Thursday, July 30, 2015

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဖဒိုနော်စီဖိုးရာစိန်နှင့် တွေ့ဆုံခြင်း


လက်ရှိအစိုးရလက်ထက် ငြိမ်းချမ်းရေးကမ်းလှမ်းမှုမှာ ၂၀၁၅ သြဂုတ် ၁၈ ရက်တွင် လေးနှစ်တိတိ ပြည့်တော့မည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ် (NCA)မူကြမ်းဆွေးနွေးမှု တရားဝင်(၈)ကြိမ်၊ အလွတ် သဘောအကြိမ်(၄၀)ခန့် ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း ယခုအချိန်ထိ စာချုပ်အချောမသပ်နိုင်သေး ပေ။ သြဂုတ်လ ပထမပတ်အတွင်း ထပ်မံတွေ့ဆုံဆွေးနွေးကြရန် နှစ်ဖက် စီစဉ်ထားသည်။  

လက်ရှိပြည်တွင်းငြိမ်းချမ်းရေး၊ NCA အခြေအနေတို့နှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD)၏ ခေါင်းဆောင် ဖဒိုနော်စီဖိုးရာစိန်ကို 7Day News သတင်းဌာနက တွေ့ဆုံမေးမြန်းမှုပြုလုပ် ခဲ့ပါသည်။ အင်တာဗျူးတစ်ပိုင်းကို ရန်ကုန်မြို့တွင် တွေ့ဆုံပြုလုပ်ခဲ့ပြီး  ဖဒိုနော်စီဖိုးရာစိန်သည် တပ်ပေါင်းစု UNFCနှင့် ချင်းမိုင်၌အစည်းအဝေးတက် ရောက်ရန် အချိန်မီသွားရသောကြောင့် ကျန်မေးခွန်းများကို အွန်လိုင်းမှ တစ်ဆင့် အင်တာဗျူးပြုလုပ်ခဲ့သည်။ မေးမြန်း ဖြေကြားမှုများအနက် အချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (SD) ခေါင်းဆောင်အနေနဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဘယ်လောက်ယုံကြည်ချက်ရှိပါသလဲ။

ငြိမ်းချမ်းရေး လမ်းစဉ်နဲ့ ငြိမ်းချမ်းရေးအပေါ်မှာ ယုံကြည်မှုရှိတာ၊ မရှိတာထက် မျှော်လင့်ချက်  ထားပါတယ်။ ယုံကြည်မှုဆိုတာက နေ့ချင်းညချင်းတည်ဆောက်လို့ မရပါဘူး။ သက်ဆိုင်သူအားလုံးရဲ့ အပြောနဲ့ အလုပ်အပေါ် အခြေခံမှာပါ။ တိုင်းရင်းသားအရေးဟာ နိုင်ငံရေးပြဿနာဖြစ် တယ်။ အဲဒါ ကြောင့်မို့ နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမှ ပြေလည်မယ်လို့ ကျွန်မခံယူထားတယ်။ အရေးကြီးတာက တော့ အခုဖြစ်ပေါ် နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ဟာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုဦးတည်နေဖို့ အရေးကြီးပါတယ်။ အဲဒါကိုလည်း ကျွန်မတို့ SD အနေနဲ့က အောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေ၊ နိုင်ငံရေး အခြေအ နေတွေ၊ လူထုအသံတွေကို နားစွင့်ချိန်ထိုးပြီး အကဲဖြတ်ရမှာ ဖြစ်တယ်။ ဥပမာ အခုတစ်လော ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တို့မှာ အစိုးရဘက်က ထိုးစစ်ဆင်မှုတွေကို ပြုလုပ်နေတာကို ကြည့်ခြင်း အားဖြင့် ဒီငြိမ်းချမ်းရေး လမ်းကြောင်းအပေါ်မှာ နိုင်ငံတော် အစိုးရအနေနဲ့ ဘယ်လောက်အထိ commitment ရှိတယ်ဆိုတာကတော့ စဉ်းစားစရာဖြစ်နေပါတယ်။

NCAကို လက်မှတ်မထိုးနိုင်သေးတာက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေက ဒီအစိုးရကို မယုံကြည် သေးတာကြောင့် နှောင့်နှေးနေ တာလားဆိုပြီး ဝေဖန်မှုတွေရှိ တဲ့အပေါ် ဘာများရှင်းပြချင်ပါသ လဲ။

ကျွန်မတို့အနေနဲ့ တိုင်းရင်းသားဘက်ကတော့ ကြိုးစားပြီးတော့ NCA ရေးထိုးနိုင်ဖို့အတွက်အားလုံးကပဲ ကြိုးစားပြီးတော့ လုပ်ဆောင်နေတာဖြစ် တယ်။ တိုင်းရင်းသားဘက်က နှောင့်နှေးပြီးတော့ NCAကို လက်မှတ်မထိုး ချင်တာတော့ လုံးဝမရှိဘူး။ NCA ထိုးဖို့ အတွက်ကလည်း NCAထဲမှာ ပါဝင်တဲ့အချက်အ လက်တွေ၊ နိုင်ငံရေး အာမခံချက်ရှိတဲ့ အချက်အလက်တွေ၊ ပြီးတော့ အားလုံးက တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတွေရဲ့ ရှေ့သွားမယ့် အားလုံးအတွက် အာမခံချက်ရှိမှ အဲဒါကို ထိုးမယ်လို့။ အဲဒီအပေါ်မှာ ကျွန်မတို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အ စည်းတွေက ဒီအချက်အလက်တွေ ကို ပြည့်ပြည့်စုံစုံဖြစ်နိုင်ဖို့အတွက် ကျွန်မတို့ ကြိုးစားတာဖြစ်တယ်။ လက်မှတ်ထိုးရုံလောက်ပဲတော့ အဲဒါမဖြစ် နိုင်ဘူးပေါ့။ အချက် အလက်တွေအားလုံးက အာမခံချက်ရှိမှပဲ ကျွန်မတို့ ဆက်လက် ပြီးတော့ သွားလို့ရ တယ်။ NCAက လည်း ရှေ့သွားဖို့ အတွက် နိုင်ငံရေးဆွေးနွေးပွဲသွားနိုင်ဖို့အတွက် အခြေခံတစ်ခုဖြစ်တယ်။ အဲဒါကို ခိုင်မာတဲ့အခြေခံတစ်ခုရမှပဲ သွားလို့ရတယ်။ အဲဒါကြောင့် ကျွန်မတို့ကြိုးစားပြီးတော့ ဒါကိုရရှိနိုင်ဖို့ အတွက် ကြိုးစားတာဖြစ်တယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးဆိုင်ရာကိစ္စ ဖြစ်တယ်။ တစ်တိုင်းပြည် လုံး အတွက်လည်း ဖြစ်တယ်။ ပြီးတော့ ရှေ့သွားမယ့်အနာဂတ်မှာလည်း ကောင်းတဲ့ အရာတစ်ခုဖြစ်တယ်။ အဲဒါကြောင့် ကျွန်မတို့ သေသေချာချာ လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အချိန်ကတော့ မြန်မြန်မသွား ဘူး ဖြစ်တာပေါ့။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြင်သစ်သံ အမတ်ကြီးနဲ့တွေ့တဲ့အခါမှာ  နိုင်ငံရေးကနေ တပ်မတော် နောက်ဆုတ်ဖို့ ဆိုတာ အဲဒီ့အာမခံချက်တွေရှိမှဖြစ်မယ်၊ အဲဒါကလည်း နောက်ငါးနှစ်လည်း ဖြစ်ချင်ဖြစ်မယ်။ ၁၀နှစ်လည်း ဖြစ်ချင်ဖြစ်မယ်ဆိုပြီး တပ်ချုပ်က ပြောဖူး တယ်။ အဲဒီအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲရှင့်။

ကျွန်မတို့ဘက်ကတော့ ငြိမ်းချမ်းရေးကို လိုချင်တယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေး ကို ကြိုးစားပြီး တော့ လုပ်ဆောင်တာ ဖြစ်တယ်။ဒါပေမဲ့အဖြစ်မှန်ကတော့ တပ်မတော်က အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်တယ်။ တပ်မတော်က ပါဝင်မှု၊ တပ်မတော်က စိတ်ရင်းစေတနာမှန်ကန်ပြီးတော့ တကယ့်ကို ပြုပြင်ပြောင်းလဲဖို့ဆို ရင် အဲဒါကတော့ လုပ်လို့ရတယ်။ အမြန်ဆုံး လုပ်လို့ရတယ်။ကျွန်မတို့ တိုင်းရင်းသား ဘက်က တော့ မျှော်လင့်ချက်ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော် ဘက်ကတော့ သူတို့က အရေး ကြီးတဲ့ အခန်းကဏ္ဍဖြစ်တယ်။ 

လော်ခီးလာညီလာခံက ပြင်ဆင်ဖြည့်စွက်လိုတဲ့ ၁၃ ချက်ထဲမှာ၁၀ ချက်ကို ညှိနှိုင်းသဘောတူ လိုက်နိုင်ပြီ လို့ သတင်းစာရှင်းလင်းပွဲမှာပြောကြပါတယ်။ ဘယ်လိုအပေးအယူပုံစံနဲ့ သဘောတူလိုက်နိုင်တာပါလဲ။

ကျွန်မတို့ Senior Delegationအနေနဲ့ လော်ခီးလာကနေပြီး ပြင်ဆင်နိုင်ဖို့ ဆွေးနွေးပါဆိုပြီး ပေး လိုက်တဲ့  အချက် ၁၃ ချက် ရှိပါတယ်။ အဲဒီ ၁၃ ချက်ထဲမှာ အရေးအကြီးဆုံးလို့  ကျွန်မတို့ ယုံကြည်တဲ့ အချက်အား လုံးလိုလို ကို  ပြင်ဆင် ဖို့ အစိုးရက သဘောမတူပါဘူး။ ဥပမာစာချုပ်ထဲမှာ ‘‘ဥပဒေနှင့် အညီ’’ဆိုတာကို မထည့်ဖို့အတွက် ကျွန်မတို့ဘက်က အကြံပြုပါတယ်။ဘာလို့ လဲဆိုတော့ ကိစ္စတစ်ခုပေါ်လာတိုင်း အစိုးရအနေနဲ့တည်ဆဲဥပဒေအရဆိုတာ နဲ့ ချုပ်ပြီး စိတ်ကြိုက်ကိုင်တွယ်မှာကို ကျွန်မတို့ကစိုးရိမ်ပါတယ်။ ဒါပေမဲ့ အစိုးရဘက်ကတော့ ဒီစာလုံးတွေကို ဖယ်ရှားပေးဖို့ ငြင်းပါတယ်။ ဒီလိုအရေး ကြီးတဲ့ အချက်တော် တော်များများကို စာချုပ်နဲ့ပူးတွဲပါ ‘‘အစည်းအဝေးမှတ် တမ်း’’  ထဲမှာပဲ နှစ်ဖက် သဘောတူ အဓိပ္ပာယ် ဖွင့်ဆိုထားတာလေး တွေ ရှိပါတယ်။ အဲဒီလောက်နဲ့ပဲ သဘောတူညီမှုရရှိခဲ့တာပါ။

ကျန်တဲ့ သုံးချက်က ဘာတွေပါလဲ။ ဘာကြောင့် သဘောမတူနိုင်သေး တာပါလဲ။

အပြီးသတ်ညှိနှိုင်းဆွေးနွေးရန်ကျန်ရှိနေသေးတဲ့ သုံးချက် ကတော့ ‘‘လုံခြံရေးဆိုင်ရာပြည် လည်ပေါင်းစည်း ရေး’’ ဆိုတဲ့ စကားရပ်နဲ့ ပတ်သက်တဲ့ အချက် အပါအ၀င် တခြားလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတိုင်းကို အစိုးရခွင့်ပြု ချက်ရယူပြီးမှသာလျှင် ဆောင်ရွက်ခွင့်ရှိမယ်ဆိုတဲ့ ကိစ္စမျိုး ပါ။ဒီလိုမျိုးအရေးကြီးတဲ့ အချက်တွေ အပေါ်မှာ နှစ်ဖက်နားလည်မှု မရသေးသလို သဘောတူညီမှုလည်း မရရှိသေးပါဘူး။

အစိုးရဘက်က မတ် ၃၁ သမ္မတဦးသိန်းစိန်ရှေ့မှာအတည်ပြုလက်မှတ်ထိုး ခဲ့တဲ့ NCA မူကြမ်းအတိုင်း စာချုပ်လက်မှတ်ထိုးချင်တယ်လို့ ပြောပါတယ်။ အဲဒီသဘောထားကို ညှိနှိုင်းဖြေရှင်းဖို့ အခက်အခဲ ရှိနေပါ သလား။

ဒါကတော့ နားလည်ရခက်တဲ့ ကိစ္စတစ်ခုပါ။ ပြင်ဆင်လို့ မရတဲ့‘‘မူကြမ်း’’ ဆိုတာမျိုး ရှိလို့လားဆိုတာ မေးဖို့ ဖြစ်လာပါတယ်။ မပြင်ဆင်လိုတော့ဘူး ဆိုတဲ့သဘောထားကလည်း သိပ်ပြီးတင်းကျပ် တယ်လို့ မြင်ပါတယ်။ ဆွေးနွေးညှိနှိုင်းရေးဆိုတဲ့ သဘောသဘာဝနဲ့လည်း ဆန့်ကျင်နေပါတယ်။

သြဂုတ်ပထမပတ်ဆွေးနွေးပွဲမှာကော NCA စာချုပ်ကို အချောသပ်နိုင် ပါ့မလား။

လက်ရှိတပ်မတော်နဲ့ နိုင်ငံတော်အစိုးရအပေါ်မှာပဲ မူတည်နေပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေအားလုံး ပါဝင်နိုင်ဖို့လိုတယ်လို့ ကျွန်မတို့ဘက်က တင်ပြတာကို အစိုးရဘက်က လက်ခံဖို့ခက်ခဲနေတယ်။ ဟိုအဖွဲ့ချန်၊ ဒီအဖွဲ့ချန်လုပ်မယ် ဆိုရင်တော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲဖို့ခက်ခဲလိမ့်မယ်။ စာချုပ်ပဲ အဆုံး သတ်ပြီးတော့ ပစ်ခတ်တိုက်ခိုက်မှု အဆုံးမသတ်နိုင်တာမျိုးကိုတော့ ကျွန်မတို့ မလိုချင်ပါဘူး။

အပစ်ရပ်စာချုပ်အတည်ပြုနိုင်ပြီး ဘယ်သူတွေ လက် မှတ်ထိုးမလဲ။ ဘယ်သူတွေ အသိသက်သေလုပ် မလဲဆိုတာက ပြဿနာ ဖြစ်နေတာ ပါလား။

အသိသက်သေကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ဘက်က တင်ပြထားတဲ့ အချက်တွေရှိပါတယ်။ ဥပမာ - ပြည်တွင်းသက်သေများဆိုရင် ဘယ်သူတွေ ပါသင့် သလဲ။ ပြည်ပအသိသက်သေများ ဆိုရင် ဘယ်သူတွေပါသင့်သလဲ ဆိုတာမျိုးပေါ့။ ပြည်တွင်းအသိသက်သေများဆိုတဲ့ ကိစ္စမှာတော့ ဘာမှပြဿနာရှိမယ် မထင်ပါဘူး။ ဒါပေမဲ့ကျွန်မတို့တင်ပြတဲ့ ပြည်ပအသိသက်သေများဆိုတဲ့ အထဲမှာတော့အစိုးရဘက်က လက်မခံနိုင်တာ တွေရှိနေပါတယ်။ ကျွန်မတို့က တော့ ဒီ NCA စာချုပ်ကို နိုင်ငံတကာ အသိသက်သေတွေ အစုံအလင်နဲ့ လက်မှတ်ရေးထိုးတာမျိုးဖြစ် ချင်ပါတယ်။ အစိုးရကတော့ တချို့ကို အသိသက်သေအစား လေ့လာသူအနေနဲ့ပဲ  လက်ခံချင်တဲ့သဘောတွေ ရှိနေတာ တွေ့ရပါတယ်။

လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေးကိစ္စမှာလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က DDR ကိုပဲ လုပ်သင့်တယ်၊ လုပ်ရမယ်လို့ တောက်လျှောက် ပြောနေပါတယ်။ အဲဒီအပေါ် SDဘက်က ဘယ်လိုသဘော ထားပါသလဲ။ လက်နက်ဖြုတ်သိမ်းရေးလမ်းစဉ်က အဓိကအဟန့်အတား ဖြစ်နေပါသလား။

ဒီအချက်ဟာသိပ်အရေးကြီး ပါတယ်။ ဒီအချက်ကို ကျွန်မတို့ နှစ်ဖက်နား လည်မှု၊ သဘောတူညီမှု တိတိကျကျမရရှိဘူးဆိုရင် ရှေ့ဆက်မှာ ပြဿနာ တွေ အများကြီး ကြုံတွေ့လာနိုင်ပါတယ်။ တကယ်တော့ လုံခြုံရေးဆိုင်ရာ ပြည်လည်ပေါင်းစည်းရေးဆိုတာ SSR-DDRနှစ်ခုစလုံးပါဝင်ရမယ့် ကိစ္စပါ။ ပေါင်းစည်းမယ်၊ မပေါင်းစည်းဘူး။ ဘယ်လိုပုံစံ ပေါင်း စည်းမလဲ ဆိုတာ တွေကို SSR မူဘောင်ချမှတ်ပြီး ရလဒ်အပေါ်မှာ ဆက်ပြီး စဉ်းစားရမယ့် ကိစ္စတွေဖြစ်ပါတယ်။ DDR တစ်ခုတည်းကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ကျွန်မတို့ ယူဆပါတယ်။

မကြာသေးခင်ကပဲ ပြည် ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး မဲခွဲခဲ့ကြတဲ့ ခါမှာ ပြည်နယ်/တိုင်းဒေသကြီး တွေရဲ့ ဝန်ကြီးချုပ်တွေကို သမ္မတ က တိုက်ရိုက်ခန့်အပ်ခြင်းအစား သက်ဆိုင်ရာ ဒေသက ရွေးကောက်တင်မြှောက်ဖို့ တောင်းဆို ပြင်ဆင်ချက်ကို တပ်မတော်သား ကိုယ်စားလှယ်တွေက ငြင်းဆို ကန့်ကွက်ခဲ့ကြပါတယ်။ ဒါက  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဘယ်လို သက်ရောက်မှု ရှိပါသလဲ။ ဒီအချက် တွေကတော့ လုံးဝအားရစရာမရှိပါဘူး။ တပ်မတော်ရဲ့ နိုင်ငံတော်အပေါ်မှာ၊ ပြုပြင်ပြောင်းလဲရေး အပေါ်မှာ ထားတဲ့သဘောထားက သိပ်ပြီး ပေါ်လွင် နေတယ်။ တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်ရတဲ့အနေအထားမျိုး ပါလို့  ကျွန်မ ပြောချင်ပါတယ်။

လူမှုအဖွဲ့အစည်းတွေ၊ ပြည်တွင်းအမျိုးသမီးအဖွဲ့တွေနဲ့ KNU ရဲ့ဆက်ဆံရေးက ဘယ်လိုရှိပါသလဲ။ အမျိုးသမီးအဖွဲ့တွေအပေါ် ဖဒိုနော်စီဖိုးရာစိန်ရဲ့ သဘောထားကကော ဘယ်လိုရှိပါသလဲ။

KNU ဟာ ကရင်တစ်မျိုးသားလုံး (ပြည်တွင်း၊ ပြည်ပ) အားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ် တဲ့အတွက်ကြောင့် ပြည်တွင်းပြည်ပမှာရှိတဲ့ ကျွန်မတို့ လူမျိုးအားလုံးရဲ့ အကြံပြုချက်ကို ရယူစဉ်းစားပြီး သူတို့ထောက် ခံမှု၊ ပံ့ပိုးမှုကို အရယူသွားဖို့ ကျွန်မတို့  အမြဲတမ်းကြိုးပမ်းသွားရမှာပါ။  အဲဒီလိုပဲ ကျွန်မ ခံယူထားပါတယ်။ ကျွန်မတို့ကတော့ ပြည်သူလူထုသဘော ထားနဲ့ အားပေးထောက်ခံမှုကို တန်ဖိုးထား တယ်။ အားကိုးပါတယ်။

အခု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့အဆင့်မြင့်ကိုယ်စားလှယ်ခေါင်း ဆောင် အမျိုးသမီး အဖြစ်နဲ့ တာဝန်ယူတဲ့အခါမှာ ရင်ဆိုင်ရတဲ့အခက်အခဲတွေ ရှိပါသလား။ ဒါဟာ မြန်မာ့သမိုင်းမှာပထမဆုံးအထင်ကရ အရေးကြီး ခေါင်းဆောင်နေရာကို အမျိုးသမီးတစ်ဦးက နေရာယူနိုင်တာပါပဲ။ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာလည်း အစိုးရဘက်က အမျိုးသားတွေချည်းပဲ နေရာယူကြတော့  ဆရာမအပေါ် သူတို့ဘက်က တုံ့ပြန်မှုအနေအထား ဘယ်လိုရှိပါသလဲ။

ကျွန်မအနေနဲ့ကတော့ အမျိုးသမီးတစ်ဦးအနေနဲ့ ဒီတာဝန်ကိုယူရတဲ့အတွက် ခက်ခဲတယ်လို့  မယူဆဘဲ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ်၊ အမှန်တရားအပေါ်မှာ ပြည်သူတွေဘက်ကနေပြီး ပြောသင့်တာ ကို ပြောရဲ၊ လုပ်သင့်တာကို လုပ်ရဲတဲ့ သူတစ်ယောက်ဖြစ်ဖို့ ကိုပဲ အဓိကထားပါတယ်။ ခေါင်းဆောင်တစ် ယောက် ဖြစ်လာတယ်၊ မဖြစ်လာဘူးဆိုတာကတော့  ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက် နဲ့ ရွေးချယ်မှုအပေါ်မှာ မူတည်ဖို့ အရေးကြီးတယ်လို့ ကျွန်မမြင်ပါတယ်။ 

အဲဒီတော့ TNLA၊ AA၊ MNDAAတို့ပါမှ SD ဘက်က လက်မှတ်ထိုးမှာလား။

ကျွန်မတို့ဘက်ကတော့ အားလုံးပါဝင်ဖို့အတွက်ကြိုးစားနေတယ်။ အခုဆိုရင်လည်း ကျွန်မတို့စကားပြောနေ ဆဲမှာပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နည်၊ ကရင်ပြည်နယ်မှာလည်း ဖြစ်နေတဲ့ အတွက်ကြောင့် ဒါကိုတစ်နိုင်ငံလုံးဖြစ်မယ်ဆိုရင် တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်ဖို့ ကျွန်မတို့ အများကြီးမျှော်လင့် တယ်။ အခုစကားပြော နေဆဲမှာပဲ ကချင်ပြည်နယ်မှာ အကြီးအကျယ် တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ကြောင့် အရေးကြီးတာ က တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးပါဝင်နိုင် မှပဲ ဗမာ့တပ်မတော်က စစ်ဆင်ရေးကို နည်းနည်း ရပ်ဆိုင်းလို့ရမှာဖြစ်တယ်။ 

ဖဒိုနော်စီဖိုးရာစိန်ကို hardlinerလို့ တချို့ကဝေဖန်ကြပါတယ်။ အဲဒီအပေါ် ဘာများတုံ့ပြန်ချင်ပါ သလဲ။ 

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ hardliner - softliner (သဘောထားတင်းမာသူ၊ သဘောထား ပျော့ပျောင်းသူ)ဆိုတဲ့ အတွေးမျိုး ကျွန်မမှာ မရှိပါဘူး။ ပြည်သူတွေဘက်က ရပ်တည်သလား၊ မရပ်တည်ဘူး လားဆိုတာကသာ ပိုပြီးအရေးကြီးပါတယ်။ မိမိတို့ အဖွဲ့အစည်းရဲ့ ချမှတ် ထားတဲ့ မူအပေါ်ရပ်တည်သလား၊ မရပ်တည်ဘူးလား ဆိုတာကသာလျှင် ခေါင်းဆောင်မှု အရည်အချင်းကို အသိအမှတ်ပေးရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး အစစ်အမှန်ရရှိဖို့အတွက်ဆိုရင် ဘယ်လိုဆုံးဖြတ်ချက်မျိုးမဆို ကျွန်မ ချရဲပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်သူကို စကားလက်ဆောင်ပါး ပေးပါဦး။

ပြည်တွင်းစစ် မီးလျှံထဲမှာ ကျွန်မကိုယ်တိုင် ကြီးပြင်းလာခဲ့ရသူ တစ်ယောက် ဖြစ်ပါတယ်။ ဒီပြည်တွင်းစစ်မီး လျှံကို နောင်လာမယ့် မျိုးဆက်သစ်တွေအ တွက် မထားခဲ့ဖို့ အားလုံး ဘုံရည်မှန်းချက်အနေနဲ့ သန္နိဋ္ဌာန် ချထားနိုင်ဖို့လို ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းရာမှာတစ်တိုင်းပြည် လုံးမှာရှိတဲ့ ပြည်သူတွေအတွက် ကြည့်ပြီး ရေရှည်တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေး ကိုရဖို့ ကျွန်မတို့က ကြိုးစားလုပ် ဆောင် ရမှာဖြစ်သလို ပြည်သူတွေကလည်း ကျရာအခန်းကဏ္ဍကနေပြီး ပါဝင်ကြိုးစားအားထုတ်ရ မှာ ဖြစ်ပါတယ်။ အားလုံးညီညီညွတ်ညွတ်နဲ့ ပွင့်ပွင့်လင်းလင်းဖြောင့် ဖြောင့် မတ်မတ် ကြိုးစားအားထုတ်သွားဖို့ ကျွန်မဆုံးဖြတ်ထားတယ် လို့ပဲ ပြောပါ ရစေ။

ကျေးဇူးအထူးတင်ရှိပါတယ်။
7Day News Journal 

No comments:

Post a Comment

My Blog List