Monday, July 27, 2015

တိုကျို လူနေရပ်ကွက် တစ်ခုပေါ်သို့ လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ လူသုံးဦး သေဆုံး



ဂျပန်နိုင်ငံ မြို့တော် တိုကျို၏ လူနေရပ်ကွက် တစ်ခုပေါ်သို့ ဇူလိုင် ၂၆ ရက်က လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ နေအိမ်အချို့ မီးလောင်ကျွမ်း ခဲ့ပြီး သေဆုံးသူ သုံးဦး၊ ဒဏ်ရာရသူ ငါးဦး ရှိခဲ့ကြောင်း အစိုးရ နှင့် ဒေသတွင်း မီဒီယာများတွင် ဖော်ပြခဲ့သည်။

ထို ပျက်ကျခဲ့သည် လေယာဉ်ငယ်ကို အသက် ၃၆ နှစ်အရွယ် လေယာဉ်မှူး တစ်ဦးက မောင်းနှင်လာခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည်လေးဦး လိုက်ပါလာကြောင်း သိရသည်။ လေယာဉ်သည် တိုကျိုမြို့ရှိ ချိုဖူလေဆိပ်မှ ထွက်ခွာလာပြီး မကြာမီမှာပင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံသတင်းဌာန NHK ၌ ဖော်ပြခဲ့သည်။

လက်ရှိအချိန်အထိ လူသုံးဦးကို ကယ်ဆယ်ထားနိုင်ပြီ ဖြစ်သည်ဟု တိုကျို မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိ သူက ပြောကြားခဲ့သည်။ သို့သော် ကယ်ဆယ်ခဲ့သူများ အခြေအနေ အပါအ၀င် အသေးစိတ် အကြောင်းအ ရာများကို မသိရသေးဟု ၎င်းကဆိုခဲ့သည်။

ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ နှစ်ဦးနှင့် လေယာဉ်ပျက်ကျသည့် နေရာတွင် နေထိုင်သော အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ငါးဦးရှိသည်ဟု သိရသည်။ လေယာဉ်ပေါ်မှ သေဆုံးသူနှစ်ဦးမှာ လေယာဉ်မှူးနှင့် အမျိုးသားခရီးသည် တစ်ဦးတို့ ဖြစ်သည်။

“တုန်ခါသံကြီး တစ်ခုကို ကျွန်မ ကြားလိုက်ရတဲ့ အချိန်မှာ ဘေးအိမ်ကို ထရပ်ကား အကြီးကြီးတစ်စင်း ၀င်တိုက်သွားတယ်လို့ပဲ ထင်မိတာပါ။ အဲဒီနောက် မီးခိုတွေ အများကြီး ထွက်လာတာကို မြင်ခဲ့ရပါတယ်” ဟု မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

လေဆိပ်မှ မီတာ ၅၀၀ ကွာဝေးသည့် ချိုဖူ လူနေရပ်ကွက်ပေါ်သို့ လေယာဉ်ပျက်ကျမှုကြောင့် နေအိမ်သုံး လုံးနှင့် ကားနှစ်စီးထက်မနည်း မီးလောင်ခဲ့ရသည်။ ထိုပျက်ကျမှုကြောင့် အခြားနေအိမ် ခေါင်မိုးများလည်း ပျက်စီးခဲ့သည်ဟု မီဒီယာများတွင် ဖော်ပြခဲ့သည်။

ရုပ်သံသတင်းများ၌ မီးသတ်သမားများက မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေသည်ကို တွေ့ရပြီး ပျက်ကျခဲ့သည့် လေယာဉ်၊ ပိမိနေသော ကားတစ်စင်းနှင့် မီးလောင်ကျွမ်းခံထားရသော နေအိမ်တစ်လုံးကိုလည်း တွေ့ခဲ့ ရသည်။ “ဒီနေရာဟာ လေဆိပ်နဲ့ တော်တော်လေး နီးပါတယ်။ ဒါပေမဲ့ ဒီပေါ်ကို လေယာဉ်တစ်စင်း ပျက်ကျလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး” ဟု အသက် ၈၂ နှစ်အရွယ် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောကြားခဲ့သည်။

အင်ဂျင်တစ်လုံးတပ် ထိုလေယာဉ်သည် ပစိဖိတ်သမုဒ္ဒရာထဲရှိ အစ်ဇိုရှီးမားကျွန်းသို့ ဦးတည်ပြီး တစ်ရက် ကြာ လေ့ကျင့်ရေးခရီးစဉ် ပျံသန်းရန် ထွက်ခွာစဉ် ယခုကဲ့သို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။

ရဲများကမူ လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ စုံစမ်းနေဆဲ ဖြစ်သည်။

Ref:AFP
Eleven Media Group

No comments:

Post a Comment

My Blog List