Wednesday, July 29, 2015

ကောလင်း ရေဘေးသင့် ဒေသတချို့ ထိရောက်သည့် အကူအညီ မရရှိသေး


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၈၈ ရွာ ရေဖုံးလွှမ်းခံခဲ့ရပြီးနောက် ရေဘေး သင့် ဒေသတချို့မှာ လမ်းပန်းဆက် သွယ်ရေး အခက်အခဲကြောင့် ထိရောက်သော အကူအညီများ မပေး နိုင်သေးကြောင်း သတင်းရရှိသည်။

ရေလွှမ်းမိုးခံခဲ့ရသည့် ဒေသတချို့မှာ ရေများ ကျဆင်းသွားပြီ ဖြစ်သော် လည်း ယင်းဒေသများသို့ စားနပ် ရိက္ခာ ပို့ဆောင်ရန် အခက်အခဲများ ရှိနေကြောင်း၊ ယင်းကျေးရွာများမှာ သရက်ချဉ်၊ မူးတိမ်၊ ဂွေးတောက် တော နှင့် ဆင်မ ကျေးရွာတို့ ဖြစ်ကြောင်း ကောလင်း မြို့နယ် ရေးဘေး ကယ်ဆယ် ထောက်ပံ့ရေး ကော် မတီ ပြန်ကြားရေး တာဝန်ခံ ဦးကျော်ဖုန်းလှိုင်က ဧရာဝတီသို့ ပြောသည်။

ဦးကျော်ဖုန်းလှိုင်က “ကျနော်တို့ ကတော့ သွားလို့ရတဲ့နေရာ အထိတော့ သွားလှူပါတယ်။ ကျေးရွာတချို့က တော့ သွားဖို့ လာဖို့ ခက်ခဲနေသေးတယ်။ အခုရေတွေပြန်ကျသွားတော့ ကျနော်တို့ စက်လှေနဲ့ သွားလို့ မရဘူး။ စက်လှေမောင်းတာ ခက်ခဲသွားတယ်” ဟု ဆိုသည်။

လက်ရှိတွင် ရေဘေးသင့် ကျေးရွာများသို့ သွားရောက်သည့် ကယ်ဆယ်ရေး အစီအစဉ် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း၊ ရေဘေး ဒုက္ခသည်များကို ထောက်ပံ့ရေး အစီအစဉ်များ စတင်နေပြီး ကျေးရွာတချို့တွင် ရေပြန် မကျသေးသဖြင့် ပြန်လည် ပြုပြင်ရေးကိစ္စများ မပြုလုပ်နိုင်သေးကြောင်း ဦးကျော်ဖုန်းလှိုင်က ပြောသည်။

ကောလင်းမြို့နယ် ရေဘေးကယ်ဆယ် ထောက်ပံ့ရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်မျိုးဝေ ကလည်း “ရေလွှမ်းမိုးမှုက အရင်တုန်းကနဲ့ မတူတဲ့ ပုံစံဖြစ်နေတယ်။ ရေကတော့ ကျသွားတယ်။ ဒါပေမယ့် ကျနော်တို့ သွားလို့မရဘူး။ အခု သွားလို့ မရတဲ့နေရာတွေ ရှိသေးတယ်။ ပို့ဆောင်မှုအားက ကျနော်တို့ လိုနေတယ်။ သွားစရာအတွက် ကိရိယာ လိုတယ်။ ကျေးရွာ ၈၈ ရွာကို သွားနိုင်ဖို့ အတွက် လမ်းလိုတယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ရိက္ခာ မရရှိသည့် ရေဘေး ဒုက္ခသည်များအနေဖြင့် ကော်မတီထံ အကြောင်းကြားနိုင်ပြီး လက်ရှိတွင် ကောလင်းဒေသ၌ ရေဘေး ကယ်ဆယ်ရေး စခန်းပေါင်း ၁၂ ခု ဖွင့်လှစ်ထားကြောင်း၊ ရေဘေး ဒုက္ခသည် ဦးရေမှာ ၆ ထောင်ကျော်ရှိကြောင်း ယင်းကော်မတီက ပြောသည်။

ဦးအောင်မျိုးဝေက “ကျနော်တို့က ပြည်သူလူထုရဲ့ တာဝန်ကျေပြွန်မှုကို အလွဲသုံးစား မလုပ်ဘူး။ ကျနော်တို့ လည်း ကိုယ်တိုင် ကြိုးစားပြီး ယိုပေါက်ဟာပေါက် မရှိအောင် စနစ်တကျ ခွဲဝေတာတွေ လုပ်နေပါတယ်။ အတတ်နိုင်ဆုံး ဒုက္ခရောက်တဲ့ ရွာတွေဆီ အကူအညီတွေ ရောက်သွားအောင် ဖြန့်ဝေနေပါတယ်” ဟု ပြောဆိုသည်။

ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့ကလည်း ပြန်လည် မွမ်းမံ ပြင်ဆင်ရေးလုပ်ငန်းများကို ထိရောက်စွာ ပြုလုပ်ပေးမည်ဟု သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ကတိပေးသွားခဲ့ကြောင်း၊ ပြန်လည် ထူ ထောင်ရေး လုပ်ငန်းသည် အလွန် ရေးကြီးသည့် လုပ်ငန်း ဖြစ်သဖြင့် လပေါင်းများစွာ အချိန်ယူပြီး လုပ် ဆောင်သွားရမည်ဟု ကောလင်းမြို့နယ် ရေဘေး ကယ်ဆယ် ထောက်ပံ့ရေး ကော်မတီ အဖွဲ့ဝင်များက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး လူမှု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ညွန်ကြားရေးမှူး ဦးစဝီလီဖရန့် က “လက်ရှိ အခြေအနေမှာ ရေနည်းနည်းပဲ ရှိတော့တယ်။ ရွာတွေမှာ ရွှံ့တွေ ဗွက်တွေ ရှိတယ်။ တချို့နေ ရာတွေ သွားဖို့ အဆင်မပြေဘူး။ တပ်ပိုင်းကတော့ ကူညီပေးတာတွေ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြော သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List