Wednesday, March 05, 2014

ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်အမတ်များ စံချိန်တင် အစည်းအဝေးပျက်


ဥပဒေပြုရေး မဏ္ဍိုင်၏ အမြင့်ဆုံး လွှတ်တော်ဖြစ်သော ပြည်ထောင်စု လွှတ်တော်၏ သက်တမ်း သုံးနှစ်တာ ကာလအတွင်း မတ်လ ၄ ရက်နေ့၌ ကျင်းပသော အစည်းအဝေးတွင် လွှတ်တော် အမတ်များ စံချိန်တင် ပျက်ကွက်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။ 
မတ်လ ၄ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၁၉၆ ဦး ပျက်ကွက်ခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဆိုသည်။ 

ယင်းသို့ လွှတ်တော်အမတ်များ လွှတ်တော် အစည်းအဝေး ပျက်ကွက်မှု များလာသဖြင့် သက်ဆိုင်ရာ ပါတီများက ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များကို လွှတ်တော် အစည်းအဝေး မပျက်ကွက်ရန် အချင်းချင်း အသိပေးသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို တက်ရောက်ခွင့် ရှိသည့် လွှတ်တော် ကိုယ်စားလှယ် ၆၂၄ ဦးရှိပြီး ယခုကဲ့သို့ ကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံခန့် ပျက်ကွက် နေခြင်းကြောင့် ဥပဒေ အတည်ပြုရေး ကိစ္စများနှင့် အများပြည်သူနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်များ ချရာတွင် ပြည်သူ့ဘက်မှ ရပ်တည်ပေးနိုင်မှု အားနည်း သွားနိုင်ကြောင်း ၎င်းကထပ်လောင်း သတိပေးသည်။ 

“အခု ဆွေးနွေးနေတာက အဓိကကျတဲ့၊ အင်မတန်မှ အရေးကြီးတဲ့ ဥပဒေများ ဖြစ်တဲ့အတွက် မဲခွဲ ဆန္ဒဆုံးဖြတ်တဲ့ နေရာမှာလည်း မဲပေးတဲ့ ပြည်သူ့ကိုယ်စား ပေးရတဲ့ ဆန္ဒမဲတွေ များများပါသွားဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။ 

ယနေ့ကျင်းပသည့် အစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် အရေးကြီးသော အခွန်အကောက်ဆိုင်ရာ ဥပဒေများအပြင် လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲနေသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေ အပါအဝင် သတင်းမီဒီယာ ဥပဒေတို့ကို အတည်ပြုဋ္ဌာန်းရန် အစီအစဉ်များ ရေးဆွဲထားကြောင်း အစည်းအဝေး တက်ရောက်သည့် လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောကြားသည်။

ယခုကျင်းပနေသော နဝမအကြိမ် လွှတ်တော် အစည်းအဝေးတွင် အစည်းအဝေး ပျက်ကွက်သည့် ကိုယ်စားလှယ် စာရင်းသည် ယခင်အစည်းအဝေး ကျင်းပချိန်များထက် ပျက်ကွက်သူ ပိုများလာပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပသည့် ရက်များတွင် အစည်းအဝေး ပျက်ကွက်သည့် လွှတ်တော် ကိုယ်စားလှယ် ဦးရေမှာ ၁၅၀ မှ ၂၀၀ နီးပါးအထိ ဖြစ်လာကြောင်း ပြည်ထောင်စု လွှတ်တော် အခွင့်အရေး ကော်မတီ၏ တင်ပြချက်များအရ သိရသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List