Monday, March 03, 2014

လပွတ္တာ ဆေးရုံနေရာဟောင်းတွင် ပြန်ဖွင့်ရန် ဒေသခံ ၅၀၀ ဆန္ဒထုတ်ဖော်


ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ပေါ်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၉၀ ခန့်က တည်ဆောက်ခဲ့ပြီး ဆေးရုံအင်္ဂါရပ်နှင့် ပြည့်စုံသည့် မြို့ပေါ်မှဆေးရုံ ပြန်ဖွင့်ပေးရန် ဒေသခံ ၅၀၀ ကျော်က ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက် ၈ နာရီက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ 

ဆေးရုံဟောင်းကြီးကို ၁၉၂၅ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း သုံးမိုင်မြို့သစ်၌ ခုတင် ၂၀၀ ဆေးရုံအသစ် တည်ဆောက်ကာ၂၀၁၁ ခုနှစ်တွင် ယင်းဆေးရုံဟောင်းကို တရားဝင် ပိတ်သိမ်းခဲ့ကြောင်း၊ ယင်းသို့ ပြောင်းရွှေ့ခဲ့မှုကြောင့် လပွတ္တာမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာ များမှ လူနာများမှာ မြို့သစ်ဆေးရုံ မရောက်မီ အသက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသောကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ငွေကြေး ပြည့်စုံသူများက သုံးမိုင် မြို့သစ်တွင် အခြေချ နေထိုင်နိုင်သော်လည်း လပွတ္တာမြို့နယ် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းမှာ ဆေးရုံဟောင်း နေရာနှင့် အနီးဆုံးတွင် နေထိုင်ကြသောကြောင့် ဆေးရုံသစ်ရှိရာ သုံးမိုင်မြို့သစ်ကို သွားရန် အခက်အခဲရှိရာ လူမှုကူညီရေး အသင်းများ၏ အကူအညီဖြင့်သာ ယင်းဆေးရုံကို သွားရကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သည့် လပွတ္တာမြို့မှ ဦးပြုံးချိုက ပြောကြားသည်။

“ကျေးရွာတွေက အရေးပေါ် အခြေအနေကြောင့် ဆေးရုံ လာတက်တဲ့သူတွေ သုံးမိုင်ဆေးရုံကို မသိတဲ့ အတွက် အချိန်ကုန်ပြီး အသက်ဆုံးရတာတွေ ရှိတယ်။ သံဃာတွေအတွက် သီးသန့်နေရာ မရှိလို့ လူတွေနဲ့ရောပြီး ဆေးရုံတက်နေရတာလည်း တွေ့နေရတယ်” ဟု ၎င်းကဆိုသည်။

ဆန္ဒထုတ်ဖော်ခွင့်ကို မြို့နယ်အဆင့်က ခွင့်မပြု၍ တိုင်းအဆင့် အယူခံတက်ရာမှ ခွင့်ပြုချက် ရရှိခဲ့ပြီး သကျမာရဇိန် ဆုတောင်းပြည့် ဘုရားအနီးမှ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ မြို့ပတ်လမ်း၊ ဆေးရုံဟောင်း လမ်း ဖြတ်ပြီး၊ ဆုတောင်းပြည့် ဘုရားအနီးတွင် ရပ်တန့်၍ ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း ဦးပြုံးချိုက ဆက်လက်ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List