Wednesday, April 02, 2014

အယောင်ဆောင် သတင်းပေး၊ သတင်းယူသူများကို အရေးယူသွားမည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့ဆို

Wednesday, April 2, 2014
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသည် ပြင်ပသတင်းပေး၊ သတင်းရယူသူများကို ခန့်အပ်ထားခြင်း မရှိသဖြင့် အယောင်ဆောင် သတင်းရယူသူ များကို စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ရဲမှူးကြီးမြင့်ဦးက ပြောကြားသည်။ အဆိုပါ သတင်းပေး၊ သတင်းယူသူများကို ဌာနအနေနှင့် ခန့်အပ်ထားခြင်း မရှိသကဲ့သို့ ရဲတပ်ဖွဲ့ဝင် များကလည်း သတင်းရယူရာတွင် ယူနီဖောင်း ဝတ်ဖြင့်သာ ဆောင်ရွက်ကြောင်း၊ အရပ်ဝတ်ဖြင့် သတင်းယူရာတွင် သတင်းတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးနှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့တို့မှ သတင်းယူသူများလည်း ပါဝင်ပြီး ယင်းတို့မှာ မိမိတို့ဌာနနှင့် သက်ဆိုင်မှု မရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
မန္တလေးမြို့ပေါ်ရှိ ဆန္ဒပြပွဲများတွင် သတင်းရယူသော ပြည်ထဲရေး ဝန်ကြီးဌာန အောက်ရှိ ဌာနဆိုင်ရာ သတင်းပေးများ၊ သတင်းရယူသူများသည် ပြင်ပသတင်းလုပ်ငန်း လုပ်ကိုင်သော မြို့ခံ သတင်းထောက်များ၏ ကင်မရာများကို လက်နှင့် ပုတ်ထုတ်ခြင်း၊ တွန်းဖယ်ခြင်းများ မကြာခဏ ပြုလုပ်ခံရကြောင်း ယင်းသို့ပြုမူ ခံရသူများနှင့် မြို့ခံ မီဒီယာသမားများထံမှ သိရှိရသည်။ မန္တလေးမြို့တော်တွင် မတ်လ ၃၁ ရက်နေ့ ညပိုင်းက လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်သော ဆန္ဒပြပွဲတွင် အမျိုးသမီး သတင်းထောက်တစ်ဦး သတင်းဓာတ်ပုံ ရိုက်ကူးစဉ် တွန်းဖယ်ခြင်း၊ ဆွဲဖယ်ခြင်းများ ခံရကြောင်း ယင်းသို့ပြုမူ ခံရသူ သတင်းထောက် အမျိုးသမီးက ပြောကြားသည်။ ယင်းအပြင် Living Color Media မန္တလေးရုံးခွဲမှ အကြီးတန်း သတင်းထောက် တစ်ဦးကိုလည်း လုံခြုံရေးတာဝန် ထမ်းဆောင်သူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဒိုင်းဖြင့် တွန်းထုတ်ခြင်း ခံခဲ့ရသည်။တာဝန်ထမ်းဆောင်ရင်း ထိခိုက်မိခြင်းလည်း ဖြစ်နိုင်ကြောင်း အဆိုပါ အကြီးတန်း သတင်းထောက်က ပြောကြားသည်။ ယင်းသို့ ဖြစ်ပွားမှုများနှင့် ပတ်သက်၍ မန္တလေးမြို့ခံ မီဒီယာသမား စုပေါင်း လက်မှတ်ရေးထိုးကာ သက်ဆိုင်ရာသို့ အကြောင်းကြားစာ ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါ မီဒီယာသမားများထံမှ သိရှိရသည်။

ယင်းသို့ သတင်းရယူကြရာ၌ ဌာနဆိုင်ရာ သတင်းပေး၊ သတင်းရယူသူများ၏ အရေအတွက်သည် ပြင်ပမီဒီယာ သမားများထက် နှစ်ဆ၊ သုံးဆခန့် ရှိနေကြောင်း မြို့ခံ သတင်းသမားများက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List