Thursday, July 30, 2015

ဇေကမ္ဘာဝင်း မူးယစ်ဆေးဝါး ဖမ်းမိမှုကို အချိန်မရွေး အစစ်ဆေးခံနိုင်ကြောင်း ဦးခင်ရွှေ ပြောကြား


ရန်ကုန်မြို့တော် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း (မင်္ဂလာဒုံဥယျာဉ်မြို့တော်)အတွင်း ကမ္ဘာတွင် စိတ်ကြွဆေးပြား ဒုတိယ အများဆုံး ဖမ်းဆီးရမှုနှင့် ပတ်သက်ပြီး အချိန်မရွေး အစစ်ဆေးခံနိုင်ကြောင်း ဇေကမ္ဘာ ဦးခင်ရွှေက ပြောကြားသည်။ အမေရိကန်ဒေါ်လာ ၁၃၃ သန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား အများဆုံး ဖမ်းဆီးရရှိခြင်းကို သက်ဆိုင်ရာမှ ကြပ်မတ် ဆောင်ရွက်ရန် လိုအပ်ပြီး ၎င်းအနေနှင့်လည်း အချိန်မရွေး အစစ်ဆေးခံနိုင်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော့်အနေနဲ့ ပတ်သက်မှု လုံးဝမရှိဘူး၊ ကားလမ်းဘေးမှာ ရှိတဲ့ လမ်းခြောက်လမ်းသွားထိပ်မှာ လာလဲတာပါ၊ နာမည်သာ ဇေကမ္ဘာလို့ တက်ကြတာကိုး၊ ဇေကမ္ဘာနဲ့ လုံးဝမဆိုင်ဘူး၊ အန်ကယ့် မင်္ဂလာဒုံက ဂိုထောင်တွေမှာလည်း ကြိုက်သလောက်ရှာ” ဟု ဆိုသည်။

WY စာတန်းပါ စိတ်ကြွဆေးပြား ၂၆ သန်းကျော်ကို ဇူလိုင်လ ၂၆ ရက် နံနက် ၅ နာရီက ရန်ကုန်မြို့တော် မင်္ဂလာဒုံ မြို့နယ် ဇေကမ္ဘာဝင်းရှိ ကွန်တိန်နာယာဉ် တစ်စီးပေါ်တွင် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်ပြီး ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် မိသားစုနှင့် ပတ်သက်ဆက်နွှယ်နေသူများကို ဖမ်းဆီး စစ်ဆေးနေသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်းမှူး ရဲမှူးကြီး ဝင်းဗိုလ်က ပြောကြားသည်။

“မဟုတ်မမှန် သတင်းတွေပါ၊ အခုဖမ်းမိတဲ့ စိတ်ကြွဆေးပြားတွေနဲ့ ပတ်သက်ပြီး မသင်္ကာတဲ့သူတွေကို လိုက်လံစုံစမ်း စစ်ဆေးနေတဲ့ အထဲမှာ ဇေကမ္ဘာ ကုမ္ပဏီပိုင် မိသားစုဝင်တွေ မပါပါဘူး၊ အမှုမှန် အမြန်ဖော်ထုတ်နိုင်ဖို့ စုံစမ်းနေဆဲ ကာလ ဖြစ်တာကြောင့် ဘယ်သူတွေ ပါဝင်ပတ်သက်နေတယ် ဆိုတာတော့ အသေးစိတ် ပြောမရသေးဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ စိတ်ကြွးဆေး သိမ်းဆည်းရရှိသော ကွန်တိန်နာနှင့် မော်တော်ယာဉ်ချင်း လဲလှယ်မည်ဟု ယူဆရသော အပြာ ရောင်ကွန်တိန်နာ မော်တော်ယာဉ်တစ်စီးကို ဇေကမ္ဘာဝင်း အတွင်းရှိ အမှတ် (၃) လမ်းဆုံ မီးပွိုင့်အကျော် ဇေကမ္ဘာဝင်း လုံခြုံရေးဂိတ်တွင် ထပ်မံတွေ့ရှိခဲ့သော်လည်း ယာဉ်မောင်းများ ပါရှိခြင်း မရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယင်းတွေ့ရှိမှုကြောင့် ရဲတပ်ဖွဲ့က ဇေကမ္ဘာဝင်းရှိ ဝင်ထွက်ဂိတ်ပေါက်များကို ပိတ်ဆို့ကာ သိုလှောင်ရုံများကို ထပ်မံ ရှာဖွေ စစ်ဆေးနေပြီး ရန်ကုန်မြို့ အဝင်အထွက် ဂိတ်ပေါက်များနှင့် အမြန်လမ်းတိုးဂိတ်တို့တွင် ယာဉ်ဝင်/ထွက်မှု မှတ်တမ်းများ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဖမ်းဆီးမှုရမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်အဆင့် စုံစမ်းဆောင်ရွက်နေသောကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း ဖော်ထုတ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်တားဆီး နှိမ်နင်းရေးထံမှ သိရသည်။


The Voice Weekly

No comments:

Post a Comment

My Blog List