတွက် နိုင်ငံသား ပြုခွင့်ရသူ စုစုပေါင်း ၅၉၂ ဦးရှိသည်ဟု ပြည်နယ်အဆင့် နိုင်ငံသား စိစစ်ရေး အဖွဲ့တွင် အဖွဲ့ဝင် တစ်ဦး အဖြစ်ပါဝင်သူ ဦးသာပွင့်၏ ပြောဆိုချက်အရ သိရသည်။
အစိုးက အတည်ပြုသတ်မှတ်လိုက်ပြီဖြစ်သည့် နိုင်ငံသားဖြစ်ခွင့်ရသူ ၄ဝ ဦးကို ယခုလ ၂၂ ရက်နေ့ တွင် မြေပုံမြို့၌ကျမ်းသစ္စာကျိန်ဆိုခိုင်းပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြားများထုတ်ပေးရန်စီစဉ်ထားကြောင်းလည်း မြေပုံမြို့ခံများ၏ ပြောပြချက်အရ သိရသည်။
သို့သော်လည်း နိုင်ငံသားဖြစ်ခွင့်ရသူများကို လောလောဆယ်တွင် အစိုးရက နေအိမ်များ ဆောက်လုပ်ပေးရန် အစီအစဉ်မရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ထုတ်ဖော်ပြောကြားလိုက်သည်။
အဆိုပါ နိုင်ငံသားဖြစ်ခွင့်ရသူများနှင့် နိုင်ငံသားပြုခွင့်ရသူများကို နိုင်ငံသားအခွင့်အရေးအရ ရပ်ရွာ တည်ထောင်ကာ နေအိမ်များတည်ဆောက်ပေးရမည်ဖြစ်သော်လည်း လတ်တလောအခြေအနေတွင် ဘင်္ဂါလီများမှ နိုင်ငံသားဖြစ်ခွင့်ရလာသူတို့နှင့် ရခိုင်တိုင်းရင်းသားတို့၏အခြေအနေမှာ အတူယှဉ်တွဲနေ ထိုင်၍ မရနိုင် သေးသည့် အနေအထားတွင်ရှိနေသည့်အတွက် ယခုကဲ့သို့ နေအိမ်များအခိုင် အမာတည်ဆောက်ပေး၍ မရနိုင် ခြင်းဖြစ်ကြောင်း ဦးလှသိန်းက ရှင်းပြသည်။
“သူတို့တွေကို လတ်တလောချက်ချင်းကြီး အိမ်တွေဘာတွေဆောက်ပေးဖို့အစီအစဉ်တော့မရှိသေးဘူး။ သူတို့တွေက နိုင်ငံသားဖြစ်သွားပြီးဆိုတော့ Camp မှာထားလို့လည်း သဘာဝမကျတော့ဘူး။ ဒါပေမယ့် လောလောဆယ် ဒီရက်ပိုင်းအတွင်းမှာ Camp ထဲမှာပဲထားရဦးမယ်။ နောက်ပိုင်းမှ ဘယ်မှာထားမယ်ဆိုတာကို မြို့ခံတွေနဲ့ အစိုးရနဲ့ ညှိညှိနှိုင်းနှိုင်း ဆုံးဖြတ်ပြီးမှ လုပ်ရမယ့်ကိစ္စပါ” ဟု ယင်းက စက်တင်ဘာလ ၂ဝ ရက်နေ့ နံနက်ပိုင်းက ပြောသည်။
အဆိုပါ နိုင်ငံသားဖြစ်ခွင့်ရသူများနှင့် နိုင်ငံသားပြုခွင့်ရသူများကို မြေပုံမြို့နယ်ရှိ ဘင်္ဂါလီများနေထိုင် သည့် တောင်ပေါ်ဒုက္ခသည်စခန်း၏အနောက်ဘက်ရှိ တောင်ခြေအနီးတွင် ရွာတည်ကာ နေအိမ်များတည် ဆောက်ပေးရန် ပြည်နယ် အစိုးရအဖွဲ့က ကနဦး အနေဖြင့်ဆုံးဖြတ်ခဲ့ကြသော်လည်း ယင်းနေရာမှာ ပင်လယ်ထွက်ဝနေရာ တစ်ခုဖြစ်သည့်အပြင် တောင်ခြေ၏တစ်ဘက်၌ ရခိုင်တိုင်းရင်းသားကျေးရွာ များလည်း တည်ရှိနေ သည့်အတွက် နောက်ပိုင်းတွင် ပြဿနာများဖြစ်ပွားလာနိုင်ကြောင်း ဒေသခံများ ကထောက်ပြကြသဖြင့် ယင်း အစီအစဉ်ကို လက်ရှိတွင်ဆိုင်းငံ့ထားကြောင်း မြေပုံမြို့ခံများက ဆိုသည်။
“သူတို့တွေကို ဘယ်နေရာမှာပဲထားထား။ ပြဿနာတော့ဖြစ်လာနိုင်မှာပဲ။ မဖြစ်မနေထားရမယ်ဆိုရင် တော့ အဲဒီတောင်နားမှာထားတာက အသင့်တော်ဆုံးပါပဲ။ ဘာလို့ဆိုတော့ အဲဒီနေရာမှာထားလိုက်လို့ရှိရင် မြို့အားနဲ့ လုံခြုံရေးအားတွေကို သူတို့တွေ မတွန်းလှန်နိုင်လောက်ဘူးလေ”ဟု မြေပုံမြို့မိမြို့ဖ ဦးဖေညွန့်က ပြောသည်။
မြေပုံမြို့နယ်အတွင်း ယခုကဲ့သို့ နိုင်ငံသားဖြစ်ခွင့်ရသူများအပါအဝင် နိုင်ငံသားပြုခွင့်ရသူများနှင့် ဘင်္ဂါလီ များကို နေရာချထားပေးရာတွင် သီးခြားစီနေရာချထားပေးရန်လိုအပ်ပြီး ယင်းသို့ ခွဲခြားမထားပါက နောက်ပိုင်းတွင် ပြဿနာများပိုမိုကြီးထွားလာနိုင်ကြောင်းလည်း မြေပုံမြို့ခံများက သုံးသပ်ပြောကြားသည်။
ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ် ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက လိုအပ်လျှင် ဒေသန္တရအမိန့်ကိုထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြောသည်။
“ကျွန်တော်တို့မှာ အခုကာလသည် ပဋိပက္ခအကုန်လုံးချုပ်ငြိမ်းပြီးတော့ သဟဇာတဖြစ်တဲ့အဆင့်ကို မရောက်သေးဘူး။ မဖြစ်တော့ နိုင်ငံသားဆိုတော့ ဒီလူတွေကို သွားချင်တဲ့နေရာသွားခွင့်ပြုမလား။ သွားချင် ရာသွားခွင့်ပြုမလားဆိုတာကတော့ ရခိုင်အုပ်စုထဲ ဒီလူတွေသွားလို့မရဘူး။ ရခိုင်တွေကလည်း သူတို့ အုပ်စုထဲဝင်လို့မှမရတာ။ လတ်တလောအနေအထားတွေအရ ဒီလိုရှိပါတယ်။ တကယ်လို့ သွားလို့လာလို့ ပြဿ နာဖြစ်လာရင်တော့ ဒီအမိန့်ကိုထုတ်မှာပေါ့”ဟု ပြောသည်။
မြေပုံမြို့နယ်ရှိ ဘင်္ဂါလီ ၃ဝဝဝ ကျော်ကို ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်ခွင့်ရှိ/ မရှိစစ်ဆေးရန် လျှောက်လွှာ လက်ခံခြင်းအား ယခုနှစ်၊ ဇွန်လ ၁၅ ရက်မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းမြို့နယ် အတွင်းရှိ ဘင်္ဂါလီ ၃ဝဝဝ ကျော်အနက် ဘင်္ဂါလီ ၁ဝ၉၄ ဦး၏ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားခြင်းလျှောက်လွှာကို စိစစ်ရေး အဖွဲ့က လက်ခံရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
Narinjara
No comments:
Post a Comment