Monday, July 27, 2015

ကင်ညာနှင့် အမေရိကန် ပူးပေါင်းကာ အကြမ်းဖက်အုပ်စုများကို ရင်ဆိုင်တိုက်ခိုက်မည်ဟု အိုဘားမား ပြောကြား


အမေရိကန်ပြည်ထောင်စုနှင့် ကင်ညာနိုင်ငံတို့သည် အကြမ်းဖက်ဝါဒကို ရင်ဆိုင်ချေမှုန်းရာတွင် ညီညွတ်မှု ရှိသည့် နိုင်ငံများ ဖြစ်သည်ဟု ကင်ညာသို့ အလည်အပတ် ရောက်ရှိနေသည့် သမ္မတအိုဘားမားက ပြော ကြားလိုက်ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။

ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီတွင် သမ္မတ အူရူကင်ညာတာနှင့်အတူ ကျင်းပပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် အိုဘားမားက ကင်ညာနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်ဝါဒကို တန်ပြန်ချေမှုန်းရာတွင် အထူးသဖြင့် အယ်လ်ရှာဘတ် စစ်သွေးကြွများ အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ထားပြီ ဖြစ်သည်ဟု ဆိုသည်။

ကင်ညာနိုင်ငံ ဂါရစ်ဆာနှင့် နိုင်ရိုဘီရှိ ဝက်စ်ဂိတ် ရှော့ပင်းမောလ်တို့တွင် အယ်လ်ရှာဘတ် စစ်သွေးကြွ တို့၏ ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက်မှု ခံခဲ့ရသော်လည်း ကောင်းစွာ ဖြေရှင်းရပ်တည်နိုင်ခဲ့သည့် ကင်ညာပြည်သူများကို အထူးပင် ချီးမွမ်းကြောင်း အိုဘားမားက ဆိုသည်။

“အယ်လ်ရှာဘတ် စစ်သွေးကြွအုပ်စုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ကျွန်တော်တို့တစ်တွေ စနစ် တကျ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ လျော့ကျသွားအောင် လုပ်နိုင် ခဲ့သလို စစ်ဆင်ရေး လုပ်နေတဲ့ ကွန်ရက်တွေကိုလည်း အားအင်ချည့်နဲ့သွားအောင် လုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်၊ ဒါပေမဲ့ အယ်လ်ရှာဘတ် ပြဿနာ ဖြေရှင်းလိုက်နိုင်ပြီလို့ ပြောလို့ မရသေးပါဘူး” ဟု အိုဘားမားက ပြော ကြားသည်။

အထူးသတိထားရမည့် အချက်မှာ အကြမ်းဖက်သမားများကို နှိမ်နင်းသည့်အခါ လူ့အဖွဲ့အစည်းတွင်းရှိ အပြစ် မရှိသူများကို မှားယွင်းစွာ ပစ်မှတ်ထားခြင်း၊ သို့မဟုတ် လွတ်လပ်မှုများကို ကန့်သတ်ခြင်း အစရှိသည် တို့ မလုပ်ဆောင်မိရန် လိုအပ်သည်ဟု ၎င်းက သတိပေး ပြောကြားသည်။

ကင်ညာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးများ ပြုလုပ်ရာတွင် နိုင်ငံတွင်းရှိ မွတ်ဆလင်များနှင့် ဆိုမာလီ လူနည်းစုများကို ပစ်မှတ်ထား ညှဉ်းပန်းနှိပ်စက်လေ့ ရှိသည်ဟု လူ့အခွင့်အ ရေး စောင့်ကြည့်လေ့လာရေး အုပ်စုများက ပြောကြားသည်။

သို့သော် သမ္မတ အူရူကင်ညာတာက ကင်ညာနိုင်ငံသည် အကြမ်းဖက်ဝါဒကို တိုက်ခိုက်နှိမ်နင်းရာတွင် တိုးတက်မှုများ ရှိထားပြီ ဖြစ်ကြောင်း ပြောကြားသည်။

“ဒီတိုက်ပွဲဟာ ကျွန်တော်တို့တစ်တွေ ဆက်တိုက်နေရမယ့် တိုက်ပွဲတစ်ခုပါ၊ ကျွန်တော်တို့တစ်တွေ အသား တကျ မဖြစ်သေးတဲ့ စစ်ဆင်ရေးတစ်ခု ဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ ကင်ညာဟာ ဘာသာခြားတွေအပေါ် အမြဲတစေ လေးစားမှုထားတဲ့ နိုင်ငံတစ်နိုင်ငံပါ” ဟု ၎င်းက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List