Monday, March 03, 2014

နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိ


မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုကို ပထမဦးဆုံး ဖြေလျှော့ပေးခဲ့သည့် ဥရောပသမဂ္ဂ နိုင်ငံဖြစ်သည့် နော်ဝေနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး Børge Brende က မြန်မာနိုင်ငံသို့ ပထမဦးဆုံး ခရီးစဉ်အဖြစ် မတ်လ ၁ ရက်နေ့က စတင် ရောက်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာနိုင်ငံတွင် ၃ ရက်ကြာ နေထိုင်မည် ဖြစ်ပြီး၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် နာယက သူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာအစိုးရ အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

နော်ဝေနိုင်ငံသည် မြန်မာ့ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ အတွက် အများဆုံး ထောက်ပံ့နေသည့် နိုင်ငံဖြစ်ပြီး နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးသည် ၎င်း၏ ခရီးစဉ်အတွင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ထို့အပြင် မြန်မာနိုင်ငံ သိပ္ပံနှင့် နိုင်ငံတကာ လုံခြုံရေး အဖွဲ့အစည်းနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတများနှင့် စွမ်းအင်ကဏ္ဍ ဆိုင်ရာ အလားအလာ ကောင်းများနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ပြီး မြန်မာ့လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ အဆင့်မြှင့်တင်ရေး အတွက် နော်ဝေ-မြန်မာ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီချက် တစ်ရပ်ကို မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုးနှင့် မတ်လ ၃ ရက်နေ့တွင် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။

နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၉၅၆ ခုနှစ်ကပင် သံတမန် ဆက်ဆံရေး စတင်ခဲ့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံရုံးကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ရန်ကုန်မြို့တွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သံရုံး ဖွင့်ပွဲသို့ နော်ဝေနိုင်ငံ ဝန်ကြီးချုပ် Mr.Jens Stoltenberg ကိုယ်တိုင် တက်ရောက်ခဲ့သည်။ 

နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်တွင် အများဆုံး ကူညီနေသည့် နိုင်ငံဖြစ်ပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်ခု အနေနှင့် မြန်မာအစိုးရ အပေါ် ပြုလုပ်ခဲ့သည့် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပိတ်ဆို့မှုများကို အစောဆုံး ဖြေလျှော့ပေးခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။

ထို့အပြင် ပါရီကလပ် အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်အရ နော်ဝေနိုင်ငံ အပေါ် မြန်မာအစိုးရ တင်ရှိနေသည့် ကြွေးဟောင်း အားလုံးဖြစ်သည့် အမေရိကန်ဒေါ်လာ ၅၃၄ သန်းကို နော်ဝေ အစိုးရက အပြီးတိုင် ဖြေလျှော့ပေးခဲ့သည်။

No comments:

Post a Comment

My Blog List