Tuesday, July 28, 2015

အရှိန်မြင့်လာသော နိုင်ငံရေးစီးချင်းထိုးပွဲ


ဥပဒေပြုမဏ္ဍိုင်၏ ထိပ်ပိုင်းတာဝန်ယူထားသော သူရဦးရွှေမန်းကို တပ်မတော်သား မဲဆန္ဒရှင် ၁၇၈၀ က ဆန္ဒပြု လက်မှတ်ရေးထိုးပြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းလိုကြောင်း သတင်းများ ကျယ် ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည်။
လွှတ်တော်တွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် နီးကပ်သော ဆက်ဆံရေးတည်ဆောက်ထား ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် သမ္မတအဖြစ် ယှဉ်ပြိုင်လိုကြောင်း ထုတ်ဖော်ပြောဆိုထားသူ သူရဦးရွှေမန်းကို တပ်မတော်သား မဲဆန္ဒရှင်များက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်း လိုကြောင်း ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြလိုက်သည်။

တပ်မတော်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ခြင်းသာမက တပ်မတော် ထောက်ခံဖွဲ့စည်းပေးခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တာဝန်ကိုပါ ထမ်းဆောင် နေသူ သူရဦးရွှေမန်းကို ယင်းကဲ့သို့ လုပ်ဆောင်လိုက်ခြင်းကြောင့် တပ်မတော်နှင့် သူရဦးရွှေမန်းကြား နိုင်ငံရေးစီးချင်းထိုးပွဲ ပိုမိုအရှိန်မြင့်လာပြီလောဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်လာကြသည်။

အစိုးရဝန်ကြီးဌာန တစ်ခုတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော တပ်မတော် အသိုင်းအဝိုင်းနှင့် နီးစပ် သူတစ်ဦးကမူ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် နိုင်ငံတော်သမ္မတ အဖြစ် ဆောင်ရွက်လိုကြောင်း ထုတ် ဖော်ပြောဆိုထားသည့် သူရဦးရွှေမန်းကို တပ်မတော်က ထောက်ခံခြင်း မရှိတော့ဟု ကြေညာခြင်း ဖြစ် သည်ဟု သုံးသပ်ပြောဆိုသည်။

“သေချာတာကတော့ သူရဦးရွှေမန်းကို တပ်မတော်က စိန်ခေါ်လိုက်တာပဲ” ဟု သူက သုံးသပ်သည်။

တစ်နည်းအားဖြင့် သူရဦးရွှေမန်းကို တပ်မတော်က ထောက်ခံခြင်း မရှိတော့သည်ကို အများပြည်သူ သိ စေရန် အချက်ပေး ခေါင်းလောင်းတီးခြင်း ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

“မင်းနဲ့ ငါနဲ့ သဘောထားချင်း မတူဘူး ဆိုတာကို ပြလိုက်တာပဲလေ။ အယူအဆတွေ ကွဲတာကတော့ ထင်ရှားလာပြီ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ၎င်း၏အမြင်ကို ပြောဆိုသည်။

သူရဦးရွှေမန်းကို ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများနှင့် မိသားစုဝင် အများစု နေထိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်း ဖြစ်ပြီး ယင်းမဲဆန္ဒနယ်ရှိ တပ်မတော်သားများနှင့် မိသားစုဝင်များက လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းလိုကြောင်း ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြလာခြင်း ဖြစ်သည်။

မဲဆန္ဒရှင် တပ်မတော်သားများ တင်ပြထားသောစာအရ သူရဦးရွှေမန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်အပေါ် ပြည်သူပြည်သားများက အထင်အမြင် လွဲမှားစေရန် ရည်ရွည်ချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့သောကြောင့် ယင်းသို့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းရန် တောင်းဆိုခြင်းဟု ဆိုသည်။

သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ ဥပဒေကြမ်းကို တစ်နိုင်ငံလုံး သိသာမြင်သာစွာ လွှတ်တော်တွင်း ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် တပ်မတော်သားများ၏ အကြောင်းပြချက် မခိုင်လုံ ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။ ယင်းအကြောင်းပြချက်ဖြင့် ပြည်ထောင်စုလွှတ် တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း တင်သွင်းသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးသိန်းဇော်ကိုလည်း ၎င်း၏ မြစ်ကြီးနား မဲဆန္ဒနယ်မှ တပ်မတော်သားများ အပါအဝင် မဲဆန္ဒရှင်များက လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းရေး တောင်းဆိုထား ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကမူ လွှတ်တော်အတွင်း လွှတ် တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်း မရှိသည့် အချိန် တွင် ယင်းသို့သော လက်မှတ်ထိုး တောင်းဆိုမှုသည် ထိရောက်နိုင်ခြင်း မရှိကြောင်း ဆိုသည်။ 

“ကျွန်တော်တို့က ဥပဒေ မရှိသေးဘဲနဲ့ ဘာမှဆောင်ရွက်ပေးလို့ မရပါဘူး” ဟု ၎င်းက ဆိုသည်။

သို့ဆိုလျှင် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အပြင် လွှတ်တော်သက်တမ်းမှာ လည်း ခြောက်လအတွင်းသာ ကျန်ရှိသောကြောင့် သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စား အဖြစ်မှ ရုပ်သိမ်း ရေးကို ဆောင်ရွက်နိုင်ခြေ နည်းပါးသည်ကို သိရှိသော်လည်း မည်သည့်အတွက် ယခုကဲ့သို့ လုပ်ဆောင် လိုက်သနည်း ဆိုသည်မှာ စဉ်းစားရမည့်အချက် ဖြစ်လာသည်။

အလားတူ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြထားသော တပ်မတော်သားများ၏ စာတွင် သူရဦးရွှေမန်းသည် လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များကို အရပ်သုံး စကားများဖြင့် ရည်ညွှန်းပုတ်ခတ်ပြောဆိုမှုများ ပြုလုပ်ခြင်းသည် ပြည်ထောင်စုလွှတ်တော် နာယကတစ်ဦး အနေနှင့် ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပေးပို့သော တပ်မတော်သား မဲဆန္ဒရှင်များ၏ စာတွင် သူရဦးရွှေမန်းသည် ဗိုလ်ချုပ်ကြီးအဆင့် ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်အပေါ်တွင် သစ္စာရှိ မည်ဟု ယုံကြည်မှုများဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း မိမိတို့အပေါ် ပြုမှုဆက်ဆံ ဆောင်ရွက်မှုများသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ကျင့်ဝတ်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ထည့်သွင်းရေးသားထားသည်။

ဥပဒေအရ သူရဦးရွှေမန်းနှင့် ဦးသိန်းဇော်ကို လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရုပ်သိမ်း၍ ရနိုင်သည် ဖြစ်စေ၊ မရနိုင်သည် ဖြစ်စေ တပ်မတော်နှင့် ထိပ်တိုက်တွေ့ဆုံမှုကား အရှိန်မြင့်လာသည့်သဘော ဖြစ်သည်ကို ပြသလိုခြင်း ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကမူ သူရဦးရွှေမန်း ကို လွှတ်တော်အမတ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းရေး လှုပ်ရှားမှုများကို မည်သူက ဦးဆောင်နေကြောင်း မသိရသေးကြောင်း ပြောဆိုသည်။ 

“ဘာဖြစ်လာမလဲဆိုတာ မပြောနိုင်သလို၊ ဘယ်သူနောက်ကွယ်က လုပ်တယ်ဆိုတာလည်း ပြောရခက်ပါ တယ်” ဟု ၎င်းက ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကမူ ပြည်ထောင်စုလွှတ်တော် နာယက သက်တမ်းအတွင်း လွှတ်တော်တွင်း ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး သူရဦးရွှေမန်းနှင့် တပ်မတော် လွှတ် တော်ကိုယ်စားလှယ်များ ဆက်ဆံရေး၏ ရလဒ်တစ်ခု ဖြစ်သည်ဟု မြင်ကြောင်း သုံးသပ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လက်ရှိအစိုးရအဖွဲ့ ဝန်ကြီးဌာနတစ်ခုအတွင်း တာဝန်ထမ်းဆောင်လျက် ရှိသော တပ်မတော်နှင့် နီးစပ်သူတစ်ဦးကမူ “တပ်ရဲ့ အကြောင်းကို အသိဆုံးလူက တပ်မတော်သားတွေကို ထိခိုက်ပြောဆိုတာတွေဟာ သစ္စာဖောက်တဲ့ ပုံစံပဲလို့ တပ်မတော်သားတွေက မြင်နေကြတယ်” ဟု သုံးသပ်ပြောဆိုသည်။

သူရဦးရွှေမန်းကို အခြေခံဥပဒေပြင်ရန် ကြိုးပမ်းခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်း ရန်ကိစ္စကို တပ်မတော်သားများ လက်မှတ်ထိုး တင်ပြခြင်းနှင့် ပတ်သက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ပြောဆိုသူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန် ဖြစ်သည်။

တပ်မတော်၏ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ဖြစ်ပြီး ဥပဒေပြုမဏ္ဍိုင်၏ အကြီးအကဲအဖြစ် ဆောင်ရွက်နေသူ အပေါ် တပ်မတော်၏ သဘောထားသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အတွက် မေးခွန်း ထုတ်ဖွယ် ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“တပ်နဲ့ အနီးဆုံးလူအပေါ်မှာတောင် ဒါမျိုးသဘောထားရှိတယ်ဆိုတော့ ရှေ့အ လားအလာ မကောင်းနိုင် ဘူး” ဟု ဆိုသည်။

ယင်းသို့ သူရဦးရွှေမန်းအပေါ် တပ်မတော်မှ ထောက်ခံခြင်း မရှိတော့ခြင်းသည် ၎င်းဥက္ကဋ္ဌအဖြစ် တာဝန် ယူထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပေါ်တွင် ရိုက်ခတ်နိုင်ခြင်း ရှိမရှိ ချိန်ထိုးရပေ မည်။

သို့သော်လည်း ယခုနှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်တာဝန်မှ အနားယူ ကြမည့် ဗိုလ်ချုပ်ဟောင်းများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြု ထားမှုများ ရှိကြောင်း အဆိုပါ ပါတီဗဟိုအလုပ်အမှုဆောင်များက ပြောဆိုထားသည်။

ယင်သို့ ကိုယ်စားလှယ်လောင်းများ အဖြစ် ယှဉ်ပြိုင်ရန် အဆိုပြုကမ်းလှမ်းမှုများကြောင့် တပ်မတော်၏ ကြံ့ခိုင်ရေးပါတီအပေါ် သဘောထားမှာ ပြောင်းလဲမည် မဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ဆိုသည်။

“တပ်နဲ့ အနီးဆုံးပါတီကို တပ်မတော်က တိုက်မယ်ဆိုရင် မှားသွားမှာပေါ့” ဟု ထောက်ပြပြောဆိုသည်။

အဆိုပါ ပါတီဗဟိုကော်မတီဝင် ဦးတင်မောင်ဦးကမူ တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဆက်ဆံရေးကို ထိခိုက်နိုင်မည် မဟုတ်ဟု ဆိုသည်။

“နဂိုကတည်းက တပ်မတော်ကသက်သက်၊ ပါတီက သက်သက်ပဲလေ။ ထိခိုက်စရာအကြောင်း မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

တပ်မတော်မှ ထောက်ခံမှု မရှိကြောင်း သဘောထားပေးထားခြင်း ခံရသော သူရဦးရွှေမန်းနှင့် တပ်မတော် ပုဂ္ဂိုလ်ရေး အကွဲအပြဲမှတစ်ဆင့် ပါတီ မူလရပ်တည်ချက်ကို ထိခိုက်လာနိုင်ဖွယ် မရှိကြောင်း ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် အချို့က ဆိုသည်။

“အချို့က ပါတီရဲ့ မူလရပ်တည်ချက်ကနေ နည်းနည်းလေး ယိုင်ထွက်နေတာတွေ ရှိတယ်။ ဒါပေမဲ့ ပါတီရဲ့ မူဝါဒပိုင်းကိုတော့ ထိခိုက်စရာ မရှိဘူး” ဟု ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ဆို သည်။

အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်တွင် နိုင်ငံရေးတည်ငြိမ်ရေးအတွက် လက်ရှိတပ်မတော်နှင့် အာဏာရ နိုင်ငံရေးပါတီကြီး၏ အကွဲအပြဲ မဖြစ်ရေးသည် အရေးကြီးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့ကလည်း သုံးသပ်ပြောဆိုကြသည်။

ပြည်တွင်းငြိမ်းချမ်းရေး ရရှိပြီး နိုင်ငံရေးတည်ငြိမ်မှုအပေါ် မူတည်ပြီး တပ်မတော်သားများ လွှတ်တော်အ တွင်းမှ ထွက်ခွာပေးမည်ဟု အာမခံကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က BBC သတင်းဌာနနှင့် တွေ့ဆုံရာတွင် အတိအလင်း ပြောကြားထားသည်။

မည်သို့ပင် ဆိုစေကာမူ တပ်မတော်၏ သဘောထားက သူရဦးရွှေမန်းကို ပေါ်ပေါ်ထင်ထင် စိန်ခေါ်မှု ပိုမိုသရုပ်ပေါ်လာကြောင်း နိုင်ငံရေးအကဲခတ်အချို့က ဆိုသည်။ အဆိုပါ စိန်ခေါ်မှုများသည် မြန်မာ့နိုင်ငံ ရေး အပြောင်းအလဲအတွက် အရေးပါသော ၂၀၁၅ ရွေးကောက်ပွဲအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

၂၀၁၅ နောက်ပိုင်း လွှတ်တော်သက်တမ်းများတွင်လည်း တပ်မတော် ပါဝင်နေမည် ဖြစ်သောကြောင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို သွားနိုင်ရန် နိုင်ငံရေးအင်အားစု ခေါင်းဆောင်များ အနေနှင့် အပြုတ်တိုက် အပြတ်ရှင်းလမ်းစဉ်ကို ရှောင်ရှားသင့်ကြောင်း အမျိုးသားဒီမိုကရစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ထောက်ပြသည်။

“တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်တာမျိုးကို ရှောင်တာကောင်းမယ်။ ပုဂ္ဂိုလ်ရေးဆိုရင် ပုဂ္ဂိုလ်ရေးအရ ရှင်းကြ တာ အကောင်းဆုံးပဲ” ဟု အကြံပြုသည်။

အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်တွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ဆိုးရွားမှု မဖြစ်စေရေး သူရဦးရွှေမန်း ပြတ်ပြတ်သားသား ဆုံးဖြတ်ရန် လိုအပ်ကြောင်း တပ်မတော် အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

“အတိုက်အခံ လုံးလုံးလုပ်မှာလား။ မူလအထိုင်နေရာဆီကို သွားမှာလား။ သူ (သူရဦးရွှေမန်း) တစ်ခုခုရွေးဖို့ လိုတယ်” ဟု ၎င်းက ဆိုသည်။

ဟိန်းသွင်ထက်
The Voice Weekly

No comments:

Post a Comment

My Blog List