Monday, July 27, 2015

မြန်မာနိုင်ငံ အထက်ပိုင်းကို လှုပ်ခတ်သွားစေတဲ့ ရေကြီးရေလျှံပြဿနာ





မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးဆက်တိုက် ရွာသွန်းနေမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ လူသေဆုံးမှုများ၊ ကျွဲနွားတိရစ္ဆာန်များ၊ နေအိမ်များ၊ တံတားများ ရေနှင့်အတူမျောပါ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ သည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဇူလိုင် ၁၄ ရက်မှစ၍ မိုးဆက်တိုက်ရွာသွန်း မှုကြောင့် ကလေးခရိုင်၊ ခန္တီးခရိုင်၊ မုံရွာခရိုင်၊ ကသာခရိုင်၊ ရွှေဘိုခရိုင် အတွင်းရှိ မြို့နယ်ကျေးရွာ အသီးသီးတို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ် ခြင်း ရေလှောင်တမံများ ကျိုးကျပွင့်ထွက်ခြင်း၊ ချောင်းငယ်များမှ ရေများ မြင့်တက် လာခြင်းတို့ကြောင့် စာသင်ကျောင်းများ မျောပါခြင်း ဘုန်းတော် ကြီးကျောင်းများ မျောပါခြင်း စိုက်ပျိုးသီးနှံ ဧကပေါင်း ထောင်နှင့်ချီပြီး ရေလွှမ်းမိုးပြီး သဲဖုံးခြင်းများ ဖြစ်ပေါ်ခံစားခဲ့ကြရပြီး လူသေဆုံးမှုများအထိ ဖြစ်ပွားခဲ့ရသည်။

ထိုသို့စစ်ကိုင်းဒေသကြီး ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းသည် နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေ လျှံမှုလည်း ဖြစ်ခဲ့သည်။

ကလေးခရိုင်အတွင်းရှိ မင်းကင်းမြို့နယ် မြစ်ရိုးအောက်ပိုင်းဒေသရှိ သံပေါက်ရွာတွင် သံပေါက်ချောင်းရေ သည် ၁၆ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နေအိမ် ၁၀ လုံး မျောပါပြီး တောင်တွင်းဒေ သရှိ ပျားသုံးကျေးရွာတွင်လည်း တောင်တွင်းချောင်းရေ ရုတ်တရက် မြင့်တက်လာမှုကြောင့် လူနေအိမ်များ ပြောင်းရွှေ့ရခြင်း စိုက်ပျိုးရိတ်သိမ်းပြီး သီးနှံများ ချောင်းရေအတွင်း မျောပါခြင်းများ ဖြစ်ပေါ်ခဲ့ကာ လင်းလု ကျေးရွာတွင်လည်း ရိတ်သိမ်းပြီးကောက်ပဲသီးနှံများ၊နေအိမ်များ၊ လယ်ယာသုံး ခိုင်းနွားများ ပုထိုးလုံးချောင်း အတွင်း မျောပါခဲ့သည်။

ယင်းမာပင်ခရိုင် ကနီမြို့နယ် အတွင်းရှိ ရေ၀ါချောင်းရေ မြင့်တက်လာပြီး ကနီမြို့သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်တိုင်များ ချောင်းရေအတွင်း မျောပါပြီး လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကာ ၀င်မနားကျေးရွာ အနီးရှိ ဖိုးမဲချောင်းရေ တိုက်စားမှုကြောင့် ၀င်မနား အထကကျောင်း အုတ်တံတိုင်း များ မျောပါပြီး ဖိုးမဲ ချောင်းကမ်းပါး အနီးတွင် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် သားအမိနှစ်ဦး ရေထဲမျောပါကာ သေဆုံးခဲ့သည်။

ဖောင်းပြင်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ မော်လိုက်မြို့နယ်တို့တွင်လည်း အဆက်မပြတ် မိုးရွာသွန်းခဲ့မှုကြောင့် ကားလမ်းများ ပိတ်ဆို့သွားခဲ့ရပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်သည့် လေရှီး၊ လဟယ်၊ နန်းယွန်းမြို့များသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ကားလမ်းတချို့လည်း တောင်ပြိုကျပြီး လမ်းများပိတ် ဆို့ ခဲ့ရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများတွင် ယခုလ ၁၄ ရက်မှ ၁၈ ရက်အထိ စံချိန်တင်မိုးသည်း ထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ စိုက်ပျိုး သီးနှံများ ပျက်စီးမှုစာရင်းအား ဇူလိုင်  ၂၃ ရက်တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် စစ်ကိုင်းဒေသကြီး လွှတ်တော်(၁၃) ကြိမ်မြောက် ပုံမှန်အစည်းဝေးတွင် ဇူလိုင် ၁ ရက် နံနက် ၉ နာရီအချိန် တိုင်းထွာချက်များ အရ ကန့်ဘလူစခန်း၌ မိုးရေချိန် အမှတ်မှာ ၇ ဒသမ ၈၃ လက်မအထိ ရွာသွန်းခဲ့သဖြင့် လွန်ခဲ့သည့် နှစ် ပေါင်း ၂၄ နှစ်အတွင်း စံချိန်တင်ရွာသွန်းခဲ့မှုကြေင့် ကန့်ဘလူမြို့နယ် အတွင်းရှိ မင်းမြင်ရေလှောင်တမံ၏ သတ်မှတ် ရေပြည့်အမှတ် ၆၉၂ ပေအထိ ရောက်ရှိခဲ့ပြီး မြေသားတမံ အလျား ၂၀ ပေခန့် နှစ်နေရာရှိသည့် နေရာမှ ရေတိုက်စားကာ မြေသားပဲ့ကျမှု ဖြစ်ပွားခဲ့ပြီး ရေလှောင်တမံ အောက်ချေရှိ ကျေးရွာများမှ လူနေ အိမ်များ၊ စာသင်ကျောင်းများ ဘုန်းတော်ကြီးကျောင်း များ ရေနစ်မြုပ်ခဲ့သဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ခဲ့ရကြောင်း တင်ပြခဲ့သည်။


ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် သစ်ခဲကြီး ကျေးရွာတွင် ဇူလိုင် ၁၇ ရက်တွင် သစ်ခဲကြီး တစ်ဖက်ပိတ်ဆည် ကျိုးကျပြီး ဘုန်းတော်ကြီးကျောင်းဆောင်တစ်ခု ပြုတ်မျောပြီး ယင်းမာပင် ခရိုင် ကနီမြို့နယ်တွင် ရေ၀ါချောင်းမှ ချောင်းရေများ မြင့်တက်လာပြီး ဓာတ်တိုင် များပြုတ်မျှောခြင်း -၀င်မ နားကျေးရွာရှိ ဖိုးမဲချောင်း ရေလျှံတက်လာပြီး သားအမိနှစ်ဦး ပျောက်ဆုံးနေပြီး မိခင်မှာ သေဆုံးလျက် ပြန်လည်တွေ့ရှိ ရပြီး ကျန်ကလေးတစ်ဦးအား လိုက်လံရှာဖွေလျက် ရှိနေကြောင်း သတင်းရ ရှိသည်။

ဘုတလင်မြို့နယ် သစ်ခဲကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်က “အခုလိုမဖြစ်ခင် တစ်ရက် လောက် ကတည်းက ဘုန်းကြီးဆည်ပေါ်ကို တက်တက်ပြီး ကြည့်ပါသေးတယ်။ ည ၁၁ နာရီလောက်မှာ ဆည်ကျိုးတယ်။ ရွာထဲကို အသံချဲ့စက်နဲ့ ကျောင်းကိုလာပြီး ကားတွေထုတ်ပေးဖို့ လှမ်းခေါ်တယ်။ မမီလိုက် တော့ဘူး။ ဆည်ရေကျိုးကျတာက အရမ်းမြန်တယ်။ ကျောင်းထဲက ကျောင်းဆောင် တစ်ဆောင်ဆိုရင် အောက်ချေတိုင်ကနေ ကျွတ်ထွက်ပြီး မျောသွားတာ သရက်ပင်ကို တိုတ်မိပြီးမှ ရပ်သွားတယ်” ဟု မိန့်ကြား ခဲ့တယ်။

သစ်ခဲကြီးဆည်ကို ဆည်မြောင်းဦးစီးဌာနကနေ တည်ဆောက်ခဲ့တာ အခုဆိုရင် သုံးနှစ်ကျော်ကာလထဲကို ရောက်ရှိနေပြီး ဒေသခံတွေအတွက် အကျိုးထက် အဆိုးကများပြီး အကျိုးဖြစ်ထွန်းရလဒ် အနေဖြင့် ဘာတစ် ခုမျှ မခံစားကြရသေးဘဲ အခုလို ဆည်ကျိုးကြပြီး ရွာမှာစိုက်ပျိုးထားတဲ့ မြေပဲခင်းတွေ ပဲစင်းငုံခင်းတွေ ရေလွမ်းသဲဖုံး သွားတာကိုပဲ စပြီးခံစားကြရတယ်ဟု ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။

ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် ရေ၀ါ ချောင်းမှ ရေများလျှံတက်ပြီး ဓာတ်တိုင်များ ပြုတ်မျောကာ ကနီမြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်ကာ ၀င်မနားကျေးရွာတွင် ဖိုးမဲချောင်း ရေလျှံတက်ခဲ့မှုကြောင့် ၀င်မနား အထကကျောင်း အုတ်တံတိုင်းများ မျောပါခဲ့ပြီး ဖိုးမဲချောင်းအနီးတွင် စိုက်ပျိုးရေလုပ်ငန်း လုပ်ကိုင်နေသူ သားအမိနှစ်ဦး ရေထဲသို့ မျောပါသွားပြီး မိခင်ဖြစ်သူ၏ အလောင်းအား နေ့လယ်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ပြီး အသက်လေးနှစ်အရွယ်ရှိ သားငယ်၏ အလောင်းအား ရှာဖွေနေဆဲဖြစ် ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်တွင် ဇူလိုင် ၂၄ ရက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ  အင်းတော်ချောင်း ရေလျှံပြီး မြို့တွင်းသို့ ရေ၀င်ကာ လူနေအိမ် ရှစ်လုံး၊ တံတား ရှစ်စင်းပျက်စီးခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ်အတွင်း ဇူလိုင် ၂၄ ရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်းတော်မြို့နယ်မော်လူး အုပ်စု ဟဲနုရွာ ဦးခင်မောင်ထွေး၊ ဦးတင်ထွန်း အောင်၊ ဦးချိုဝင်း၊ ဦးကြီးမောင်၊ ဦးဝင်းစိန်၊ ဦးမင်းအောင်တို့၏ နေအိမ်များ ချောင်းရေထဲ မျောပါသွားခဲ့ပြီး၊ စီးမော်အုပ်စု ညောင်ပင်သာရွာ ဒေါ်မထော် ၏ နေအိမ်နှင့် နန့်ခင့်အုပ်စု အင်းရွာကျေးရွာနေ ဦးချစ်သဲဦး နေအိမ်များ ချောင်းရေထဲ မျောပါသွားခဲ့ကြောင်း စုစုပေါင်း လူနေအိမ်ရှစ်လုံး ရေနစ်မြုပ် ပျက်စီးခဲ့ကြောင်း သိရသည်။ အလားတူ လမ်းတံတား ပျက်စီးမှုများမှာ မံဟဲအုပ်စု ပေကုန်းရွာ အရှေ့ခြမ်း ဆက်သွယ်သည့် တံတားအရှည် ၈၀ အကျယ် ၃၀ ပေ ချောင်း ရေထဲမျောပါခြင်း၊ မံဟဲ-ပေကန်းရွာ ဆက်သွယ် သည့် မီးတိုင် ခုနစ်တိုင်လဲကျခြင်း၊ ပင်ဝယ်အုပ်စု ဖားပန့်သံလမ်းကူးတံတား ခြောက်ပေခန့် ရေထဲမျောပါခြင်း၊ နဘားကျေးရွာအုပ်စု နဘား-အောင်သပြေ ချောင်းကူးတံတားတိုင်စဉ် ပြုတ်ထွက်ပြီး ချောင်းရေထဲ မျောပါခြင်း၊ နဘားကြီးတံတား ချောင်းရေထဲမျော ပါခြင်း၊ အလယ်ဆိပ်အုပ်စု အလယ်ဆိပ်-ပင်သချေ တံတား ပေ ၁၀၀ ခန့်တိုင်စဉ် ပြုတ်ထွက်ခြင်း၊ ပုန်းဟုန်-နန့်ဒယန့် အရှည် ၁၀၀ အကျယ် ၁၈ ပေ တိုင်စဉ် ပြုတ်ထွက်ခြင်း၊ ဟောင်းတုန်းအုပ်စု လေးတန်းချောင်းကူး တံတား ပေ ၁၀၀ ခန့် ယိုင်စောင်းခြင်းများ ဖြစ်ပေါ်ခဲ့ကြာင်း အင်းတော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ ဇူလိုင် ၂၄ ရက် ည နေ ၃ နာရီခွဲ အချိန်ထိ ရောက်ရှိနေသော ပျက်စီးမှု စာရင်းများအရ သိရသည်။

အင်းတော်ဒေသခံ မသင်းသင်းခိုင်က “မနေ့ည ၁၂ နာရီလောက်ကလည်း မိုးရွာတယ်။ ဒီကနေ့ မနက်ပိုင်း ရွာတာလည်း ပါမယ်။ နောက်ပြီး အထက်ပိုင်းမှာလည်း မိုးများတော့ အင်းတော်ချောင်း ရေလျှံလာတယ်။ သိပ်မကြာဘူး။ မြို့ထဲရေ၀င်လာတယ်။ ပစ္စည်းတွေ သိမ်းရကိုမလွယ်ဘူး။ အင်းတော် မြို့မဈေးနှင့် ဌာနဆိုင် ရာရုံး အချို့ကိုလည်း ရေ၀င်ရောက်ပါတယ်။ မီးသတ်ကားတွေ၊ အိမ်စီးကားတွေဆိုရင် ရေလွတ်ရာ ကုန်းမြင့် မှာ တင်ထားရတယ်။ အင်းရေကလည်းများနေပြီ။ ရေထွက်ပေါက်ကလည်း သိပ်မရှိဘူး။ မဲဇာချောင်း ရေ တက်နေပြီလို့လည်း ကြားတယ်။ အခုတစ်ခါက မနက်၁၀ နာရီလောက် ရေ၀င်တာ။ ညပိုင်းသာ ရေ၀င်ရင် မလွယ်ဘူး” ဟု ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် မုံရွာ၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာ၊ ကလေးခရိုင် အတွင်းရှိ မြို့နယ်ပေါင်း ကိုးမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ကိုးစုရှိ အိမ်ခြေ ၇၀၈၄၊ လူဦးရေစုစုပေါင်း ၃၅၂၂၃ ဦး ရေ၀င်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက် ၃၃ ရပ်ကွက်ရှိ အိမ်ခြေ ၃၁၉၁ အိမ် ၊ အိမ်ထောင် စု ၃၀၆၈ စုရှိ လူဦးရေစုစုပေါင်း ၁၃၈၃၄ ဦး၊ ပြောင်းရွှေ့ခဲ့ရပြီး မုံရွာ၊ ကန့်ဘလူ၊ ကသာခရိုင်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်တွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားပြီး လူဦးရေစုစုပေါင်း ၅၃၃၄ ဦး နေထိုင် လျက်ရှိကြောင်းလည်း တင်ပြခဲ့သည်။

မိုးရေလျှံတက်မှုကြောင့် မြို့နယ် ၂၁ မြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၂၉၃ အုပ်စုတွင် နွေစပါး ၄၉၅၆ ဧက ၊ မိုးစပါး ၅၁၅၅၉ ဧက၊ စပါးပျိုးခင်း ၁၁၉၁၅ ဧက၊ ဆီထွက် သီးနှံ ၂၁၅၅ ဧက၊ ပဲမျိုးစုံ ၄၇၆ ဧက၊ အခြားသီး နှံ ၁၁၃၆၆ ဧက စုစုပေါင်း ၈၂၄၂၇ ဧက ရေ၀င်နစ်မြုပ်သွားခဲ့သည်။

လမ်းနှင့်တံတားများ ပျက်စီးခဲ့မှု အခြေအနေမှာ လမ်းတံတားဦးစီးဌာနပိုင် လမ်း ၁၇ လမ်း၊ သစ်တားတံတား ငါးစင်း၊ ကွန်ကရစ်တံတား ၁၀ စင်း၊ ဘေလီတံတားတစ်စင်း ထိခိုက်ပျက်စီးခဲ့ပြီး စည်ပင်သာရေအဖွဲ့ပိုင် လမ်းများအနေဖြင့် မြေသားလမ်းတစ်လမ်း၊ ကျောက်ခင်းလမ်းငါးလမ်း၊ ကတ္တရာလမ်း ရှစ်လမ်း၊ သစ်သား တံတား ခုနစ်စင်း၊ ကွန်ကရစ်တံတား ၁၀ စင်း၊ ရေကျော်တံတား တစ်စင်းတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ကျေးလက် ဦးစီးဌာနပိုင် လမ်းများအနေဖြင့် မြေသားလမ်း ၁၀ လမ်း၊ ကျောက်ခင်းလမ်းနှစ်လမ်း၊ ဂျင်းလမ်းတစ်လမ်း၊ ကတ္တရာလမ်းသုံးလမ်း၊ သစ်သားတံတား ၃၀ စင်း၊ ကွန်ကရစ်တံတား သုံးစင်း၊ ရေပြွန်နှစ်လုံးနှင့် ရေကျော် တံတား သုံးခုတို့ ပျက်စီးခဲ့ရကြောင်း တင်ပြခဲ့သည်။

အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုမှာ လူနေအိမ် ၇၆ အိမ်၊ စာသင်ကျောင်း တစ်ကျောင်း၊ သာသနာရေး အဆောက်အအုံ လေးခုနှင့် အခြားအဆောက် အအုံ ၁၇ ခု စုစု ပေါင်း ၉၈ ခု ပျက်စီးဆုံးရှုံးခဲ့ကာ ပြည်သူ ငါးဦး၊ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် တစ်ဦး စုစုပေါင်း ခုနစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း တင်ပြခဲ့သည်။

လက်ရှိတွင်လည်း မိုးဆက်လက်ရွာသွန်းနေပြီး သဖန်းဆိပ်ဆည်ရေ ဖောက်ချမှုကြောင့် ရေဘေးဒုက္ခသည် များ များပြားလာပြီး မြစ်ကမ်းဘေးရှိ နေအိမ်များ ကြိုတင်ဖျက်သိမ်းမှုများ ပြုလုပ်ထားရသည်။

ထို့အပြင် ခင်ဦးနှင့် ကန့်ဘလူနယ်တစ်ဝိုက်ရှိ ဆည်သုံးခုမှာ ဇူလိုင် ၂၅ ရက်က ကျိုးကျခဲ့ပြီး အခြားသော ဆည်များမှာလည်း စိုးရိမ်ဖွယ်အခြေအနေ ရောက်ရှိနေပြီး သတင်းအမှန်ရရှိမှုနှင့် ကူညီထောက်ပံ့မှု နည်းပါးနေခြင်း တို့အပေါ် မြို့ခံများက ဝေဖန်မှုများရှိနေသည်။

ထိုသို့စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ရေကြီးရေလျှံကာ မြစ်ကြီးနား-မန္တလေးလမ်းပိုင်း ရထားလမ်းမှာ ပျက်စီးသွားခဲ့သဖြင့် များစွာသော ရထားစီးခရီးသည်မှာ မန္တလေးဘူတာနှင့် မြစ်ကြီးနာဘူတာတို့တွင် သောင်တင်ခဲ့ကြသည်။ ထို့အပြင် ကုန်စည်စီးဆင်းမှုသည်လည်း ရပ်တန့်သွားခဲ့ရသည်။

ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် မုံရွာ-ဘုတလင်-ရေဦးကားလမ်းပိုင်းပေါ်ရှိ  မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် နှင့်  အလုံရပ်ကွက်တို့တွင် ရေများလျှံတက်လျက်ရှိနေပြီး မုံရွာမြို့နယ် ရှင်ငါးဆယ်ကျေးရွာ ရေနစ်မြုပ်နေ သဖြင့် အိမ်ခြေ ၇၂ အိမ်၊ အိမ်ထောင်စု ၇၃ စုမှ လူဦးရေ ၄၀၀ ခန့် အား ရေဘေးလွတ်ရာ ရှင်ငါးဆယ် ဘုရားကုန်း တော်ပေါ်သို့ ပြောင်းရွှေ့နေရပြီး အိုးဘိုတောင်ရပ်ကွက်တွင် အိမ်ခြေ ၃၀ အိမ်ထောင်စု ၃၀ မှ လူဦးရေ ၁၅၀ နီးပါးတို့သည် နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင် နေလျက်ရှိကြောင်း သိရသည်။

ကံရာမင်း ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက “အရာတော်မြို့နယ်နဲ့ ၀က်လက်မြို့နယ်အစပ် ရွှေပန်းကုံးရွာ အနီးမှာရှိတဲ့ သမရိုးတံတားပေါ် မူးမြစ်ရေ လျှံတက်လာတဲ့အတွက် အခုလ ၂၀ ရက်မှာ မုံရွာ-အရာတော်-ရွှေဘို ကားလမ်းပိုင်း ပြေးဆွဲမှုကို ရပ်နားလိုက်ရပြီး လတ်တလော အချို့ယာဉ်လိုင်းတွေမှာ မြင်းမူလမ်းပိုင်း ဘက်ကနေပြီး ပတ်သွားနေရပါတယ်” ဟု ပြောကြားသည်။

“အဓိကပြဿနာကတော့ ကြိုတင်ကာကွယ်မှု အားနည်းခဲ့တာပေါ့။ လတ်တလော ပြဿနာက သတင်း ထုတ်ပြန်မှု အားနည်းတာနဲ့ နှေးကွေးတာပါ။ ရာသီဥတု အခြေအနေနဲ့ ဆည်ရေအခြေအနေတွေကို ကြိုသိရင် ဒေသခံတွေ ဘာလုပ်သင့်တယ်၊ ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ဖို့ ပိုလွယ်တာပေါ့။ ပြီးတော့ ဆည်မြောင်းက ဆည်မြောင်းတာဝန်၊ အုပ်ချုပ်ရေးပိုင်းက အုပ်ချုပ်ရေးတာဝန် ကျေပွန်ဖို့လိုတယ်။ ကိုယ့် တာဝန် ကိုယ်မေ့ပြီး အထက်က ခိုင်းတာကိုပဲ စောင့်နေတတ်တဲ့ အကျင့်တွေက ဒီလိုအရေးပေါ် ဖြစ်စဉ် တွေမှာ ထိခိုက်နစ်နာမှု သိပ်များပြားစေတယ်” ဟုနိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးအောင်မြင့်သောင်းက ပြောကြားသည်။

“အခုဖြစ်နေတဲ့ ရေကြီးရေလျှံမှုက ကျွန်တော့်သက်တမ်းတစ်လျှောက် အဆိုးရွားဆုံးပဲ။ ရာသီဖောက်ပြန်မှု တွေက ဒီဘက်နှစ်ပိုင်းတွေမှာ အင်မတန်စိုးရိမ်စရာ ဖြစ်လာပြီ။ ဒီအခြေအနေမှာ ကြိုတင်ပြင်ဆင်မှု ဘယ် လောက် အားနည်းတယ်ဆိုတာ ပေါ်လွင်ခဲ့တယ်။ ပြီးတော့လက်ရှိ ဖြစ်နေတဲ့ ရေကြီးရေလျှံမှုက ဆင်းရဲနွမ်း ပါးသူတွေများတဲ့ စိုက်ပျိုးရေး ဒေသအနေနဲ့ရေရှည်ဖြေရှင်းရမယ့် ပြဿနာပဲ။ သက်ရောက်မှု ပမာဏက တော့ ကဏ္ဍပေါင်းစုံ ထိခိုက်တာကြောင့် ကြီးမားပါတယ်” ဟု ဇေယျသိင်္ဃ တောင်သူကွန်ရက် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၆၄ မိုင် ကွာဝေးသည့် မုံရွာရွှေဘို ပြေးဆွဲနေသည့် ယာဉ်လိုင်းလေးလိုင်းရှိပြီး ကံရာမင်း၊ အောင်မဟာ၊ ဇေယျာဖြိုး၊ ရန်ကြီးအောင်မန်းတို့ ဖြစ်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ဇူလိုင်လ စတုတ္ထပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းမှ စတင် ကာ မူဆယ်မြို့မှ နမ့်ခမ်းမြို့အထွက် လမ်းမကြီးပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကားလမ်းမကြီးပေါ် ရေကြီးရေလျှံမှုများကြောင့် မူဆယ်-နမ့်ခမ်း ပြေးဆွဲနေ သော ယာဉ်လိုင်းများ ရပ်တန့် ထားရပြီး ရေကျချိန်အား စောင့်ဆိုင်းနေကြရ ကြောင်း သိရသည်။

“မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် တောင်ကျရေတွေကနေ မူဆယ်ကနေ နမ့်ခမ်းအထွက် ကား လမ်းပေါ် ရေကျော်နေတာပါ။ မနှစ်ကလည်း ဒီလိုအချိန် မိုးတွင်းရောက်ရင် ဒီအတိုင်း ရေကျော်နေကျပါ။ အဲဒီအနီး တစ်ဝိုက်က  လယ်ကွင်းတွေ၊ ပြောင်းခင်းတွေတော့ ရေနစ်ပါတယ်။ တချို့အနိမ့်ပိုင်းကျတဲ့ အိမ် တွေလည်း ရေ၀င်မှုတွေ ရှိပါတယ်” ဟုမူဆယ်မြို့ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ မိုးဆက်တိုက် ရွာသွန်းမှုများကြောင့် မူဆယ်မြို့ အနိမ့်ပိုင်းတွင် တည်ရှိသည့် ကောင်းမှုးတုံ ရပ်ကွက်မှာလည်း ရေ၀င်မှုများရှိခဲ့ကာ မူဆယ်မှ တရုတ်နိုင်ငံသို့ ၀င်ရောက်ရာ ဂိတ်တစ်ခုဖြစ်သည့် နန်းတော်ဂိတ်မှာလည်း ရေလွှမ်းမိုးများ ရှိခဲ့ကြောင်း သိရသည်။

“ကျယ်ဂေါင်ထဲမှာလည်း တချို့နေရာ ရေကြီးနေတယ်။ ကျယ်ဂေါင်ဘက်က နေ ရွှေလီတံတား မရောက်ခင် နဲ့ ရွှေလီတံတား အကျော်လေးမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်နေပါတယ်။ ရေကြီးနေလို့ သူတို့ဘက်က ကုန်တင်ကားတွေ ဒီဘက်ကိုလာလို့မရဘူး” ဟု တရုတ်နယ်စပ်တွင် ကုန်စည်ကူးသန်းမှု ပြုလုပ်နေသူ မူဆယ်မြို့နေသူ တစ်ဦးက ဆိုသည်။

တရုတ်သို့ တရားဝင် ၀င်ပေါက်သုံးခု ရှိသည့်အနက် ၀င်ပေါက်တစ်ခုဖြစ်သော နန်းတော်ပေါက်နှင့် ဆင်ဖြူပေါက်တို့တွင်လည်း လမ်းရေလျှံမှုများကြောင့် ကားကျပ်မှုများ ရှိခဲ့ကြောင်း သိရသည်။

“မူဆယ်မြို့အထွက် ဓာတ်ဆီဆိုင်ဘက်ကနေ ပန်ခမ်းဘက်ထိလောက် ရေကြီးနေတယ်။ မူဆယ်-နမ့်ခမ်း လမ်းမှာရေကြီး ရေလျှံတဲ့ နေရာတွေက သုံးနေရာလောက် ရှိပါတယ်။ ဒီနေ့မနက်ပိုင်းလောက်အထိ ရေကမကျသေး ပါဘူး။ မူဆယ်မြို့ အနိမ့်ပိုင်းရေ မြောင်းတွေနဲ့ နီးတဲ့အိမ်တွေထဲကိုလည်း ရေ၀င်တာတွေ ရှိတယ်” ဟုမူဆယ်မြို့ဒေသခံ ဦးဘဥာဏ်က ဆိုသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး အတွင်း၌လည်း ဇူလိုင် ၂၄ ရက်နှင့် ဇူလိုင် ၂၅ ရက်တို့က မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မိုးကုတ်မြို့နှင့် သပိတ်ကျင်း မြို့တို့တွင် မြေပြိုမှု၊ ရေကြီးရေလျှံမှု ဖြစ်ပွားနေ၍ လူနေအိမ် များ မျောပါခြင်း၊ လူသေဆုံးမှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံများအနေဖြင့် ရေလွတ်ရာသို့ ရွှေ့ပြောင်းနေကြ ရသည်။

အလားတူ ရှမ်းပြည်နယ်အတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်း ရေကြီးကာ ဇူလိုင် ၂၅ ရက်က သီပေါမြို့နှင့် နမ္မတမြို့ ဆက်သွယ်ထားသော နန့်ပေါ့ချောင်းတံတား ကျိုးကျမှုဖြစ်ပွားခဲ့ပြီး တံတားပေါ်မှ တောင်ကျချောင်းရေကို ကြည့်ရှုနေသူများ တံတားနှင့်အတူ မျောပါသွားကာ သုံးဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။

“ဒီနေ့ ဒုဌ၀တီမြစ်က ရေတွေတက်လာလို့ဆိုပြီး ကယ်ဆယ်ရေး လုပ်ဖို့အ တွက် ကျွန်မသားက နေ့လယ် ၁၁ နာရီလောက် ကတည်းက အိမ်ကနေ ထွက်သွားတာပါ။ကျွန်မကြားတာကတော့ ကျွန်မသားက မိုးတွေ တအား ကြီးပြီး နမ့်ပေါ့ချောင်းကရေတွေ စီးလာတာ တံတားပေါ်ကနေ ကြည့်နေ တုန်း တံတားပြိုကျလို့ တံတားအောက် ရောက်သွားပြီး ကွန်ကရစ်တုံးတွေ ကျောက်တုံးတွေနဲ့ ပိသေသွားတာပါ” ဟုတံတားပြိုကျ သဖြင့် သေဆုံးသွားသူ မီးသတ်ရဲဘော် ထွန်းနိုင်ဦး (၂၈ နှစ်) ၏ မိခင် ဒေါ်အေးမွန်းက ပြောကြား သည်။

“ကျွန်မရဲ့ သားကလည်း မီးသတ်ရဲ ဘော်ပါပဲ။ မိုးတွေရွာလို့ နမ့်ပေါ့ချောင်းက ရေတွေကြီးနေတော့ ကယ်ဆယ်ရေး လုပ်စရာရှိရင် ကူညီရအောင်ဆိုပြီး လာတာပါ။ တံတားပေါ်ရောက်တော့ တံတားပြိုကျပြီး ဆုံးတာပါ” ဟု တံတားပြိုကျသဖြင့် သေဆုံးသွားသူ အရန်မီးသတ်တပ်ဖွဲ့ဝင် ခင်မောင်ထူး (၁၉ နှစ်)၏ မိခင်ဖြစ်သူ ဒေါ်စိုးရီက ပြောကြားသည်။

“ကျွန်မရဲ့သမီးလေးက ဒီနှစ်မှ ဆယ်တန်းအောင်ထားတာပါ။ သူ့မောင်လေး က ရေတွေကြီးနေတာ သွားကြည့်ချင်တယ်ဆိုလို့ လိုက်ပို့တာ။ လိုက်ပို့ပြီး တံတားပေါ်က အပြန်မှာ မောင်နှမ နှစ်ယောက်လုံး တံတားအောက် ပြုတ်ကျပြီး အစ်မဖြစ်တဲ့သူက ဆုံးသွားတာပါ။ သူ့မောင်လေးကတော့ ဘာမှမဖြစ်လိုက် ပါဘူး” ဟု သေဆုံးသူ မထက်ထက်ဦး (၁၇ နှစ်) ၏ မိခင် ဒေါ်နန်းအေးလူက ပြောကြားသည်။

“ရှမ်းပြည်နယ်အစိုးရရဲ့ကိုယ်စား သေဆုံးသွားတဲ့ သူတွေအတွက် တစ်ယောက်ကို တစ်သိန်း လတ်တလော ထောက်ပံ့ထားပါတယ်။ ရေမျောသွားတဲ့ သူတွေရဲ့စာရင်းကိုတော့ အတိအကျ မသိသေးပါဘူး။ တံတား အောက်မှ ပိနေတဲ့သူတွေ ရှိဦးမလားဆိုပြီး တံတားရဲ့အောက်ကို ဆက်ပြီးတူးဖော် ဆယ်ထုတ်နေပါတယ်” ဟု သီပေါမြို့နယ် အုပ်ချုပ်ရေး မှူးကဆိုသည်။

လတ်တလော သီပေါမြို့တွင် နမ့်ပေါ့ချောင်းနှင့် ဒုဌ၀တီမြစ် ရေကြီးမှုကြောင့် ဈေးရပ်ကွက်၊ ဇာတ်စုရပ် ကွက်၊ တုံစင့်ကျောင်း ပြိန်းကျေးရွာ၊ တိန်းချေတိန်း စံကျေးရွာရှိ အိမ်အချို့ ရေ၀င်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၂၆ ရက်က ထုတ်ပြန် ချက်များအရ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မိုးဆက်လက် ပိုမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List