Thursday, April 03, 2014

HTC One M8

အသစ်ထွက်မဲ့ HTC One ဖုန်းနဲ့ပတ်သက်လို့ကတော့ အပေါက်ကြားဆုံး ထိပ်တန်းလျှို့ဝှက်ချက်လို့ နည်းပညာ blog တွေ တင်စားတာလည်း မှားတယ်လို့ မဆိုသာပါဘူး။ လွန်လေပြီးသော ကာလ အတန်ကြာက စလို့ ဒီဖုန်းနဲ့ ပတ်သက်လို့ ပုံတွေ ၊ သတင်းတွေ အတိအကျ ကြီးထွက်နေပြီး အခုမှ official ဖြစ်တာတဲ့ ဖုန်းပါ။ လက်ရှိ ဈေးကွက်ထဲမှာ ရှိနေတဲ့ HTC One ကိုတော့ M7 လို့ ခေါ်နိုင်ပြီး အခု အသစ်ထွက် လာတာကတော့ HTC One M8 ဖြစ်ပါတယ်။

Photo: HTC One M8

သွင်ပြင်အားဖြင့်တော့ M8 က screen ၅ လက်မ ဖြစ်လာတယ်။ ဖုန်းရဲ့တည်ဆောက်ပုံမှာ ၉၀% အထိ အလူမီနီယံတွေကို အသုံးပြုထားတယ်။ လှပတဲ့ ကိုယ်ထည်ကို ပိုင်ဆိုင်ထားတဲ့ ဖုန်းလို့ ပြောလို့ ရပါတယ်။ အတိအလင်းကြီး ကွဲထွက်သွားတာကတော့ dual camera ပါ။ ဖုန်းရဲ့ နောက်မှာ ရှိတဲ့ dual camera က ထူးခြားနေတာပါ။ လုပ်ဆောင်နိုင်ပုံကတော့ ဓာတ်ပုံ ရိုက်တဲ့ အခါ ရိုက်ကူးမဲ့ subject ရဲ့ အကွာအဝေးကို လိုက်ပြီး ချိန်ညှိပေးနိုင်တဲ့ လုပ်ဆောင်ချက်လုပ်နိုင်တယ်။ ဥပမာ ရှုမျှော်ခင်း ကို ရိုက်တဲ့အခါ အနီးမှာ ရှိတဲ့ တိုက်က အရိပ်ထဲကျနေတယ် ၊ အဝေးကတိုက်က အလင်းထဲ ရှိတယ်။ ဒါဆိုရင် ကိုယ်က ဘယ်တိုက်ကို subject ထားချင်တာလဲ။ ထားချင်တဲ့ subject ပေါ်မူတည်ပြီး ကင်မရာရဲ့ လိုအပ်တဲ့ ချိန်ဆမှုတွေ ကို လုပ်ပေး နိုင်မှာပါ။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ ရိုက်ပြီးတဲ့ ဓာတ်ပုံကို ပြီးမှာ foucs ပြောင်းချင်တာ ၊ depth of field သတ်မှတ်ချင်တာ မျိုး လုပ်နိုင်ပါသေးတယ်။ ရှေ့တစ်ယောက် ၊ နောက်တစ်ယောက် ထိုင်နေတဲ့ ပုံမျိုးမှာ ရိုက်ပြီးတော့မှာ အရှေ့က လူမျက်နှာကို အကြည်ထားပြီး နောက်ကလူကို အဝါးထားမလား၊ ဒါမှ မဟုတ် နောက်ကို အကြည်ထားမလား ၊ ဒီလိုမှ မဟုတ်ဘူး သူတို့ ရဲ့နောက် ဟိုး နံရံမှာ ဖြစ်နေတာကမှ ပိုစိတ်ဝင်စားဖို့ကောင်းလား ၊ ဒါဆိုရင် အားလုံးကို ဝါးပြီး နောက်က နံရံကိုပဲ focus ဖြတ်တာမျိုးကို လုပ်နိုင် မှာပါ။ M8 ဖုန်း တစ်ခုလုံးရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး အစိတ်အပိုင်းကို ပြောပါဆိုရင် ကျွန်တော် အတွက် အဲဒီ ကင်မရာကိုပဲ ပြမိမှာပါ။ အစကတည်းက mobile photography ကို ဝါသနာထုံတာမို့ ၊ ဒီ ကင်မရာ တစ်ခုတည်းနဲ့ပဲ နောက်ဖုန်းလဲရင် M8 လဲရင်ကောင်းမလား စဉ်းစး စရာ ဖြစ်နေတာပါ။

အခြားသော M8 ရဲ့ အချက်တွေကတော့ HTC BoomSound နည်းပညာနဲ့ အရှေ့ဖက်ကို လှည့်ထားတဲ့ speaker တစ်စုံလည်း ကောင်းချက်တစ်ခုမှာ ပါပါတယ်။ ရုပ်ရှင် ၊ သီချင်း ၊ YouTube စတာတွေ အတွက် လောလောဆယ် အကျယ်ဆုံး အသံထုတ်ပေးနိုင်တဲ့ ဖုန်းလို့ ပြောလို့ ရမယ်လို့တော့ review တစ်ခုမှာ ဖတ် ရပါတယ်။ 2.3 GHz Snapdragon 801 quad-core processor ကြောင့် mobile gaming အတွက်လည်း အထစ်အငေါ့မရှိ ကောင်းမွန်မဲ့ ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။ 16 GB, 32 GB ရွေးချယ်နိုင်ပြီး micro SD နဲ့ ဆိုရင် 128 GB အထိ လက်ခံပါတယ်။ Drop Box ကို အသာအယာဖြုတ်ချထားပြီး Google Drive မှာ 50 GB ၂ နှစ် အခမဲ့ ပေးလိုက်ပါတယ်။ ဘက်ထရီ က 2,600mAh ဖြစ်လာပြီး အသစ်ထည့်သွင်းထားတဲ့ Extreme power saving mode ကိုသာ on ထားမယ် ဆိုရင် standby time, ရက် ၄၀ ရမယ်လို့ ရဲရဲဝံ့ဝံ့ အာမခံထားပါသေးတယ်။ screen ကတော့ 1820×1920 HD resolution ကို wide viewing angle ရမယ်လို့ ဆိုပါတယ်။

အရောင်တွေကတော့ ရွှေရောင် ဆိုမှ ရွှေရောင်ဆိုတဲ့ ခေတ်မို့ ၊ ရွှေရောင် M8 ဝယ်လို့ရမှာပါ။ ရွှေရောင် နဲ့ အတူ ခဲရောင် ၊ ငွေရောင် ရှိမယ် ဆိုပါတယ်။ HTC One M8 နဲ့ ပတ်သက်လို့ ရေစိုခံ ၊ မခံ official ဘာမှ မပြောသေးပေမဲ့ ရေဇလုံထဲ ထည့်စမ်းပြတဲ့ video clip ကတော့ YouTube မှာ ရှိနှင့်နေပါပြီ။ ရေစိမ်ပြထားတဲ့ YouTube video clip ကို ကြည့်ရတာတော့ ရေစိုခံဖုန်းလို့ ဆိုနိုင်မယ် ထင်ပါတယ်။ ခြုံငုံ ပြောရရင်တော့ M8 ဟာ ကောင်းမွန်ပြည့်စုံတဲ့ ဖုန်းတစ်လုံးပါ။ ကျွန်တော် တစ်နေ့ မန္တလေးသား တစ်ယောက်နဲ့ တွေ့တော့ မန္တလေးမှာ မန္တလေးသား CEO ဆိုတာကြောင့် HTC ဆိုရင် မန္တလေးမှာ လူကြိုက်များတယ်လို့ ပြောပါတယ်။ ဟုတ် ၊ မဟုတ် သေချာ မသိပေမဲ့ M8 ဖုန်းကို သဘောကျနေရင်း နဲ့ တစ်လက်စတည်း ကြံဖန် ဂုဏ်ယူတတ်တဲ့ မြန်မာလူမျိုးများရဲ့ စိတ်ဓာတ်ကိုလည်း သဘောကျမိပါသေးတယ်ဗျာ။

တူလေး

Credit to တူလေး နည်းပညာသတင်းများ 

No comments:

Post a Comment

My Blog List