ကချင်တစ်ကျော့ပြန်စစ်ပွဲ သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် မေ ၇ ရက်၌ ငြိမ်းချမ်းရေးလိုလားသူ လူငယ်များက စစ်ပွဲများ အမြန်ပြီးဆုံးရန်အတွက် ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။အဆိုပါ ငြိမ်းချမ်းရေးဆုတောင်းပွဲကို ငြိမ်းချမ်းရေးလိုလားသူ လူငယ်၁ဝဝခန့်နှင့် အခြားလူမှုအဖွဲ့အစည်းများမှ ငြိမ်းချမ်းရေးလိုလားသူများက ပါဝင်ခဲ့ကြပြီး မေ ၇ ရက် နေ့နံနက် ၈ နာရီမှ ၉ နာရီအထိ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံဘေး၌ စတင်ပြုလုပ်ခဲ့သည်။
၎င်းငြိမ်းချမ်းရေးဆုတောင်းပွဲတွင် ငြိမ်းချမ်းရေးတေးသီချင်းများ သီဆိုခြင်း၊ သရုပ်ဖော်တင်ဆက်ခြင်း၊ ငြိမ်းချမ်းရေး ကာတွန်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ပြုလုပ်ခဲ့ကြပြီး ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲ များကို အမြန်ဆုံးရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဆုတောင်းပွဲတွင် ပူးပေါင်းပါဝင်ခဲ့သည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်းက “ကျွန်တော်က ဒီဆုတောင်းပွဲကို ပူးပေါင်းပါဝင်တာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုမျိုးဆုတောင်းပွဲ လုပ်ရတာလဲဆိုတော့ ကချင် မှာဖြစ်နေတဲ့ စစ်ပွဲတွေက မရပ်တန့်သေးဘူး။ သုံးနှစ်ပြည့်တဲ့အချိန်မှာ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေက သိန်းချီရှိနေပြီ။ နှစ်ဖက်တပ်တွေအနေနဲ့ ငြိမ်းချမ်းရေးကို လုပ်နေတယ်သာပြောတာ တကယ်တမ်းက ပစ်တာက ရပ်စဲသေးတာမ ဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆိုတာက တကယ်တမ်း အလှမ်းဝေးနေသေးတယ်”ဟု ပြောကြား သည်။
ထို့နောက် ဆုတောင်းပွဲကို ပြည်သူ့ဥယျာဉ်အတွင်း၌ နံနက် ၁ဝ မှ ညနေ ၃ နာရီထိ ပြုလုပ်ခဲ့ပြီး ပြည်လမ်း၊ အင်းလျားကန်ပေါင်တွင် ညနေ ၃ နာရီမှ ည ၆ နာရီအထိ ပြုလုပ်ခဲ့ကြသည်။
ဆုတောင်းပွဲတွင် ပါဝင်ခဲ့သည့် ကချင်လူငယ်တစ်ဦးဖြစ်သူ ကိုဂျောဂျော်က“ကျွန်တော်အခုလိုမျိုး ပါဝင်ဖြစ်တာက ကချင်ပြည်နယ်က စစ်ပွဲဖြစ်နေတဲ့နေရာတွေမှာ ကျွန်တော်တို့လို လူငယ်တွေအများကြီး ရှိတယ်။သူတို့ဆို ထွက်ပြေး တိမ်းရှောင်နေရတယ်။တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အမြန်ရပါစေလို့ ဆုတောင်းပါတယ်”ဟု ဆိုသည်။
အင်လျားကန်ပေါင်၌ ဆက်လက်ပြုလုပ်သည့် ဆုတောင်းပွဲတွင် ပါဝင်လှုပ်ရှားသူများသည် အစောပိုင်းလှုပ်ရှားမှုထက်များ ပြားခဲ့ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးလည်း တက်ရောက်ခဲ့သည်။
“စစ်တွေကို ဖန်တီးတာ ပြည်သူတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်ဒဏ်ကိုခံရတာ ပြည်သူတွေပါ။ ငြိမ်းချမ်းရေးအခန်း ကဏ္ဍတွေမှာ တကယ်စစ်ဒဏ်ခံစားနေရတဲ့ ပြည်သူတွေရဲ့ အခန်းကဏ္ဍ မပါသလောက်နီးပါး ပျောက်ကွယ်ခဲ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ အပစ်အခတ်ရပ်စဲရေးပွဲတွေ ကြိမ်ဖန်များစွာ လုပ်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီနေ့အထိ သေနတ်သံတွေ ကြားနေရတာဟာ ပြည်သူတွေရဲ့အရေးပါတဲ့အခန်းကဏ္ဍပျောက်နေ လို့ဟု ကျွန်တော်ခံစား ရပါတယ်”ဟု ဦးကိုကိုကြီးက အဆိုပါဆု တောင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် ကချင်ဒေသစစ်ဒဏ်ကို လက်တွေ့ခံစားခဲ့ရသည့် ကချင်အမျိုးသမီးတစ်ဦးကလည်း “ကျွန်မဒေသမှာ စစ်ဖြစ်လို့ ထွက်ပြေးရတဲ့အချိန်မှာ အနားမှာကျွန်မအမျိုးသား မရှိတဲ့အချိန်ပါ။ ကိုယ်ဝန်နဲ့ ကျွန်မဟာ ကလေးနှစ်ယောက်ကိုခေါ်ရင်း ဒုက္ခသည်စခန်းကို ပြေးခဲ့ရပါတယ်။ ချောင်းတစ်ချောင်းကို ဖြတ်ပြေးတဲ့အချိန်မှာ ကျွန်မကလေး ရေထဲမျောပါသွားတယ်။ ဒါပေမဲ့ စစ်သားတစ်ယောက်က ကယ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ကို တမ်းတမိတယ်။ ဒါပေမဲ့ မနက်ကျတော့ ကျွန်မကလေး အသက်မရှိတော့ပါဘူး”ဟု သူမ၏အဖြစ်အပျက်ကို ဆုတောင်းပွဲလာပြည်သူများအား ကျနေတဲ့မျက်ရည် များကို သုတ်ရင်းပြောကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment