Monday, March 31, 2014

သမီးကလေး အပါအဝင် ကျေးရွာသုံးရွာမှ နေထိုင်သူများ DKBA နယ်မြေသို့ ပြောင်းရွှေ့မည်


Monday, March 31, 2014
လှည်းကူးမြို့နယ် တပ်ပိုင်နယ်မြေအတွင်း ကျူးကျော်နေထိုင်သည်ဟု ဆိုကာ အင်အားသုံး ဖယ်ရှားခံရသော သမီးကလေးကျေးရွာ အပါအဝင် ကျေးရွာ သုံးရွာမှ အိမ်ထောင်စု ၉၁ စုသည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေသို့ ဧပြီလ ၁ ရက်နေ့တွင် လိုက်ပါ ပြောင်းရွှေ့မည် ဖြစ်ကြောင်း သမီးကလေးကျေးရွာ နေသူများ ယာယီ ခိုလှုံနေသည့် အောင်သိဒ္ဓိကျောင်းမှ ကျောင်းထိုင်ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း ဘေးတွင်ရှိသော ဝါးယားကုန်း ကျေးရွာအနီး ကြံ့ခိုင်ရေးပါတီက ဝယ်ယူပေးသော မြေကွက်သို့ သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၄ စု မတ်လ ၂၇ ရက်နေ့က ပြောင်းရွှေ့ခဲ့သော်လည်း မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ယခင် ခိုလှုံခဲ့သော အောင်သိဒ္ဓိကျောင်းတိုက်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သမီးကလေးကျေးရွာ အပါအဝင် ဖယ်ရှားခံရသော အင်းပတီး၊ ဒေါ်ကာလီ ကျေးရွာတို့တွင် အိမ်ထောင်စု ၉၁ စုက DKBA ထိန်းချုပ်နယ်မြေသို့ လိုက်ပါရန် စာရင်းပေးထားပြီး ကျန်မိသားစုဝင်များက စဉ်းစားလျက် ရှိကြောင်း အောင်သိဒ္ဓိ ကျောင်းထိုင်ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ဆိုသည်။
“မဲနှိုက်ပေးတဲ့ ဝါးယားကုန်းမှာ မြေကွက်ကို အမည်ပေါက် မပေးဘူး။ ရတဲ့ မြေကွက်မှာ ၁၀ ရက်အတွင်း အိမ်ဆောက်ရမယ် ဆိုတော့ နေစရာမရှိ ဒုက္ခရောက်နေသူတွေက ဘယ်ကပိုက်ဆံရှိလို့ အိမ်ဆောက်နိုင်မှာလဲ။ သောက်သုံးရေ မရှိတဲ့အပြင် မြေပွေးကလည်း ပေါတာကြောင့် မနေတော့ဘဲ ပြန်ပြောင်းလာပြီး DKBA အဖွဲ့နဲ့ လိုက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်” ဟု သမီးကလေးကျေးရွာမှ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ရှင်းပြသည်။

ကျေးရွာသုံးရွာတွင် နေထိုင်သူများမှ နေစရာအခက်အခဲ ကြုံတွေ့နေရသောကြောင့် လူသားချင်း စာနာစိတ်ဖြင့် ကူညီရခြင်း ဖြစ်ကြောင်း၊ ဧပြီ ၁ ရက်နေ့ ဘုန်းကြီးကျောင်းက ယာယီ ခိုလှုံနေသူတွေကို ဆယ်ဘီးကား သုံးစီးနှင့် လာရောက်ခေါ်ယူမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။

DKBA ထိန်းချုပ်နယ်မြေ အတွင်းရှိ မြဝတီမြို့အနီး ကျောက်ခတ်ကျေးရွာသို့ လွန်ခဲ့သည့် နှစ်ပတ်ခန့်က အောင်သိဒ္ဓိ ကျောင်းထိုင်ဆရာတော်နှင့် ရွာသူရွာသားများက သွားရောက်ကြည့်ရှုခဲ့ပြီး နေထိုင်စရာ မြေနေရာနှင့် လုပ်ကိုင်ရှာဖွေ စားသောက်ရန် အဆင်ပြေသောကြောင့် ဖယ်ရှားခံ ကျေးရွာသူရွာသားများက ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အောင်သိဒ္ဓိကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်သည်။

“DKBA က ပေးမယ့် မြေနေရာက ရေ၊ မီး အကုန်အဆင်ပြေတယ်။ ပြီးတော့ ကျွန်တော့်တို့ ရွာသားတွေ လုပ်ကိုင်တတ်တဲ့ တောင်ယာအလုပ်လည်း လုပ်နိုင်သလို ထိုင်းနိုင်ငံနဲ့ ကပ်နေတာကြောင့် နေ့စားအလုပ် သွားလုပ်လို့လည်း ရတယ်” ဟု သမီးကလေးကျေးရွာသား ကိုကျော်စိန်ဦးက ရှင်းပြသည်။

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ခိုလှုံနေသူများ ဧပြီလ ၁ ရက်နေ့တွင် DKBA ထိန်းချုပ်နယ်မြေသို့ ပြောင်းရွှေ့တော့မည် ဖြစ်သောကြောင့် ပဲခူးတိုင်း အတွင်းမှ မတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများက အကြောင်းကြားစာ ပို့ထားခဲ့ပြီး ဖြစ်သော်လည်း ထပ်မံဖိအားပေး နှင်ထုတ်မှုများ မပြုလုပ်တော့ကြောင်း ယင်းကျေးရွာသူ ရွာသားများထံမှ သိရှိရသည်။

လှည်းကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၈ စုကို မဲစနစ်ဖြင့် ပေ ၂၀၊ ပေ ၅၀ မြေကွက်များ အခမဲ့ ချထားပေးခဲ့သော်လည်း နှစ်ရက်သာ နေထိုင်ပြီး လက်မခံဘဲ ပြန်လည် ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ ပါတီအဖွဲ့က အကြောင်းစုံသိရှိရန် လတ်တလောတွင် စုံစမ်းဆဲဖြစ်ကြောင်း လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ပြောကြားသည်။

အဆိုပါ DKBA ထိန်းချုပ်နယ်မြေ အတွင်းသို့ ပြောင်းရွှေ့မည့်ကျေးရွာ ဖယ်ရှားခံ မိသားစုဝင်များကို စားသောက်ရေးနှင့် ကျန်းမာရေးများ ကူညီစောင့်ရှောက်ပေးလျက် ရှိသော မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားလာရေး အသင်းက ပြောင်းရွှေ့မည့်နေ့တွင် ယာဉ်နှစ်စီးဖြင့် လိုက်ပါကူညီ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ယင်းအသင်း တာဝန်ရှိသူ ဦးနေမျိုးဇင်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List