Monday, March 03, 2014

မြန်မာနိုင်ငံ၏ လျှပ်စစ်၊ စွမ်းအင်ကဏ္ဍများတွင် နော်ဝေနိုင်ငံ၏ အတွေ့ အကြုံများကို မျှဝေပေးရန် အစီအစဉ်ရှိဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီး ပြောကြား



မြန်မာနိုင်ငံ၏ လျှပ်စစ်၊ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူသည့် ကဏ္ဍများတွင် နော်ဝေနိုင်ငံ၏ အတွေ့အကြုံများကို မျှဝေပေးရန် အစီအစဉ် ရှိသည်ဟု မတ် ၂ ရက်မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် သံတမန်လမ်းရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ အဆောက်အဦတွင် ပြုလုပ်ခဲ့သည့် သဘာဝ သယံဇာတနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ မြန်မာနိုင်ငံ၏ အလားအလာနှင့် ပတ်သက်သည့် စားပွဲဝိုင်းဆွေးနွေးပွဲတွင် နော်ဝေနိုင်ငံခြားရေးဝန်ကြီး Mr. Borge BRENDE က ပြောကြားခဲ့သည်ဟု မတ် ၂ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားမှ သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူး မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မြန်မာ့သယံဇာတနှင့် စွမ်းအင်ဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ရာ နော်ဝေနိုင်ငံခြားရေးဝန်ကြီးက “စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမရှိလျှင် အလုံးစုံ တိုးတက်လာမည် မဟုတ်ကြောင်း နော်ဝေနိုင်ငံအနေဖြင့် သဘာဝသယံဇာတ ထိန်းသိမ်းမှု နည်းစနစ်များ ကျယ်ပြန့်စွာ အသုံးချလျက်ရှိပြီး မြန်မာ့ရေမြေ သယံဇာတများ ထိန်းသိမ်းရာတွင်လည်း ဖွံ့ဖြိုးတိုးတက်သော နည်းပညာများဖြင့် ကူညီပံ့ပိုးသွားရန် အဆင်သင့်ရှိကြောင်း၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူသည့် ကဏ္ဍများတွင် မြန်မာနိုင်ငံသည် အလွန်အလားအလာကောင်းသော နိုင်ငံတစ်ခုဖြစ်ပြီး လက်ရှိလုပ်ကိုင်နေသည့် နော်ဝေနိုင်ငံ၏ အတွေ့အကြုံများကို မျှဝေသွားရန် အစီအစဉ်ရှိကြောင်း၊ ကောင်းမွန်သော သယံဇာတများကို ကောင်းမွန်သော စီမံခန့်ခွဲမှုဖြင့် လုပ်ကိုင်ဆောင်ရွက်သွားမှသာ ဘေးထွက်ဆိုးကျိုးနည်းပြီး ဖွံ့ဖြိုးတိုးတက်မှုများ ရရှိမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော အဖွဲ့သည် မတ်လ ၂ ရက် နံနက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နေပြည်တော်၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List