Wednesday, March 05, 2014

ထိုင်းစက်မှုလက်မှု လုပ်ငန်းရှင်များ မန္တလေးမြို့ခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ


ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ငါးမြို့နယ်မှ စက်မှုလက်မှု လုပ်ငန်းရှင်များ မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်ရှိ မန္တလာတောင် Resort Hotel တွင် မတ်လ ၃ရက်နေ့က မန္တလေးမြို့ခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း MRCCI ဒုတိယ ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

ထိုင်းစက်မှုလက်မှု လုပ်ငန်းရှင်များ အနေနှင့် မန္တလေးမြို့ရှိ ဒေသခံ စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို လာရောက် လေ့လာခြင်း ဖြစ်ကြောင်း၊၂၀၁၀ ပြည့်နှစ် နောက်ပိုင်း အစိုးရသစ် လက်ထက်တွင် မန္တလေးမြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ငါးမြို့မှ စက်မှုလက်မှု လုပ်ငန်းရှင်များ အနေနှင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်နိုင်ရန် လာရောက် လေ့လာခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ Mr.Chaloton က ပြောကြားသည်။

မြန်မာနိုင်ငံအနေနှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း AEC နှင့် ဈေးကွက်စီးပွားရေး စနစ်ကို အကောင် အထည်ဖော်လျက် ရှိရာ ပြည်တွင်း ကုမ္ပဏီ သုံးသောင်းကျော် အနက် မန္တလေးမြို့တွင် ကုမ္ပဏီပေါင်း နှစ်ထောင်ကျော် ရှိကြောင်း၊ စတော့ဈေးကွက် ဖော်ဆောင်နိုင်ရန် ဂျပန်ကုမ္ပဏီ တစ်ခုဖြစ်သည့် ဒိုင်ဝါ (DIWA) နှင့်လည်း အကောင်အထည် ဖော်လျက်ရှိကြောင်း ဦးမြင့်စိုးက ရှင်းလင်း ပြောဆိုသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင် နယ်စပ်ဂိတ် များမှ တစ်ဆင့် ကုန်သွယ်လျက် ရှိရာ တရုတ်နိုင်ငံက အများဆုံး ဖြစ်ပြီး ဒုတိယ အများဆုံး ဖြစ်သည့် ထိုင်းနိုင်ငံနှင့် မြဝတီ၊ မဲဆောက် နယ်စပ်ဂိတ်များက တစ်ဆင့် ကုန်သွယ်လျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ၌ ပြည်ပ နိုင်ငံပေါင်း ၃၀ ကျော်က အမေရိကန် ဒေါ်လာ ၄၃ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားရာ ယင်းတို့အနက် ထိုင်းနိုင်ငံက ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ရုံးခွဲ ဖွင့်လှစ်ထားသည့် နိုင်ငံများအနက် ထိုင်းနိုင်ငံက တတိယ အများဆုံး ဖြစ်သည်ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List