Tuesday, April 01, 2014

ကချင်တိုင်းရင်းသားပါတီ သုံးခု ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည်

Tuesday, April 1, 2014
၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်ပြီးနောက်ပိုင်း ပါတီတည်ထောင်ခွင့် ရရှိခဲ့သော ကချင်တိုင်းရင်းသားပါတီ သုံးခုသည် ယခုနှစ် ပွင့်လင်းရာသီတွင် ကျင်းပပေးမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ယင်းပါတီများထံမှ သိရှိရသည်။
ပြည်နယ်တွင်းရှိ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်ပါတီ (KNCD) တို့က ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် သက်ဆိုင်ရာ ပါတီအသီးသီး၏ ပါတီဝင်များ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ယင်းပါတီများ၏ ပြောရေးဆိုခွင့်ရှိသူများထံမှ သိရသည်။ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) အနေနှင့် ရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင် ကြေညာခြင်း မပြုသေးသော်လည်း ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် လစ်လပ် မဲဆန္ဒနယ်မြေများ ဖြစ်သည့် ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း စသည့် မဲဆန္ဒနယ် သုံးနေရာစလုံးတွင်သာမက ပြည်နယ်လွှတ်တော် အမတ်အတွက် လစ်လပ် မဲဆန္ဒနယ်များ ဖြစ်သည့် ဆွမ်ပရာဘွမ်မြို့နယ်၊ အင်ဂျန်းယန်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များတွင်ပါ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ခမ်းက ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေး ရပိုင်ခွင့်များ မပါရှိသောကြောင့် ကန့်ကွက်သည့် အနေနှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုခဲ့သည့် ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်ပါတီ (KNCD) ကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အစည်းအဝေး ဆုံးဖြတ်ချက် ချထားကာ ဝင်ပြိုင်မည့် မဲဆန္ဒနယ်များနှင့် အမတ်ကိုယ်စားလှယ်လောင်းများကိုမူ ရွေးချယ်ခြင်း မပြုလုပ်ရသေးကြောင်း ယင်းပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးစီစီနော်ဂျာက ပြောကြားသည်။

ကေအိုင်အို ဒုတိယ ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဒေါက်တာတူးဂျာ၏ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ကလည်း လစ်လပ် မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အခွင့်မသာခဲ့ပါက အနည်းဆုံး အမတ်နေရာ တစ်နေရာ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ဆိုသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌဖြစ်သူ ဒေါ်ဘောက်ဂျာကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် လစ်လပ် မဲဆန္ဒနယ် ၃၁ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းခန့်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြည်သူ့လွှတ်တော်တွင် တင်ပြထားပြီး ၂၀၁၂ တွင် ပြုလုပ်ခဲ့သော ကြားဖြတ် ရွေးကောက်ပွဲတွင်မူ ကချင်ပြည်နယ်၌ နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိဟုဆိုကာ မကျင်းပနိုင်ခဲ့ပေ။

အဆိုပါ ကချင်တိုင်းရင်းသား ပါတီများမှာ ၂၀၁၀ ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင်မှ ပါတီတည်ထောင်ခွင့် မှတ်ပုံတင် ရရှိခဲ့ခြင်း ဖြစ်ပြီး ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်ပါတီ (KNCD) က ၂၀၁၃ ခုနှစ် အောက်တိုဘာလ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) က ၂၀၁၄ ခုနှစ် ဇန်နဝါရီလတို့တွင် အသီးသီး ပါတီတည်ထောင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ ပါတီများထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List