Thursday, March 06, 2014

ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်၍ အမေရိကနှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးမည်


ရုရှား၏ စစ်ရေးအရ ဝင်ရောက် စွက်ဖက်ခြင်းကြောင့် တင်းမာလျက် ရှိသော ယူကရိန်းအရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးတို့ ဆွေးနွေးမည် ဖြစ်ကြောင်း CNA သတင်း တွင် ဖော်ပြထားသည်။
ယခုအချိန်တွင် အမေရိကန်နှင့် ရုရှားတို့အကြား သဘောထား ကွဲလွဲမှု မြင့်တက် နေသော် လည်း နှစ်ဖက်စလုံးက ဆွေးနွေး ညှိုနှိုင်းမှု ပြုလုပ်ရန် အရိပ်အမြွက် ပြောကြားမှုများ တွေ့ရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံ ကရိုင်းမီးယား ဒေသသို့ ရုရှားစစ်တပ်များ ဝင်ရောက်လာခြင်းနှင့် ပတ်သက်၍ ရန်လိုသော လုပ်ရပ်ဟု အမေရိကန်က သုံးနှုန်း ပြောဆိုထားပြီး ရုရှားတပ်များ ကျူးကျော်သည် ဆိုသည့် ကိစ္စကို ရုရှားက ငြင်းဆိုထားသည်။

ယူကရိန်းတွင် ရုရှား လိုလားသော သမ္မတ ယာနူကိုဗစ်ခ်ျကို အတိုက်အခံများက ရာထူးမှ ဖယ်ရှား ခဲ့ပြီးနောက် ကရိုင်းမီးယား ဒေသကို ရုရှားတပ်ဖွဲ့များ ဝင်ရောက်ခဲ့ခြင်းကြောင့် နိုင်ငံတကာ၏ ပြစ်တင်မှုကို ခံနေရသည်။

ထို့ပြင် ရုရှား တပ်ဖွဲ့များသည် ယူကရိန်းရှိ ဒုံးကျည် ကာကွယ်ရေး တပ်ဖွဲ့ကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံတကာနှင့် ဆက်ဆံရေး တင်းမာမှုမှာ ပိုမို ဆိုးဝါးသွားခဲ့သည်။

ယူကရိန်းအရှေ့ပိုင်း Donetsk မြို့ရှိ ဒေသအစိုးရ အဆောက်အအုံမှ လူများကို ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းခဲ့ပြီး ဗုံးကြဲ တိုက်ခိုက်မည် ဟူသော သတင်းများကြောင့် အဆိုပါ ဧရိယာတွင် ဝင်ထွက် သွားလာမှုကို ပိတ်ပင်ထားလိုက်သည်။

ယခုသီတင်းပတ် အစောပိုင်းက ရုရှားသည် ကရိုင်းမီးယား ဒေသကိုသာမက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ရုရှားလူမျိုးများနှင့် ရုရှားစကားပြော လူမျိုးများကို ကာကွယ် စောင့်ရှောက်သွားမည်ဟု သတိပေးခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလာဗရော့တို့ သည် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ပြုလုပ်မည့် ယခင်က စီစဉ်ထားသော လစ်ဘနွန်အရေးကိစ္စ ဆွေးနွေးပွဲ တွင် ယူကရိန်းကိစ္စကို သီးခြားတွေ့ဆုံ ဆွေးနွေးသွားဖွယ် ရှိသည်။

ထို့ပြင် အင်္ဂါနေ့ကလည်း အမေရိကန်သမ္မတ အိုဘားမားသည် ဂျာမနီအဓိပတိ အင်ဂျလာမာကယ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောကြားခဲ့ပြီး ယူကရိန်း တင်းမာမှု လျှော့ချရေးကိစ္စ ဆွေးနွေးခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမားနှင့် ရုရှားသမ္မတ ပူတင်တို့ စနေနေ့က ဆွေးနွေးခဲ့ရာတွင် ယူကရိန်းရှိ ရုရှား မျိုးနွယ်စုများကို ကယ်တင်ရန် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့များ စေလွှတ်ရန် ကိစ္စကိုလည်း ဆွေးနွေးသွားခဲ့ပြီး ယူကရိန်းအစိုးရနှင့် ရုရှားအစိုးရတို့ တိုက်ရိုက် ဆွေးနွေးသွားကြရန် ကိုလည်း တိုက်တွန်းခဲ့သည်။

အမေရိက၏ ကမ်းလှမ်းချက်များနှင့် ပတ်သက်၍ ရုရှားက ယခုချိန်ထိ လူသိရှင်ကြား တုံ့ပြန်ပြောကြားမှု မရှိသေးပေ။

ယူကရိန်းနိုင်ငံ ကရိုင်းမီးယား ဒေသတွင် လက်နက်ကြီးငယ်များဖြင့် တပ်စွဲထားသည့် တပ်ဖွဲ့များမှာ ရုရှားတပ်ဖွဲ့များ မဟုတ်ဘဲ ရုရှားကို သစ္စာခံသော ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ပြောကြားလိုက်သည်။

ထို့ပြင် ရုရှားသည် ယူကရိန်းတွင် ရှိသော ရုရှား နိုင်ငံသားများနှင့် ရုရှားစကားပြော လူမျိုးများကို ကာကွယ်သည့် လုပ်ရပ်များ လုပ်ပိုင်ခွင့် ရှိကြောင်း၊ စစ်ရေးနည်းလမ်းဖြင့် လုပ်ဆောင်မှုမှာ နောက်ဆုံး နည်းလမ်းဖြစ်ကြောင်း ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်၍ ရုရှားသမ္မတ ပူတင်က ပထမဆုံး လူသိရှင်ကြား ထုတ်ဖော် ပြောကြားလိုက်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List