Wednesday, July 29, 2015

ပုဒ်မသုံးခုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော မိုးကုတ်မြို့ ရေပူကျောင်း ဆရာတော် လေးကြိမ်မြောက် ရုံးထုတ်တွင် ကျောက်မျက်ဥပဒေဖြင့် တရားလိုနှင့် လိုပြသက်သေသုံးဦးအား စတင်စစ်ဆေး





ပုဒ်မသုံးခုဖြင့် တရားစွဲဆို လူဝတ်လဲ ဖမ်းဆီးခံထားရသော မိုးကုတ်မြို့ ရေပူကျောင်းဆရာတော်ကို ဇူလိုင် ၂၇ ရက်က လေးကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့ပြီး တရားလိုနှင့် လိုပြသက်သေ သုံးဦးအား စတင်စစ်ဆေးခဲ့ ကြောင်း သိရသည်။

ရေပူဆရာတော်အပါအ၀င် အရပ်သား လေးဦး၏ လေးကြိမ်မြောက် ရုံးထုတ်ကို ဇူလိုင် ၂၇ ရက်က မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် တရားရုံး၌ ပြုလုပ်ခဲ့ပြီး ကျောက်မျက်ရတနာ ဥပဒေနှင့် တရားစွဲဆိုထား သည့် မြန်မာ့ကျောက်မျက်ရတနာ တူးဖော်ရေးဌာန (မိုးကုတ်မြို့) ဒုတိယ ညွှန်ကြားရေးမှူး တရားလို ဦးမောင်မောင်ရှိန်နှင့် တရားလိုပြသက်သေ သုံးဦးတို့ကို စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

“တရားလိုရဲ့ ထွက်ဆိုချက်ကတော့ ကျောက်မျက်တူးဖော်တယ်လို့ပဲ ထွက်ဆိုပါတယ်။ စေတီဟောင်းတွေ ကို ရှင်းလင်းရာမှာ မြို့နယ်သံဃာ့ နာယကရဲ့ ခွင့်ပြုချက်နဲ့ လုပ်တယ်ဆိုတာ သိရှိပါသလားလို့ တရားလို ဦးမောင်မောင်ရှိန်ကို မေးမြန်းတဲ့အခါ ခွင့်ပြုချက်နဲ့ ရှင်းလင်းတယ်ဆိုတာ မသိရှိပါဘူးလို့ တရားခွင်မှာ ထွက်ဆိုသွားပါတယ်” ဟု ဆရာတော် အမှုကိစ္စအား လိုက်ပါ အကျိုးဆောင်သူ ရှေ့နေ ကိုဆန်းထွန်းအောင် က ပြောကြားသည်။

“ဘုရားတည်တယ်ဆိုတာ မြေဖြန့် မြေညှိပြီးမှ ဘုရားတည်လို့ ရတယ်။ မိုးကုတ်မှာ အိမ်သာကျင်းတူးတယ် ဆိုရင်တောင် သက်ဆိုင်ရာကို ခွင့်ပြုချက် ယူရမယ်ဆိုတာ သိတဲ့အတွက် ကျောက်မျက်ဌာနကို မိတ္တူပို့ပြီး အသိပေးခဲ့တယ်။ ဒါပေမဲ့ ကျောက်မျက်က တရားဝင်တားမြစ်ခြင်း မရှိဘဲ ရုတ်တရက် အခုလို လုပ်ခဲ့တယ်” ဟု ရေပူကျောင်း ဆရာတော်က တရားရုံးသို့ ရောက်ရှိစဉ် ပြောကြားသည်။

အမှုစစ်ရာတွင် တရားလို ဦးမောင်မောင်ရှိန် အပါအ၀င် ကျောက်မျက်ဌာနမှ ဦးကိုကိုဝင်းမြင့်၊ ဦးသောင်း၊ ဦးဝင်းသန်းတို့ကို နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ နှစ်ဖက်အကျိုးဆောင် ရှေ့နေများက တစ်ဦးချင်းစီ အပြန်အလှန် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

ရေပူကျောင်း ဆရာတော်အား သာသနာညှိုးနွမ်းစေမှု၊ တရားမ၀င် ကျောက်မျက်တူးဖော်မှုနှင့် သစ်စုပုံမှုတို့ ဖြင့် လူဝတ်လဲ ဖမ်းဆီးခံထားရပြီး ဆရာတော်နှင့်အတူ အရပ်သား လေးဦးအား ကျောက်မျက်တူးဖော်မှုဖြင့် တရားစွဲဆို ဖမ်းဆီးထားရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်း ဆရာတော်အား တရားမ၀င် ကျောက်မျက်တူးဖော်ခြင်း နှင့် သစ်စုပုံထားခြင်း အပါအ၀င် စေတီများ ဖြိုဖျက်မှုဖြင့် ဇွန် ၉ ရက် ညပိုင်းက လူဝတ်လဲ၍ ၀င်ရောက် ဖမ်းဆီးခဲ့ပြီး စေတီများ ဖြိုဖျက်မှုနှင့်ပတ်သက်၍ (ပ)၆၄/၂၀၁၅ ပြစ်မှု ပုဒ်မ၂၉၅ ဖြင့် လည်းကောင်း၊ မြေစာ များအား ရေပိုက်များဖြင့် ထိုးပတ်မှုကို (ပ) ၆၃/၂၀၁၅ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က) (ခ) အရလည်းကောင်း၊ သစ်စုပုံထားခြင်းနှင့်ပတ်သက်၍ သစ်တောပုဒ်မ ၄၂ (ခ) ဖြင့် အမှုဖွင့် အရေးယူ ထားရှိကြောင်း၊ ရေပူကျောင်း ဆရာတော်ကို  ဇွန် ၂၃ ရက် နံနက်ပိုင်းက မိုးကုတ်မြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်မှု ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ရုံးထုတ်မှုကို ဇူလိုင် ၇ ရက်က ပြင်ဦးလွင်ခရိုင် တရား ရုံးသို့ ပြောင်းရွှေ့ရုံးထုတ်ခဲ့ပြီး သုံးကြိမ်မြောက် ရုံးထုတ်မှုကိုလည်း ပြင်ဦးခရိုင် တရားရုံးတွင် ဇူလိုင် ၁၇ ရက်က ပြုလုပ်ခဲ့ကြောင်း၊ ထပ်မံ၍ငါးကြိမ်မြောက် ရုံးထုတ်ကို သြဂုတ် ၃ ရက်တွင် ပြင်ဦးလွင်ခရိုင် တရားရုံး ၌သာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ရေပူကျောင်း ဆရာတော်ကို မိုးကုတ်မြို့ တောင်ကချင်ရပ်ရှိ အချုပ်ထောင်တွင် ထားရှိရာမှ ဇူလိုင် ၂ ရက်တွင် ပြင်ဦးလွင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင် ၇ ရက်မှ စတင်၍ ယနေ့အချိန်ထိ မန္တလေး အိုးဘို အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List