Monday, March 31, 2014

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး ဧပြီ ၁ စဖွင့်မည်

Monday, March 31, 2014
မြန်မာနိုင်ငံတွင် အခွန်ထမ်းဆောင်သူများအနက်မှ အများဆုံး အခွန်ထမ်းဆောင်သူများနှင့် အခွန်ထမ်းကြီးများ စာရင်းတွင် ပါဝင်သင့်သော ကုမ္ပဏီကြီးများကို ကိုယ်တိုင် စည်းကြပ်စနစ်နှင့် အခွန်ကောက်ခံရန် ရည်ရွယ်သည့် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးကို ဧပြီလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါရုံးကို အခွန်ထမ်းကြီးများ အများဆုံးရှိနိုင်သည့် ရန်ကုန်မြို့တော် ပန်းဆိုးတန်းလမ်းရှိ GEC ရုံးနေရာတွင် ဖွင့်လှစ်မည် ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌာန နည်းပညာ အကူအညီပေးရေးရုံးမှ အကြံပေးတစ်ဦးလည်း ရုံးထိုင်မည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ အခွန်ထမ်းကြီးများ စာရင်းတွင် မပါဝင်သော်လည်း ပွင့်လင်းမြင်သာမှု ရှိပြီး အခွန်ကို တိတိကျကျ ပေးဆောင်မှု ရှိသူများအနေနှင့် ကိုယ်ပိုင်သဘော ဆန္ဒနှင့် ပူးပေါင်း ဆောင်ရွက်လိုပါက အဆိုပါ စာရင်းတွင် ထည့်သွင်းမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
အဆိုပါရုံးတွင် အခွန်ထမ်းကြီးများကို အခွန်ထမ်း တစ်ဦးချင်း၏ အချက်အလက်များ ပါဝင်သည့် TIN (Tax-payer Identification Number) ထုတ်ပေး၍ ကိုယ်တိုင် အခွန်စည်းကြပ်စနစ်ကို စတင် ကျင့်သုံးမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။
အခွန်ထမ်းကြီးများစာရင်း၌ ပါဝင်သင့်သည့် အခွန်ထမ်းများ စာရင်းတွင် အခွန်ထမ်း ၅၀၀ စာရင်းတွင် ပါဝင်သူများ၊ ပွင့်လင်းမြင်သာမှု ရှိပြီး တာဝန်ခံမှု ပိုများသော အများပိုင် ကုမ္ပဏီများကို ထည့်သွင်းမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအဖြစ် တစ်နိုင်ငံလုံး ဂျီဒီပီနှင့် အခွန်အချိုး မြင့်တက်ရန်နှင့် အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုကို ခေတ်မီစနစ်သစ် ပြောင်းလဲရန် ဆောင်ရွက်လျက် ရှိပြီး အခွန်ရုံးများကို အခွန်ထမ်း အမျိုးအစားအလိုက် ခွဲခြားကာ လုပ်ငန်းတာဝန် အခြေခံ ဖွဲ့စည်းထားသော ရုံးအဖြစ် အသွင်ကူးပြောင်းရေးကို စတင်လုပ်ဆောင်မည် ဖြစ်သည်။
The Voice Weekly

No comments:

Post a Comment

My Blog List