Tuesday, April 01, 2014

အမေရိကန်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးတွေ့ဆုံ ရုရှားတပ်ဖွဲ့ဝင်များ ယူကရိန်းမှ ပြန်ထွက်ရန် တိုက်တွန်း

Tuesday, April 1, 2014
ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသနှင့် သက်ဆိုင်သည့် တင်းမာမှုများနှင့် ပတ်သက်၍ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်နှင့် တွေ့ဆုံရာ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယူကရိန်း ပြဿနာ ပြေလည်မှုသည် ရုရှားတပ်ဖွဲ့ဝင်များ ယင်းနိုင်ငံ နယ်နိမိတ်အတွင်းမှ ရုပ်သိမ်းပေးမှုအပေါ် များစွာ မူတည်နေပြီ ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ ယူကရိန်း ပြဿနာ ပြေလည်စေရေး အပါအဝင် အနောက်နှင့် အရှေ့ကမ္ဘာ အကြား ဖြစ်ပေါ်နေသော တင်းမာမှုများ လျော့ကျစေရေးအတွက် အဓိက အခရာကျသည်မှာ ရုရှားတပ်များ ရုပ်သိမ်းပေးရေးပင် ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်ကို အသိပေး ပြောကြားသည်။“ယူကရိန်းမှာ ရှိနေတဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေအရပ်ရပ် အေးချမ်းသွားစေမယ့် နည်းလမ်းတွေကို ကျွန်တော်တို့ နှစ်နိုင်ငံစလုံးက အကြံပြု ဆွေးနွေးခဲ့ကြပါတယ်” ဟု ဂျွန်ကယ်ရီက ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးမှု ပြုလုပ်ပြီးနောက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“ယူကရိန်းမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေ အားလုံးနဲ့ အဖြစ်အပျက်တွေ တိုးတက်ဖြစ်ထွန်းနိုင်ရေးမှာ ရုရှားတပ်တွေ ရုပ်သိမ်းရေးက အဓိကကျနေပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
အဆိုပါ ရုရှားတပ်များ တပ်စွဲထားမှုသည် ယူကရိန်းနိုင်ငံတွင်း စိုးရိမ်ထိတ်လန့်မှုများကို ဖြစ်ပေါ်စေသလို မိမိပိုင်နက်အပေါ် ကျူးကျော်ခံရသည်ဟူသော ခံစားချက်မျိုးကိုပါ ဖြစ်ပေါ်စေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယူကရိန်းနိုင်ငံသို့ ရုရှားတပ်ဖွဲ့ဝင်များ ကျူးကျော်မှုနှင့် ပတ်သက်၍ သဘောတူညီမှုဆိုင်ရာ မူဘောင်တစ်ရပ် ထွက်ပေါ်ရေးအတွက် ဂျွန်ကယ်ရီနှင့် ဆာဂျီလာရော့ဗ်တို့ နည်းလမ်းရှာဖွေလျက် ရှိကြောင်း BBC သတင်းဌာနက ဆိုသည်။

လတ်တလော အနေအထားတွင် မည်သည့် သဘောတူညီမှုမျှ မရရှိသေးသော်လည်း အဆိုပါကိစ္စအတွက် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ် သွားရန် နိုင်ငံခြားရေးဝန်ကြီး နှစ်ဦး သဘောတူညီထားပြီ ဖြစ်သည်။
“အမေရိကန်ပြည်ထောင်စုသာမက ရုရှားနိုင်ငံကပါ ယူကရိန်းအတွက် တိကျမှုရှိသော အစီအစဉ် တစ်စုံတစ်ရာ ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ” ဟု ရုရှားနိုင်ငံပိုင် RIA သတင်းဌာနက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List