Monday, July 27, 2015

အစိုးရ အဖွဲ့ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းရန် စဉ်းစားမည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား


အစိုးရအဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းသွားရန် အလေးအနက်စဉ်းစားမည်ဟု ထိုင်းအာဏာသိမ်း စစ်အစိုးရဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာက ပြောကြားလိုက်သည်။ စစ်တပ်က အာဏာသိမ်းယူပြီး နောက် ဗိုလ်ချုပ်ကြီးဘဝမှ ဝန်ကြီးချုပ် ဖြစ်လာသူ ပယာရွတ်သ်သည် လက်ရှိ အစိုးရအဖွဲ့၏ လုပ်ငန်းစဉ် သတ်မှတ်ကာလ တစ်နှစ်တာ ပြည့်မြောက်သွားပြီ ဖြစ်သည့်နောက် ပြင်ဆင်ဖွဲ့စည်းမှုများ ပြုလုပ်ရန် ဖိအားပေး တောင်းဆိုမှုများနှင့် ကြုံနေရသည်။ ၎င်းက စက်တင်ဘာလအတွင်း၊ သို့မဟုတ် ယင်းထက် စော၍ အစိုးရကို ပြင်ဆင် ဖွဲ့စည်းမှုများ ပြုလုပ်သွားဖွယ် ရှိနေကြောင်း ဆိုသည်။

“အစိုးရ အဖွဲ့ဝင်တွေထဲမှာ တချို့က အပြောင်းအလဲတွေ ကြုံရနိုင်ပါတယ်။ အစိုးရသက်တမ်း တစ်နှစ်ပြည့် မြောက်ချိန် နီးကပ်လာတဲ့နောက် ဒီအတွက် ပြန်သုံးသပ် စဉ်းစားသွားမှာ ဖြစ်ပါတယ်”ဟု ပယာရွတ်သ်က သတင်း ထောက်များအား ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် စီးပွားရေး ကျဆင်းမှုများ ဖြစ်ပေါ်နေပြီး အစိုးရအပေါ် ယုံကြည်မှု လျော့နည်းလာသည့် အနေအထားများကြောင့် ဝန်ကြီးချုပ် အနေဖြင့် ၎င်း၏ အစိုးရ အဖွဲ့ကို ပြန်လည်ပြင်ဆင်ကာ ပိုမို၍ အရည်အချင်း ပြည့်ဝသော ဝန်ကြီးများ ခန့်အပ်သင့်ကြောင်း တောင်းဆိုမှုများ မြင့်တက် လာခဲ့သည်။

အထူးသဖြင့် စီးပွားရေး ကဏ္ဍတွင် အစိုးရ၏ ကိုင်တွယ်စီမံပုံ အပိုင်း၌ တိုးတက်မှုများ ရှိမလာသည့်အပေါ် ပြည်သူများက စိတ်မရှည်နိုင်တော့ ကြောင်း နိုင်ငံရေးသမားများနှင့် လေ့လာသူများက သတိပေးခဲ့ပြီး ယင်းကို ပယာရွတ်သ်ကလည်း အသိအမှတ် ပြုခဲ့သည်။

ထိုင်းနိုင်ငံရေး လေ့လာသူများက အမျိုးသား လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ကောင်စီဟု အမည် သတ်မှတ်ထားသည့် ထိုင်းအာဏာသိမ်း အစိုးရ၏ ထိပ်တန်း စီးပွားရေး အကြံပေးပုဂ္ဂိုလ် ဆွမ်ကစ်ဒ် ဂျာတက်စ်ရီပီ တက်ခ်သည် စီးပွားရေး လုပ်ငန်းစဉ်များကို ကိုင်တွယ်ရန်အတွက် အစိုးရ အဖွဲ့အတွင်း နေရာရလာနိုင်ကြောင်း သုံးသပ်ထားကြသည်။ ၎င်းသည် ထိုင်းအစိုးရ အဖွဲ့နှင့် နီးစပ်စွာ လက်တွဲ အလုပ် လုပ်နေသော်လည်း နိုင်ငံရေးအရ ကန့်သတ်ချက်များကြောင့် စစ်တပ်က ထိန်းချုပ်ထားသည့် အစိုးရ အဖွဲ့တွင် ပါဝင်နိုင်ခွင့် မရှိချေ။

၎င်းသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်ထရာ လက်ထက်က စီးပွားရေးကဏ္ဍကို အဓိက ကိုင်တွယ် သည့် ဒုတိယ ဝန်ကြီးချုပ် တစ်ဦး ဖြစ်ခဲ့ဖူးသည့် ဆွမ်ကစ်ဒ်သည် ၂၀၀၇ ခုနှစ်က ထိုင်းရက်ခ်ထိုင်းပါတီ ဖျက်သိမ်းခံရချိန်တွင် နိုင်ငံရေးနှင့် ပတ်သက်မှု မရှိရန် တားဆီးပိတ်ပင် ခံရသည့် အမှုဆောင်ဟောင်း ၁၁၁ ဦးအနက် အပါအဝင်လည်း ဖြစ်သည်။ ၎င်းသည် ထိုင်းအစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီး ရာထူးများ တွင်လည်း တာဝန်ယူခဲ့ဖူးသည်။

ထိုင်းဒီမိုကရစ်ပါတီ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဝီချာချီဝါက ပယာရွတ်သ် အနေဖြင့် အစိုးရကို ပြင်ဆင်ဖွဲ့စည်းမှု ပြုလုပ်ပြီး ၎င်း၏ ရပ်တည်ချက် ရှင်းလင်းမှုကို အလျင်အမြန် ပြသနိုင်ရန် လိုအပ်နေပြီဟု မှတ်ချက်ပြုထားသည်။ ထို့အပြင် အစိုးရကို ပြင်ဆင်ဖွဲ့စည်းရန် ကြန့်ကြာနေ ခြင်းက အစိုးရ လုပ်ငန်းစဉ်များကို နှောင့်နှေး အားနည်းသွားစေလိမ့်မည်ဟု လည်း ၎င်းက သတိပေး ပြောကြားထားသည်။

Ref: CNA
7Day News Journal

No comments:

Post a Comment

My Blog List