Tuesday, April 01, 2014

အန်ဂျီအိုများ လုံခြုံစိတ်ချမှုရှိရေး ဘန်ကီမွန်းက သမ္မတဦးသိန်းစိန်ကို တယ်လီဖုန်းဖြင့် တိုက်တွန်း

Tuesday, April 1, 2014
လူသားချင်းစာနာမှု အကူအညီပေးရေးဝန်ထမ်းများအားလုံး ဘေးကင်းလုံခြုံရန်နှင့် ၎င်းတို့၏ ပစ္စည်းဥစ္စာများ လုံခြုံစိတ်ချမှု ရှိစေရေးအတွက် သေချာအောင် ဆောင်ရွက်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက သမ္မတဦးသိန်းစိန်ကို တိုက်တွန်းလိုက်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအန်ဂျီအိုများအပေါ် တစ်လောက တိုက်ခိုက်မှုများဖြစ်ပွားမှုအပေါ် မတ်လ ၃၀ရက် ညပိုင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် အပြစ်ကျူးလွန်ခဲ့သူများအား အပြစ်မပေးဘူးပါက လက်သင့်ခံနိုင်ဖွယ် ရှိမည်မဟုတ်ကြောင်း အလေးအနက် ပြောဆိုခဲ့ပြီး၊ နိုင်ငံသားအားလုံးအား အကာအကွယ်ပေးရန်နှင့် တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ လေးစားရန်လည်း တိုက်တွန်းခဲ့သည်။ ယခုအချိန်အထိ အာဏာပိုင်များ လုပ်ဆောင်ခဲ့သော ကနဦး ဆောင်ရွက်ချက်များကို မစ္စတာဘန်ကီမွန်းက ကြိုဆိုခဲ့ကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူက ပေးအပ်ခဲ့သော၊ ဖုန်းပြောဆိုမှု အချက်အလက်များက ဆိုသည်။

စစ်တွေမြို့ရှိ အန်ဂျီအိုဝန်ထမ်းများကို ရခိုင်ဒေသတချို့က ရုံးခန်းများအဆောက်အအုံများ၊ လာရောက်ဖျက်ဆီးမှုကြောင့် ၀န်ထမ်းများအား ရန်ကုန်သို့ နေ့တွင်းချင်းပို့ လိုက်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က မတ် ၂၇ ရက်တွင် မဇ္ဈိမကို ပြောဆိုထားသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း လုပ်ငန်းစဉ်နှင့် ပတ်သတ်၍ ရခိုင်ပြည်နယ်အတွင်းရှိ အမျိုးမျိုးသော အုပ်စုများအကြား အရှိန်မြင့်တက်နေသော တင်းမာမှုများ နှင့် စိုးရိမ်ကြောင့်ကြမှုများအပေါ်၊ အထွေထွေ အတွင်းရေးမှူးချုပ်က၊ ဤအရေးပါသော လုပ်ငန်းစဉ်ကို ယုံကြည်စိတ်ချရအောင်၊ ငြိမ်းချမ်းစွာ အကောင်အထည်ဖော်လုပ်ဆောင်ရန် အရေးကြီးကြောင်းလည်း အလေးအနက် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် နှင့် နိုင်ငံအတွင်းရှိ အခြားနေရာ များတွင် သန်းခေါင်စာရင်းကောက်ခံရာ၌ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ၊ လူ့အခွင့်အရေး စံနှုန်းများနှင့်အညီ ဆောင်ရွက်လိမ့်မည်ဟုလည်း မစ္စတာဘန်ကီမွန်းက မျှော်လင့်ထားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သုံးနှစ်ခန့်က အစိုးရသစ်တက်လာပြီးနောက် ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများအား ဆက်လက် ကူညီထောက်ပံ့ ပေးမည့် ကတိကဝတ်ကိုလည်း မစ္စတာဘန်ကီမွန်းက ထပ်မံပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List