Wednesday, July 29, 2015

ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရသော မိကျောင်းကန်ပြည်သူ ၁၄ ဦးအနက် နှစ်ဦးအား တရားရုံးကဆက်လက်စစ်ဆေး


မဟာဗန္ဓုလပန်းခြံနံဘေးတွင် သပိတ်စခန်းဖွင့်ဆန္ဒပြမှုကြောင့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသော မိကျောင်းကန်ပြည်သူ ၁၄ ဦးထဲမှ နှစ်ဦးအား ကျောက်တံတားတရားရုံးနှင့်  လသာစည်ပင်တရားရုံးတို့တွင် ဇူလိုင် ၂၈ ရက်က ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါမိကျောင်းကန်ပြည်သူ ၁၄ ဦးအား ကျောက်တံတားတရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး ဇူလိုင် ၂၈ ရက်ရုံးချိန်းတွင် တရားစွဲခံပြည်သူများထဲမှ ဦးမျိုးချစ်နှင့် ဦးထွန်းထွန်းဝင်းတို့အား စစ်ဆေး ခဲ့ခြင်းဖြစ်ကာ စုစုပေါင်းမိကျောင်းကန်ပြည်သူရှစ်ဦးအား စစ်ဆေးပြီးဖြစ်ကြောင်း၊ ခြောက်ဦးသာစစ်ဆေးရန် ကျန်ရှိတော့ကြောင်း သိရသည်။

ထို့ပြင် လသာစည်ပင်တရားရုံး၌ အဆိုပါ ၁၄ ဦးကိုပင် စည်ပင်သာယာရေး အက်ဥပဒေ ပုဒ်မ ၆၈ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ယခင်ရုံးချိန်းတွင် စွဲချက်တင်ခဲ့ခြင်းဖြစ်သဖြင့် ယခု ဇူလိုင် ၂၈ ရက်ရုံးချိန်းတွင်  မိကျောင်းကန် ပြည်သူများထဲမှ နှစ်ဦးအား ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။

"ဒီနေ့ကျောက်တံတားတရားရုံးမှာက ဦးမျိုးချစ်နဲ့ ကိုထွန်းထွန်းဝင်းတို့ကို စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းက တော့ ၁၃ ချိန်းမြောက်ရုံးချိန်းပါ။ တရားလိုနဲ့ လိုပြသက်သေတွေအားလုံးကို စစ်ဆေးပြီးသွားပြီ၊ ခုတရားစွဲခံ ထားရတဲ့သူတွေကို ဆက်လက်စစ်ဆေးနေတာပါ။ ဒီနေ့စစ်ဆေးသွားတဲ့သူ နှစ်ယောက်နဲ့ဆိုရင် တရားစွဲ ခံထားရသူထဲက ရှစ်ယောက်ကို စစ်ဆေးပြီး သွားပါပြီ။ ခြောက်ယောက်ကိုစစ်ဆေးဖို့ပဲ ကျန်ပါတော့တယ်။ နောက်ပြီး လသာစည်ပင်တရားရုံးမှာ စည်ပင်အက်ဥပဒေပုဒ်မ ၆၈ နဲ့ ဒီ ၁၄ ယောက်ကိုပဲ တရားစွဲခံထားရ တဲ့အမှုက အရင်တစ်ပတ်ရုံးချိန်းက စွဲချက်တင်ခဲ့တယ်။ ဒီနေ့ရုံးချိန်းမှာ တရားစွဲခံရထားရသူတွေထဲက နှစ်ယောက်ကိုဆက်ပြီး စစ်ဆေးတာပါ" ဟု မိကျောင်းကန်ပြည်သူ ၁၄ ဦး၏ ရှေ့နေဒေါ်သဇင်အေး က ဇူလိုင်၂၈ ရက်တွင်ပြောကြားသည်။

တရားစွဲခံထားရမှုနှင့်ပတ်သက်၍ တရားစွဲခံ မိကျောင်းကန်ပြည်သူတစ်ဦး ဖြစ်သူ ဦးမောင်မောင်(ခ)ဦးဝင်းရွှေက "ကျွန်တော်တို့ အခုတရားရုံးမှာ တရားရင်ဆိုင်နေရတာ ရုံးချိန်း ၁၃ ချိန်းရှိပါပြီ။ ပုဒ်မ ၁၈ နဲ့ ကျောက်တံတား တရားရုံးမှာရယ်။ စည်ပင်သာယာရေးအက်ဥပဒေ ပုဒ်မ ၆၈ နဲ့ လသာ စည်ပင်တရားရုံးမှာ ရယ် တရားရင်ဆိုင်နေရတာပါ။ ကျွန်တော်တို့က ကိုယ့်ရဲ့မြေကိုကိုယ်ပြန်တောင်းတာကို မတရား ကျွန် တော်တို့ကို တရားစွဲထားတာလို့ထင်တယ်။ ကျွန်တော်တို့တောင်းတာကို ဖြေရှင်းမပေး ဘူး။ ဖမ်းဆီးတယ်၊ တရားစွဲတယ်။ သူတို့ပြောတာက ဥပဒေဘောင်အတွင်း က ပြန်တောင်းပါလို့ပြောလို့ တောင်းတော့လည်း မရဘူး။ အခုဒီလို တရားစွဲ ခံထားရတာတော့ မတရားဘူးလို့ထင်ပါတယ်" ဟု ဇူလိုင် ၂၈ ရက်နေ့ ရုံးချိန်း အပြီးတွင် ပြောကြားသည်။

မဟာဗန္ဓုလပန်းခြံနံဘေးတွင် သပိတ်စခန်းဖွင့်ဆန္ဒပြသည့် ရက်ပေါင်း(၃၄၀)ပြည့်သည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် စည်ပင်ရဲများ၊ သက်ဆိုင်ရာမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင် ၂၅ ဦးနှင့် အရပ် ၀တ်အင်အား ၇၅ ဦးတို့က သပိတ်စခန်းအား လာရောက်ဖြိုခွင်းခဲ့ပြီး ၎င်းတို့ ၁၄ ဦးအား ဖမ်းဆီးကာ ကျောက်တံတားတရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ လသာစည်ပင်တရားရုံးတွင် စည်ပင်သာယာ ရေး အက်ဥပဒေပုဒ် ၆၈ ဖြင့်လည်းကောင်း တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် မှ ၂၃ ရက်ထိ မြို့တော်ခန်းမရှေ့ ထွက်ပေါက်အား ပိတ်ဆို့ကာ သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့သဖြင့် ဆန္ဒပြသူ ၁၄ ဦးအား ကျောက်တံတားမြို့နယ်တရားရုံးက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပုဒ်မ- ၁၈၊ ပုဒ်မ-၄၃၁၊ ပုဒ်မ-၁၄၃ တို့ဖြင့် စုစုပေါင်းထောင်ဒဏ်ခြောက်လစီ ကျခံစေရန် အမိန့်ချ မှတ်ခဲ့ပြီး လက်ရှိအချိန်တွင် ပြန်လည်လွတ်မြောက်လာ ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။  

Eleven Media Group

No comments:

Post a Comment

My Blog List