ရန်ကုန်မြို့တော်ကို ဟန်ချက်ညီညီ လည်ပတ်နိုင်ရန်အတွက် ရန်ကုန်မြို့တွင် မြို့ပြမြေ အသုံးချမှုဇုန် ခွဲခြားသတ်မှတ်ရာတွင် ပြည်သူများ၏ အဆိုပြုချက် များကို တောင်းခံကာ ထည့်သွင်း စဉ်းစားမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန၊ မြို့ပြစီမံကိန်း ရေးဆွဲရေး ပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။ ရန်ကုန်မြို့တော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတတ်မှုအတွက် ဇုန်အမျိုးအစား ၁၁ မျိုး ခွဲခြား သတ်မှတ်ရာတွင် ပညာရှင်များ၏ အဆိုပြုချက်များ အပြင် လက်ရှိ နေထိုင်သူများ၏ အဆိုပြုချက်များကိုပါ ထည့်သွင်း စဉ်းစားကာ အဆင်ပြေဆုံးနှင့် အကောင်းဆုံး အစီအစဉ်များကို ရေးဆွဲမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ပြည်သူတွေအနေနဲ့လည်း အဆိုပြုချက် တောင်းခံရင် ဌာနနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး အဆိုပြုပေးရင် အကောင်းဆုံးပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ မြို့ပြမြေ အသုံးချမှုဇုန်များကို အထပ်နိမ့် လူနေသိပ်သည်းမှုနည်းဇုန်၊ အလယ်အလတ် သိပ်သည်းမှု လူနေဇုန်၊ အထပ်မြင့်လူနေဇုန်၊ အသုံးပြုမှုမျိုးစုံ ရောနှော ပါဝင်သောဇုန်၊ စီးပွားရေးဇုန်၊ စက်မှုဇုန်၊ ဆိပ်ကမ်းနှင့် ဆက်စပ်လုပ်ငန်းများဇုန်၊ စိမ်းလမ်းမြေနှင့် ရေပြင်များဇုန်၊ အစိုးရ အဖွဲ့အစည်းနှင့် အခြေခံ အဆောက်အအုံများဇုန်၊ မြို့ပြအမွေနှစ် ထိန်းသိမ်းမှုဇုန်နှင့် ကမ်းနားအထူး ဖွံ့ဖြို့ရေးဇုန်ဟူ၍ ၁၁ မျိုး ခွဲခြားမည် ဖြစ်ကာ တည်နေရာ အသေးစိတ်ကို ယခုနှစ်အတွင်း ပြည်သူများကို အသိပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

The Voice Weekly
No comments:
Post a Comment