Monday, August 04, 2014

နိုင်ငံရေးဆွေးနွေးမှု ကျင်းပပုံကျင်းပနည်းတွင် နိုင်ငံရေးအင်အားစုများကို ထည့်သွင်းထားသည့်အပြင် အရပ်ဘက်လူမှု အဖွဲ့များကိုလည်း ပစ်ပယ်မထားဟု NCCT ရှင်းလင်း


နိုင်ငံရေးဆွေးနွေးမှု ကျင်းပပုံကျင်းပနည်းတွင် နိုင်ငံရေးအင်အားစုများကို ထည့်သွင်းထားသည့်အပြင် အရပ်ဘက်လူမှု အဖွဲ့အစည်းများကိုလည်း ပစ်ပယ်မထားဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညိ§နှိုင်းရေးအဖွဲ့ (NCCT) မှ ဒေါက်တာဆလိုင်းလျန်မှုန်းက ဩဂုတ် ၃ ရက်က ရှင်းလင်းပြော ကြားသည်။

နိုင်ငံရေးဆွေးနွေးမှု ကျင်းပပုံကျင်းပနည်းပုံစံတွင် အစိုးရဘက်က တင်ပြထားသည့် ရှစ်ပွင့်ဆိုင်ပုံစံနှင့် NCCT ဘက်ကတင်ပြထားသည့် သုံးပွင့်ဆိုင်ပုံစံတို့နှင့် ပတ်သက်ပြီး မီဒီယာအချို့၏ သတင်းဖော်ပြချက်ကို ဒေါက်တာဆလိုင်းလျန်မှုန်းက ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

NCCT အနေဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပုံ ဆွေးနွေးနည်းကို တင်ပြရာတွင် သုံးပွင့်ဆိုင်သဘော ဖြစ်ကြောင်း၊ အစိုးဘက်မှ ပြောကြားသည့် ရှစ်ပွင့်ဆိုင်သဘောကို လက်ခံကြောင်း၊ သို့ရာတွင် NCCT မှ တင်ပြပုံမှာ သုံးဆင့်နှင့် ရေးဆွဲထားသည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။

ဒေါက်တာဆလိုင်းလျန်မှုန်းက “ပထမအဆင့်မှာ နိုင်ငံရေးဆွေးနွေးပွဲ လုပ်တဲ့အခါမှာ အဆုံးအဖြတ် ပေးနိုင်တဲ့ မဲပေးရမယ့်သူ အဲဒီမှာ နိုင်ငံတော်အစိုးရရဲ့ ကိုယ်စားလှယ်များ၊ နိုင်ငံတော်အစိုးရလို့ ပြောတဲ့ အခါကျတော့ အစိုးရအဖွဲ့ လွှတ်တော်၊ တပ်မတော်။ ပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြီးတော့ နိုင်ငံရေးပါတီများ ဆိုပြီးတော့ပြောတယ်။ အဲဒီမှာ ကျွန်တော်တို့ ထိပ်သီး အစည်းအဝေးမှာ ဆွေးနွေးရင်းနဲ့ တင်ပြချက်တစ်ခုက နိုင်ငံရေးအင်အားစုများ၊ ၈၈ မျိုးဆက် အပါအဝင်ပေါ့။ အခြားပါဝင်သင့်ပါဝင်ထိုက်သော နိုင်ငံရေးအင်အားစုများလည်း ပါဝင်သင့်တယ်ဆိုတာ ဒါကိုလည်း ကျွန်တော်တို့ လမ်းဖွင့်ထားတယ်” ဟုပြောကြားသည်။

“ပြီးတော့ ကျွန်တော်တို့အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို လုံးဝပစ်ပယ်ထားတာ မဟုတ်ဘူး။ သို့သော် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့ သီးခြားဖော်ပြထားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံရေးဆွေးနွေးမှု ကျင်းပပုံကျင်းပနည်းနှင့် ပတ်သက်ပြီး အစိုးရဘက်က အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ စသည့်ရှစ်ပွင့်ဆိုင်ပုံစံနှင့် ပြုလုပ်ရန် အဆိုပြုထားပြီး NCCT ဘက်မှ နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ စသည့်သုံးပွင့်ဆိုင်ပုံစံဖြင့် အဆိုပြုထားခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List