Wednesday, July 29, 2015

ယူအင်န်အေနှင့် မိတ်ဖက်အဖွဲ့များ ညှိနှိုင်းဆွေးနွေးပွဲအပြီး ရွေးကောက်ပွဲ၊ အပစ်ရပ်ရေးနှင့် အခြေခံ ဥပဒေပြင်ဆင်ရေးများ ဆောင်ရွက်ရန် လုပ်ငန်း ကော်မတီ ဖွဲ့စည်း


စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဇူလိုင် ၂၇ ရက်မှ ၂၉ရက် အထိ ကျင်းပကာ ဆွေး နွေးပွဲအပြီးတွင်  ရွေးကောက်ပွဲ၊ အပစ်အခတ်ရပ်စဲရေး၊ အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်ဟု UNA အဖွဲ့ဝင် ရခိုင်အမျိုး သားပါတီမှ ဦးအေးသာအောင်က ဆွေးနွေးပွဲအပြီး မဇ္ဈိမကို ပြောသည်။

၎င်းက “ဆွေးနွေးပွဲက အားရစရာကောင်းပါတယ်။ ငြိမ်းချမ်းရေးရဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့မှာ အဓိကက ရွေးကောက်ပွဲ၊ အပစ်အခတ်ရပ်စဲရေး၊ အခြေခံဥပေဒပြင်ဆင်ရေးတို့ပါ။ ဒီအတွက် UNA အဖွဲ့တွေ ဘုံသဘော တူညီချက်တွေရပြီး ဒါတွေလုပ်ဆောင်ဖို့ ကော်မတီတစ်ရပ် ဖွဲ့တာဖြစ်တယ်” ဟု ဆိုသည်။

အဆိုပါကော်မတီတွင် UNAအဖွဲ့ဝင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ကိုယ်စားလှယ်များသာမက တစ်သီးပုဂ္ဂလများ စုစုပေါင်း ၁၅ ဦး ပါဝင်ဖွဲ့စည်းထားသည် ဟု ဦးအေးသာအောင်က ဆိုသည်။

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “ကျွန်တော်တို့ သဘောတူညီချက် တွေက ရှုထောင့်အမျိုးမျိုးက စဉ်းစားသုံးသပ်ထားတာပါ။ တစ်ဖက်မှာ ငြိမ်းချမ်းရေးယူဖို့ လုပ်နေပေ မယ့် တစ်ဖက်မှာ အပစ် မရပ်ရင်တော့ ဘယ်ဖြစ်ပါ့မလဲ။ ဒီအချက်ကို အဓိက ဦးစားပေးလုပ်ဆောင်ဖို့ သဘောတူ ထားတယ်” ဟုဆိုသည်။

ဆွေးနွေးပွဲအပြီးတွင် ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် တိုင်းရင်းသား မျိုးနွယ်စုများ၏ ဒေသများတွင် တပ်မတော်၏ ထိုးစစ်များ ချက်ချင်းရပ်တန့်ပေးရန်၊ နိုင်ငံရေးဆွေးနွေး ပွဲမပြီးခင် မြေ၊ ရေ၊ လေနှင့် သယံဇာတဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းထားပြီး အသစ်လည်း ထပ်မံ မပြုလုပ်ရန်၊ မတရား ထောင်ဒဏ်ချမှတ်ခံနေရသော ကျောင်းသား၊ လယ်သမား၊ မီဒီယာ၊ အလုပ် သမားနှင့် သံဃာတော်များကို လွှတ် ပေးရန်၊ အကြောင်းအမျိုးမျိုးပြပြီး မဲဆန္ဒနယ်မြေများကို ပယ်ဖျက်ခြင်းအပါအ၀င် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမဖြစ်စေရန် အဟန့်အတားဖြစ်မည့် ကိစ္စရပ်များကို မလုပ် ဆောင်ရန် စသည့် အချက် ၉ ချက်ကို တောင်းဆိုခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းရင်းသားအဖွဲ့များ၊ ဒေသခံ အရပ်ဘက်အဖွဲ့ အစည်းများ အပါအဝင် စုစုပေါင်း အဖွဲ့ ၃၀ ကျော် တက်ရောက်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List