Wednesday, March 05, 2014

ရန်ပုံငွေ နည်းပါးသည့်အတွက် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှု နှောင့်နှေးဟုဆို

ဘင်းမ်စတက်အဖွဲ့၏ ဦးစားပေးကဏ္ဍ ၁၄ ခုနှင့် အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်နိုင်မှု တို့သည် ရန်ပုံငွေ အလှူရှင်နှင့် မိတ်ဖက် အဖွဲ့အစည်း နည်းပါးသည့်အတွက် နှောင့်နှေး ကြန့်ကြာကြောင်း စွမ်းအင်စီမံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဖေဇင်ထွန်းက The Voice သို့ ပြောကြားသည်။

စွမ်းအင်ကဏ္ဍတွင် ဒေသတွင်း စွမ်းအင် ဖူလုံရေး၊ မဟာဓာတ်အားလိုင်း စံနှုန်းများ ဟန်ချက်ညီစေရေး စသည့်အချက်တို့ ပါဝင်ပြီး ယင်းတို့ကို လုပ်ဆောင်ရန် ဆွေးနွေးမှုများ ရှိသော်လည်း မိတ်ဖက် အဖွဲ့ အစည်းနှင့် ရန်ပုံငွေ လိုအပ်ချက် ရှိကြောင်း ၎င်းက ပြောဆိုသည်။

“စီမံကိန်းတွေ၊ ဦးစားပေး ကဏ္ဍတွေကို လုပ်ဖို့ဆိုတာ ရန်ပုံငွေရှိဖို့ လိုတယ်။ ရန်ပုံငွေ ရှာဖွရာမှာလည်း ကိုယ်နိုင်ငံရဲ့ ထည့်ဝင်ငွေအပြင် ဒေသတွင်း နိုင်ငံတွေနဲ့ တခြားပြင်ပနိုင်ငံတွေလည်း လိုတယ်” ဟု အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက ဆိုသည်။

ဘင်္ဂလား ပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်ဟု အမည်ရသော ဘင်းမ်စတက် အဖွဲ့ကို ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့သော်လည်း အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်နိုင်မှုမှာ ရန်ပုံငွေ နည်းပါးသည့်အတွက် ဆွေးနွေးဆဲ အဆင့်များတွင်သာ ရှိကြောင်း ၎င်းကဆိုသည်။

ဘင်းမ်စတက်အဖွဲ့၏ တစ်ခုတည်းသော ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းအဖြစ် အာရှဖွံဖြိုးရေးဘဏ် (ADB) က ၂၀၀၅ ခုနှစ်မှ စတင်ဝင်ရောက်ပြီး လက်ရှိတွင် ဘင်းမ်စတက် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦနှင့် ကုန်စည်စီးဆင်းမှု (BTILS) စီမံကိန်းကို ဆောင်ရွက်လျက် ရှိသည်။

ဘင်းမ်စတက်တွင် ဦးစားပေးကဏ္ဍ ၁၄ ခု သတ်မှတ်ထားသည့် အနက် မြန်မာနိုင်ငံသည် စွမ်းအင်နှင့် စိုက်ပျိုးရေး ကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List