Tuesday, July 28, 2015

ရာသီဥတု ဆိုးဝါးမှုကြောင့် ရန်ကုန်လေဆိပ်ကို ခုနစ်ရက်အတွင်း သုံးကြိမ်ပိတ်


မိုးဆက်တိုက် ရွာသွန်းလျက်ရှိသည့် ရာသီဥတုကြောင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို တစ်ပတ် အတွင်း သုံးကြိမ် ယာယီပိတ်ခဲ့ရကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရသည်။ ရာသီဥတု ဆိုးဝါးသဖြင့် ရန်ကုန်လေဆိပ်မှာ ဇူလိုင်လ ၂၀ ရက်က ၂၂ မိနစ်ကြာ၊ ဇူလိုင်လ ၂၇ ရက်တွင် ၁၈ မိနစ်ကြာ လေယာဉ် အဆင်း၊ အတက်များကို ယာယီရပ်ဆိုင်း၍ ကွင်းပိတ်ခဲ့ရပြီး ဇူလိုင်လ ၂၄ ရက်က လည်း မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မန္တလေးမှရန်ကုန်သို့ပျံသန်းလာသည့် Air Bagan လေကြောင်းလိုင်း မှ ATR 72 လေယာဉ်မှာ ဆင်းသက်စဉ်တွင် လေယာဉ်ပြေးလမ်းချော်သည့် မတော်တဆမှုကြောင့် ၂ နာရီ ၅၀ မိနစ်ကြာ လေယာဉ်ကွင်းကို ယာယီပိတ်ခဲ့ရကြောင်း လေကြောင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။

“ရာသီဥတုဆိုးတဲ့ နေ့တွေမှာ ခေတ္တပိတ်ရတယ်။ တာဝါမှာ စက်တွေလည်း ရှိတယ်။ Controller တွေလည်း ရှိတယ်။ လေယာဉ် မဆင်းနိုင်လောက်ဘူး ဆိုရင် ကျွန်တော်တို့ ပိတ်လိုက်ပါတယ်။ လေကြောင်းလိုင်းတွေ နောက်ကျတာတော့ ရှိပေမယ့် အတက်နောက်ကျတာတွေကြောင့်လည်း ရှိတယ်။ အရမ်း Delay (ကြန့် ကြာမှု) ဖြစ်သွားတာတော့ မရှိဘူး” ဟု လေကြောင်းထိန်းသိမ်းရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဇူလိုင်လ ၂၇ ရက်တွင် လေယာဉ် အတက်အဆင်းကို မွန်းလွဲ ၂ နာရီ ၅၀ မိနစ်မှ ၃ နာရီ ၈ မိနစ်အထိ ရပ်ဆိုင်းခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်းမှာ လေးနာရီနီးပါးခန့်၊ တရုတ်လေကြောင်းလိုင်းမှာ နှစ်နာရီခန့် ပုံမှန်ဆိုက်ရောက်ချိန်များထက် နောက်ကျ၍ ဆင်းသက်ခဲ့ကြောင်း လေကြောင်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“ကံကောင်းတာက ဒီကလေယာဉ်တွေက မနက်ပိုင်းထွက်တာများတော့ Effect မဖြစ်ဘူး။ တချို့လေ ကြောင်းလိုင်းတွေကျ စထွက်တဲ့အချိန် မိုးသည်းတာတွေကြောင့် နောက်ဆုတ်ရတာတွေ ရှိတယ်။ အဓိက ပြည်တွင်းလေယာဉ်တွေပေါ့။ သူတို့က လေယာဉ်အသေးတွေဆိုတော့ ရာသီဥတုကိုကြည့်ပြီး ပျံရတယ်” ဟု MAI လေကြောင်းလိုင်းမှ လက်ထောက်အထွေထွေ မန်နေဂျာ ဒေါ်အေးမရသာက ဆိုသည်။

Air Bagan လေယာဉ်မှာ လေယာဉ်ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သော်လည်း လိုက်ပါခဲ့သူ ခရီးသည် ၄၉ ဦး အနက် သံဃာတော်တစ်ပါးသာ အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျန်ခရီးသည်များမှာ ထိခိုက်ဒဏ်ရာ မရှိခဲ့ပေ။

The Voice Weekly

No comments:

Post a Comment

My Blog List