Wednesday, July 29, 2015

မိုးကုတ် ရေပူဆရာတော်အမှု လွတ်လပ်စွာ တရားစီရင်မည်ဟု ခရိုင်တရားသူကြီး ပြောကြား


မြန်မာ့ကျောက်မျက်လုပ်ငန်း ဥပဒေအပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲ ဆိုခံနေရသော မိုးကုတ်မြို့ ရေပူ ဆရာတော်အမှုကို မည်သူတစ်ဦး တစ်ယောက်၏ အနှောင်အဖွဲ့မှ မပါဘဲ လွတ်လွတ်လပ်လပ် တရားစီရင် သွားမည် ဖြစ်၍ ရေပူဆရာတော် အနေနှင့် စိတ်ကိုတည်ငြိမ်အောင် ထားစေလိုကြောင်း ပြင်ဦးလွင်ခရိုင် တရားသူကြီးက ဇူလိုင်လ ၂၇ ရက်နေ့က ပြုလုပ်သည့် တရားခွင်၌ ပြောကြားသည်။

မိုးကုတ် ရေပူဆရာတော်ကို ပြင်ဦးလွင်ခရိုင် တရားရုံးတွင် သုံးကြိမ်မြောက် ရုံးထုတ်ကာ တရားလိုနှင့် တရားလိုပြ သက်သေသုံးဦးကို ဇူလိုင်လ ၂၇ ရက်နေ့က စစ်ဆေးခဲ့ကြောင်း ယင်းတရားရုံး စစ်ဆေးချက် အရ သိရှိရသည်။

“ကျွန်တော်အပါအဝင် ဌာနက ဦးကိုကိုဝင်းမြင့်၊ ဦးသောင်း၊ ဦးဝင်းသန်းတို့ လာရောက် သက်သေခံတာပါ” ဟု မြန်မာ့ကျောက်မျက် တူးဖော်ရေးလုပ်ငန်း (မိုးကုတ်) ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်ရှိန်က ဆိုသည်။

ရေပူဆရာတော်၏ ငါးကြိမ်မြောက် ရုံးချိန်းကို သြဂုတ်လ ၃ ရက်နေ့တွင် ထပ်မံဆင့်ဆိုပြီး တရားလိုပြသက် သေ သုံးဦးကို ထပ်မံစစ်ဆေးမည် ဖြစ်ကြောင်း ဆရာတော်၏ ဥပဒေ အကျိုးဆောင်ရှေ့နေ ဦးဆန်းထွန်း အောင်က ပြောကြားသည်။

မိုးကုတ်မြို့ ရေပူကျောင်းဆရာတော်သည် ကျောင်းဝင်းအတွင်း ကျောင်းဆောက်လုပ်ရန်နှင့် ဓာတ်ပေါင်း စုစေတီ ဆောက်လုပ်ရန်အတွက် မြို့နယ်သံဃနာယက အဖွဲ့ ဆရာတော်များ၏ ခွင့်ပြုချက်ဖြင့် စေတီ ဟောင်းမြေနေရာကို မြေကော်စက်ဖြင့် ရှင်းလင်းမှုများ ပြုလုပ်ခြင်း၊ ယင်းမြေကို ဇလုပ်ခံကာ ရေပိုက်ဖြင့် ထိုး၍ အခြားနေရာသို့ ရွှေ့ပြောင်းခြင်း၊ ကျောင်းဆောက်လုပ်ရန်အတွက် သစ်မာ ၁၄ တန်ကျော် စု ဆောင်ခြင်းများ ပြုလုပ်မှုဖြင့် သာသနာညှိုးနွမ်းမှု ပုဒ်မ ၂၉၅(က)၊ မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်း ဥပဒေ ၄၁(က)(ခ)၊ သစ်တောဥပဒေပုဒ်မ ၄၂ (ခ) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မိုးကုတ်မြို့ ရဲတပ်ဖွဲ့စခန်း ထံမှ သိရသည်။

မိုးကုတ်မြို့ ရေပူဆရာတော်သည် ရွှေဝါရောင် သံဃာ့အရေးအခင်းတွင် ပါဝင်ခဲ့ပြီး မိုးကုတ်မြို့ ပတ္တမြားမြေ ငြိမ်းချမ်းရေးကွန်ရက် နာယကဆရာ တော်တစ်ပါး အဖြစ် ပရဟိတ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြို့ခံ လူထု၏ ကြည်ညိုလေးစားခြင်း ခံထားရသော ဆရာတော်တစ်ပါး ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List