Tuesday, April 01, 2014

ဥပဒေစိုးမိုးရေးစင်တာများဖွင့်ရန် ဦးရွှေမန်း ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးမည်

Tuesday, April 1, 2014
တရားဥပဒေ စိုးမိုးရေးစင်တာများကို မန္တလေးနှင့်လားရှိုးတွင် စတင်စမ်းသပ်ဖွင့်လှစ်နိုင်ရေးအတွက် ပြည် သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော်ကော်မရှင်ဥက္ကဋ္ဌ အချို့ ဧပြီလ ၃ ရက်တွင် ရန်ကုန်လွှတ်တော်ရုံးခွဲ၌ ဆွေးနွေးဆုံးဖြတ်မည်ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။
လမ်းပန်းဆက်သွယ်ရေးအရ မန္တလေးနှင့် လားရှိုးမြို့တို့တွင် စတင်ဖွင့်လှစ်နိုင်ရေးအတွက် ယင်းအစည်း အဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ပြီး အစည်းအဝေးကို ပြည်သူ့လွှတ်တော်မှ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအပြင် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ သူရဦးအောင် ကို၊ ပြည်သူရေးရာစီမံခန်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ဦးနှင့် တရားလွှတ်တော်ချုပ်၊ ရှေ့နေချုပ်များလည်း တက်ရောက်မည်ဟု ဆိုသည်။ တရားဥပဒေစိုးမိုးရေးစင်တာများ၌ တရားရေးမဏ္ဍိုင်အတွင်း ဆောင်ရွက်နေသူများ၏ စွမ်းရည်များကို မြှင့် တင်ပေးရန် ပြည်တွင်းပြည်ပမှ ဥပဒေပညာရှင်များက သင်ကြားပို့ချပေးမည်ဖြစ်သည်။

လက်ရှိ မန္တလေးနှင့် လားရှိုးတွင် အစမ်းဖွင့်လှစ်ခြင်းသည် ပြည်ပမှ လာရောက်ပို့ချမည့် ပညာရှင်များအ တွက် လမ်းပန်းဆက်သွယ်ရေး၊ နေထိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပေးနိုင်သည့် အခြေအနေရှိသည့် နေရာများဖြစ်သဖြင့် ရွေးချယ်ထားခြင်းဖြစ်သည်။
“မန္တလေးနဲ့လားရှိုးက အမှုအခင်းဖြစ်တာလည်း စုံတယ်။ အဲဒါကြောင့် စမ်းသပ်ကာလအတွက် အရင်ရွေး လိုက်တာ။ တည်ငြိမ်မှုနည်းပါးနေတဲ့ ရခိုင်ပြည်နယ်လိုနေရာမျိုးမှာကျတော့ ဖွင့်ဖို့အခက်အခဲရှိတယ်”ဟု ဦးဝင်းမြင့်က ပြောသည်။
၎င်းစင်တာများကို ဖွင့်လှစ်နိုင်ရေးအတွက် သင်ကြားပို့ချမည့် သင်ရိုးများ၊ သင်ကြားမည့် ပြည်တွင်းပြည်ပ ပညာရှင်ရွေးချယ်မှုများကို ဆက်လက် လုပ်ဆောင်ရန် လိုအပ်သေးသည်ဟု ပြောသည်။ ပို့ချမည့် သင် တန်းတစ်ခုလျှင် နှစ်လမှသုံးလအထိ ကြာမြင့်မည်ဖြစ်ပြီး စင်တာဖွင့်လှစ်မှုအတွက် ငွေကြေးနှင့် ပြည်ပ ပညာရှင်များ ထောက်ပံ့မှုကို UNDP (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) က ထောက်ပံ့ခြင်းဖြစ်သည်။
“တရားဥပဒေစိုးမိုးရေးစင်တာတွေ ဖွင့်လှစ်နိုင်ဖို့အတွက် UNDP က သုတေသနလုပ်ထားတာတွေကို လည်း ဧပြီ ၃ ရက် အစည်းအဝေးမှာ ဆွေးနွေးပြီး ဆုံးဖြတ်ချက်တစ်ခုခုကျရင် ဘယ်အချိန်စဖွင့်နိုင်မယ်ဆို တာ သိရမယ်”ဟု ဦးဝင်းမြင့်က ပြောသည်။
အစည်းအဝေးကို ဧပြီ ၃ ရက် နံနက် ၁၀ နာရီ၌ ရန်ကုန်မြို့ အင်းလျားလမ်းရှိ လွှတ်တော်ရုံးခွဲတွင် ပြုလုပ် မည်ဖြစ်သည်။ စင်တာများဖွင့်လှစ်ခြင်းသည် တရားရေးမဏ္ဍိုင်အတွင်းရှိ ပုဂိ္ဂုလ်များ၏ စွမ်းရည်မြှင့်တင်မှု အတွက် ဆောင်ရွက်ရန်ဖြစ်ပြီး ယင်းမဏ္ဍိုင်တည့်မတ်ရေးအတွက် ဦးတည် ဆောင်ရွက်ခြင်းဖြစ်သည်။
၎င်းဆောင်ရွက်ချက်သည် ပြည်တွင်း၌ တရားဥပဒေစိုးမိုးရေးအတွက် အထောက်အကူပြု ဆောင်ရွက် ချက်တစ်ခုလည်းဖြစ်သည်ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီဝင် ဒေါက်တာဇော်မြင့် မောင်က မဇ္ဈိမကို ဆိုထားသည်။
အဆိုပါစင်တာများ ဖွင့်လှစ်မှုနှင့်ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေက “တရားဥပဒေစိုးမိုးဖို့ ဆိုတာ ဒီလိုစင်တာတွေဖွင့်ပြီး ဥပဒေရေးရာဆောင်ရွက်နေသူတွေကို သင်တန်းပေးရုံသာမကဘဲ တည် ဆဲဥပဒေတွေထဲက လိုက်လျောညီထွေမရှိတာတွေကိုလည်း ပြင်ဖို့လိုပါတယ်။ ဥပမာ ပါးရိုက်မှု၊လက်သီး ထိုးမှုအတွက် ချမှတ်ထားတဲ့ဒဏ်ငွေ တစ်ထောင်ကျပ်ဆိုတာတွေ ရှိတယ်။ အဲဒီအတွက် တရားရေးကိုပဲ အပြစ်ဖို့လို့ မရဘူး”ဟု သုံးသပ်သည်။
တရားဥပဒေစိုးမိုးရေးစင်တာများကို ပြည်နယ်တစ်ခုနှင့် တိုင်းတစ်ခုတွင် စတင်စမ်းသပ် အကောင်ထည် ဖော်သွားမည်ဖြစ်သည်။ ယင်းအတွေ့အကြုံများပေါ်မူတည်၍ နောက်ထပ် ပြည်နယ်နှင့်တိုင်းများအနှံ့တွင် ဖွင့်လှစ်ရန် ဆောင်ရွက်သွားမည်ဟု အဆိုပါကော်မတီက ဆိုသည်။
တရားဥပဒေစိုးမိုးရေးစင်တာများ စတင်ဖွင့်လှစ်နိုင်ရန် UNDP နှင့် ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်တို့သည် ဇန်န၀ါရီလ ၂ ရက်က ရန်ကုန်လွှတ်တော်ရုံးခွဲတွင်ပင် ဆွေးနွေးခဲ့သေးသည်။ ဒေါ်အောင် ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကို ၂၀၁၂၊ သြဂုတ်လက အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတစ်ဝန်း ရှိတရားရုံးများ၊ အချုပ်ခန်းများသို့ကွင်းဆင်းလေ့လာခြင်း၊ တရားရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး ခြင်း၊ သင်တန်းများစီစဉ်ပေးခြင်းတို့ ဆောင်ရွက်နေခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List