Wednesday, April 02, 2014

ဆန္ဒပြသူများအတွက် သီးသန့်နေရာ သတ်မှတ်မည်


Wednesday, April 2, 2014

အကြောင်းအမျိုးမျိုးဖြင့် ဆန္ဒပြမည့်သူများ စည်းကမ်းတကျ ဖြစ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒထုတ်ဖော်ရန် နေရာတစ်နေရာကို သတ်မှတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။
ဒီမိုကရေစီစနစ်တွင် ဆန္ဒထုတ်ဖော်မှုများကို လက်ခံသော်လည်း စည်းကမ်းတကျ ဖြစ်စေရန်အတွက် ယင်းသို့ သီးသန့်နေရာ သတ်မှတ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း မိကျောင်းကန်နှင့် ဝါဝါဝင်း မြေသိမ်းဆည်းမှု ကိစ္စများအတွက် ဆန္ဒပြသူများနှင့် တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများ ဧပြီလ ၁ ရက်နေ့က မြို့တော်ခန်းမ၌ ပြုလုပ်သော ညှိနှိုင်းပွဲတွင် ၎င်းက ပြောဆိုသည်။
“အခု စည်ပင်နဲ့ ညှိနှိုင်းပြီး နေရာတစ်ခု ရှာနေပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ စတိတ်စင် တစ်ခုပါမယ်။ မြို့ပြင်ထုတ်မှာ မဟုတ်ပါဘူး။ အားလုံးနဲ့ အဆင်ပြေတဲ့ မြို့ထဲက နေရာပဲ ဖြစ်မှာပါ” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ရှင်းပြသည်။ ယင်းသို့နေရာ သတ်မှတ်ပေးခြင်းဖြင့် ခွင့်ပြုချက် မပေးသော ပြဿနာကို ရှောင်ရှားနိုင်မည် ဖြစ်ပြီး လူအင်အားနှင့် ကိုက်ညီနိုင်သော နေရာအကျယ်အဝန်း ရရှိပါက ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရက ထိုသို့ နေရာသတ်မှတ် ပေးလိုက်ခြင်းဖြင့် ဆန္ဒပြမှုများ စနစ်တကျ ရှိလာမည် ဖြစ်ပြီး ဆန္ဒထုတ်ဖော်သူများနှင့် အာဏာပိုင်တို့အကြား အကြမ်းဖက်မှု ပြဿနာများကို ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း၊ ယင်းအတွက် အစိုးရ၏ အစီအစဉ်ကို ကြိုဆိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
“ဒီမိုကရေစီ ရင့်ကျက်တဲ့ တခြားနိုင်ငံတွေမှာတော့ ရှိတယ်။ စည်းကမ်းတကျလေးပေါ့။ ဆန္ဒပြတဲ့ သူတွေကလည်း ဒီနေရာမှာ ဟောပြော ဆန္ဒထုတ်ဖော်၊ အာဏာပိုင်တွေကလည်း အလုပ်မရှုပ်တော့ဘူး။ နောက်ပြီးတော့ အခုလို မြို့နယ် တစ်ခုချင်းစီအလိုက် ခွင့်ပြုချက် တင်ရတာတွေ မလိုတော့ဘူး” ဟု ၎င်းကဆိုသည်။

လူထု ဆန္ဒထုတ်ဖော်မှုအတွက် အစိုးရက အသိအမှတ်ပြုနေရာ သတ်မှတ်ပေးခြင်းကို လက်ခံရမည် ဖြစ်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမြအေးက ပြောကြားသည်။
“ကျွန်တော်တို့လည်း အဲဒါမျိုးကို ဖြစ်စေချင်တာပါ။ လူတွေ သိသာမြင်သာတဲ့ နေရာတစ်နေရာကို သတ်မှတ်ပေးဖို့တော့ လိုပါတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မတ်လ ဒုတိယပတ်မှ စတင်ကာ ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည့်အပြင် မြေသိမ်း ဆည်းခံရမှုများကြောင့် နစ်နာသူများက ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ ပန်းခြံဘေးနှင့် တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင် အိမ်ရာဝင်းရှေ့တွင် သပိတ်စခန်းများ အသီးသီး ဖွင့်လှစ်ဆန္ဒပြလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List