Tuesday, March 04, 2014

အမေရိကန်ပြည်ထောင်စုမှာပင် အငြင်းပွားနေပြီး အာရှတိုက်၌ လုံးဝ မရှိသော လိင်တူလက်ထပ်ခြင်းကို မြန်မာနိုင်ငံမှာ ခွင့်ပြုလိုက်ပြီလား


အမေရိကန်ပြည်ထောင်စုမှာပင် အငြင်းပွားနေပြီး အာရှတိုက်၌ လုံးဝမရှိသော လိင်တူလက်ထပ်ခြင်းကို မြန်မာနိုင်ငံ၌ ခွင့်ပြုလိုက်ပြီလားဆိုသည့် မေးခွန်းများထွက်ပေါ်နေသည်။
   

မတ် ၂ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Excel Treasure ဟိုတယ်တွင် လိင်တူချစ်သူ အမျိုးသားနှစ်ဦးဖြစ်သည့် ကိုမျိုးမင်းထက်နှင့် ကိုတင်ကိုကိုတို့၏ (၁၀) နှစ်ပြည့် မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့ပြီးနောက် အဆိုပါမေးခွန်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ လိင်တူချစ်သူနှစ်ဦး၏ မင်္ဂလာအခမ်းအနားကို The Voice ၊ 7 Day ၊ Democracy Today အစရှိသည့် သတင်းစာများတွင်လည်း ဂုဏ်ယူစရာ သတင်းတစ်ရပ်အနေဖြင့် ဖော်ပြခဲ့ကြသည်။
    
မြန်မာနိုင်ငံ၌ လိင်တူလက်ထပ်ခြင်းကို ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် တားမြစ်ထားပြီး ကျူးလွန်ပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည်အထိ သတ်မှတ်ထားသည်။
    
ရာဇသတ်ကြီး ပုဒ်မ ၃၇၇ တွင် "မည်သူမဆို ယောက်ျားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ၊ မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကို ပြုလုပ်လျှင် ထိုသူကို တစ်သက်
တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်"ဟု ပြဋ္ဌာန်းထားသည်။
    
ထိုကဲ့သို့ ဥပဒေရှိလျက်နှင့်ပင် လိင်တူချစ်သူ အမျိုးသားနှစ်ဦး၏ မင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၌ ခမ်းနားစွာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    
ဗဟန်းမြို့နယ် ရဲစခန်းကမူ Excel Treasure ဟိုတယ်၌ ပြုလုပ်ခဲ့သော မင်္ဂလာအခမ်းအနားနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟုဆိုသည်။
    
"Excel Treasure ဟိုတယ်မှာ ကျင်းပသွားတဲ့ အမျိုးသားနှစ်ဦးရဲ့ ၁၀ နှစ်ပြည့်မင်္ဂလာအခမ်းအနားနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့အနေနဲ့စုံစမ်းပြီးတော့ စစ်ဆေးသွားပါမယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မ ၃၇၇ နဲ့ ကိုက်ညီတယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူသွားပါမယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ဦးမြင့်လွင်စန်းက မတ် ၃ ရက် တွင် The Daily Eleven သို့ ပြောကြားသည်။

ကမ္ဘာ့နိုင်ငံ ၁၅ နိုင်ငံတွင်သာ လိင်တူလက်ထပ်ခြင်းကို လွတ်လပ်စွာခွင့်ပြုထားပြီး ၁၃ နိုင်ငံ၌ ဥပဒေ ကန့်သတ်ချက်များဖြင့် ခွင့်ပြုထားသည်။ ကျန်ရှိသော နိုင်ငံအများစုတွင် လိင်တူလက်ထပ်ခြင်းကို ခွင့်ပြုမထား ကမ္ဘာ့နိုင်ငံ ၁၅ နိုင်ငံတွင်သာ လိင်တူလက်ထပ်ခြင်းကို လွတ်လပ်စွာခွင့်ပြုထားပြီး ၁၃ နိုင်ငံ၌ ဥပဒေကန့်သတ်ချက်များဖြင့် ခွင့်ပြုထားသည်။ ကျန်ရှိသော နိုင်ငံအများစုတွင် လိင်တူလက်ထပ်ခြင်းကို ခွင့်ပြုမထားဘဲ အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ် ၁၈ ခုတွင်သာ ခွင့်ပြုထားပြီး ပြည်နယ်လေးခုတွင် အကန့်အသတ်ဖြင့်ခွင့်ပြုကာ ကျန်ပြည်နယ်များတွင် ခွင့်ပြုထားခြင်း မရှိချေ။
    
အာရှနိုင်ငံများထဲတွင် လိင်တူလက်ထပ်ခြင်းကို ခွင့်ပြုထားသည့်နိုင်ငံတစ်နိုင်မျှမရှိဘဲ အချို့နိုင်ငံများတွင် သေဒဏ်အထိ အပြစ်ပေးနိုင်သော ဥပဒေများဖြင့် တားမြစ်ထားသည်။
    
မြန်မာနိုင်ငံ၌ ဥပဒေအရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော လိင်တူလက်ထပ်ခြင်းကို ဘာသာရေးအရလည်း ခွင့်ပြုထားခြင်း မရှိပေ။
    
"ဘုန်းကြီးတို့ ဗုဒ္ဓဘာသာမှာ ခွင့်ပြုမထားပါဘူး။ လောကသဘာဝယုတ္တိရော၊ ကမ္မသဘာဝယုတ္တိရောမှာ ဒါတွေက မသင့်လျော်ပါဘူး။ အဲဒီအပေါ်မှာတော့ ဘုန်းကြီးတို့က သဘောမတူဘူးဒီမိုကရေစီဆိုသော်လည်းပဲ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့လုပ်ငန်းစဉ်တွေကို အားမပေးဘူး။ ဘုရားနည်းနဲ့လည်း မကိုက်ညီဘူး။ ဒီမိုကရေစီဆိုပြီး ဒါတွေက မဖြစ်သင့်တဲ့ကိစ္စတွေဖြစ်တယ်။ ဒီမိုကရေစီကို ခုတုံးလုပ်ပြီးတော့ ထင်ရာစိုင်းနေမယ်ဆိုရင်တော့ တိုင်းပြည်က အကျင့်စာရိတ္တပိုင်းဆိုင်ရာမှာ လျော့မယ်။ အကျင့်စာရိတ္တ မပါဘူးဆိုရင် ကျန်တဲ့အပိုင်းတွေမှာလည်း လဲပြိုသွားမှာပဲ။ ဘာသာရေးအရရော၊ လူမှုရေးအရရော ဒါတွေက လုံးဝကိုက်ညီမှုမရှိဘူး။ ဗုဒ္ဓဒေသနာအရလည်း ဒါတွေက ကိုက်ညီမှုမရှိဘူး။ လောကရေးရာအရလည်း ဥပဒေရေးရာအရလည်း ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် တားမြစ်
သင့်တယ်"ဟု မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။
    
မြန်မာနိုင်ငံတွင် လိင်တူလက်ထပ်ခြင်းကို ဥပဒေအရ တားမြစ်ထားသော်လည်း  လိင်တူချစ်သူ အခွင့်အရေးဆိုင်ရာ ကွန်ရက်နှင့်အတူ ချိတ်ဆက်ထားသော လိင်တူချစ်သူအဖွဲ့အစည်း ၁၉ ဖွဲ့အထိရှိနေပြီး ၂၀၁၄ ခုနှစ်တွင် ၂၅ ဖွဲ့အထိဖြစ်အောင် စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
    
Excel Treasure ဟိုတယ်၌ မင်္ဂလာအခမ်းအနား ဆင်နွှဲခဲ့သူ လိင်တူချစ်သူအမျိုးသား နှစ်ဦးစလုံးသည် လိင်တူချစ်သူများအတွက် ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများတွင် လုပ်ကိုင်နေကြ
သူများ ဖြစ်သည်။
    
လိင်တူချစ်သူ အမျိုးသားနှစ်ဦး ဖြစ်သည့် ကိုမျိုးမင်းထက်နှင့် ကိုတင်ကိုကိုတို့သည် လွန်ခဲ့သည့် ၁၀ နှစ်အချိန်ကပင် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး မတ် ၂ ရက်က ပြုလုပ်ခဲ့သောပွဲသည် ၁၀ နှစ်တာ ပေါင်းသင်းခြင်းကို ပြဆိုခြင်းသာဖြစ်ကြောင်း လိင်တူချစ်သူများ၏ အခွင့်အရေးကို အဓိကလုပ်ဆောင်နေသည့် လူ့အခွင့်အရေးပညာပေးဌာန (HREIB) ၏ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ဆိုသည်။
    
"လက်ထပ်ခဲ့တဲ့ဟာကို သူတို့အနေနဲ့  အထိမ်းအမှတ်လုပ်တာပဲ ဖြစ်ပါတယ်။ မနေ့က လက်ထပ်ပွဲဆိုတာက တရားဥပဒေအရ လက်ထပ်စာချုပ်နဲ့ လက်ထပ်တာမဟုတ်ဘဲနဲ့ ဒီနှစ်ယောက်က ၁၀ နှစ်တာ ပေါင်းသင်းခဲ့တဲ့ အထိမ်းအမှတ်ကို သူတို့ရဲ့မိတ်ဆွေကြားထဲမှာ ပြန်ပြီးတော့ ပြတဲ့
သဘောဖြစ်တယ်။ အခုမှလက်ထပ်တယ်လို့ ထင်နေတာတော့ မဟုတ်ဘူးဗျ။ အဲဒီတော့ ပထမဆုံးအနေနဲ့ ၁၀ နှစ်တာ သူတို့တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိ လက်တွဲခဲ့တဲ့ဟာကို လူသိရှင်ကြား ကြေညာတာရယ်၊ ဒီဟာနဲ့ပတ်သက်ပြီး သူတို့အပေါ်မှာ သူတို့ချစ်ခင်တဲ့သူတွေကအသိ အမှတ်ပြုလုပ်ဆောင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အခုချိန်အထိ လိင်တူချင်းချစ်တာကို တရားဝင်ခွင့်ပြုထားတာ မရှိသေးပါဘူး။ ဒီဟာက တရားဥပဒေအရ လက်ထပ်တာမဟုတ်ဘူးဆိုတာကို ပထမဆုံးရှင်းပြတာ ဖြစ်ပါတယ်" ဟု ဦးအောင်မျိုးမင်းက ပြောကြားသည်။
    
ကာယကံရှင်များဖြစ်သည့် ကိုမျိုးမင်းထက်နှင့် ကိုတင်ကိုကိုတို့ကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု မရခဲ့ပေ။
    
သို့သော် ထိုနှစ်ဦး၏ မင်္ဂလာပွဲသတင်းကို လူမှုကွန်ရက် Facebook တွင် ပြင်းထန်သောဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး သတင်းဖော်ပြခဲ့သော သတင်းဌာနများ၏ Facebook စာမျက်နှာများတွင် ထိုသတင်းကို မျက်နှာဖုံး၌ ဖော်ပြခဲ့ခြင်းအား ဝေဖန်ခဲ့ကြသည်။ 

ထို့ပြင်ယခုလုပ်ရပ်သည်အရှက်တရားကင်းမဲ့ခြင်း သာဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော ကိစ္စရပ်ဖြစ်သည်ဟု Facebook သုံးစွဲသူများက ပြောကြားခဲ့ကြသည်။  
    
"ကျွန်တော်တို့နိုင်ငံဟာ လိင်တူလက်ထပ်မှုကို ခွင့်ပြုထားတဲ့ နိုင်ငံမဟုတ်ပါဘူး။ နောက်ပြီး လိင်တူချင်း လိင်ဆက်ဆံမှု ပြုတာကလည်း တရားဥပဒေအရ အရေးယူနိုင်တဲ့ပြစ်မှုပါ။ ဒီလိုမျိုးဥပဒေနဲ့ ဆန့်ကျင်နေတဲ့ အပြင် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူမှုအသိုင်းအ၀ိုင်းမှာ ကြားလို့မှမတော်တဲ့ကိစ္စဟာ အားပေးအားမြှောက် လုပ်ရမယ့်ကိစ္စမဟုတ်ပါဘူး။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာကို အားပေးအားမြှောက် ပြုရာကျ မှာစိုးလို့ ဆေးလိပ်နဲ့အရက်ကြော်ငြာတွေကို ပိတ်ပင်ခဲ့တာပါ။ ဒါပေမဲ့ လိင်တူချင်းလက်ထပ်တဲ့ ကိစ္စမျိုးကို မျက်နှာဖုံးကနေ ရေးကြီးခွင်ကျယ် ဖော်ပြကြတာမျိုးကတော့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ ဥပဒေမဲ့ လုပ်ရပ်တစ်ခုကို ထောက်ခံလိုက်တာလားလို့ မေးချင်ပါတယ်။ တရားမ၀င်ဖြစ်နေတာတွေကို ဘာမှမပြော လိုပါဘူး။ ဒါပေမဲ့ အခုလို တရားဝင်လုပ်လာတာမျိုးကျတော့ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းကို စော်ကားလိုက်သလိုပါပဲ" ဟု ဆရာဝန်စာရေးဆရာ နရီမင်းက ပြောကြားသည်။
    
မြန်မာနိုင်ငံမှ လိင်တူချစ်သူများ၏ အခွင့်အရေးနှင့် ပတ်သက်သော သတင်းများကို The Voice ၊ 7 Day ၊ မြန်မာတိုင်း (မ်) နှင့် ဧရာဝတီသတင်းဌာနတို့က အများဆုံးဖော်ပြလေ့ရှိသည်။

eleven media group

No comments:

Post a Comment

My Blog List