Wednesday, March 05, 2014

ထိုင်းဘုရင်ဟောင်းသင်္ချိုင်း အပါအ၀င် မန္တလေးဝန်းကျင်ရှိ ထိုင်းသမိုင်း ဆိုင်ရာ အထောက်အထားများအား ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနက လာရောက်လေ့လာ


ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနက မန္တလေးမြို့ အနီးဝန်းကျင်ရှိ ထိုင်းယဉ်ကျေးမှု သမိုင်းဆိုင်ရာ အထောက်အထားများအား ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ နေ့အထိ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် လင်းဇင်းကုန်း သုသာန်အတွင်းရှိ ထိုင်းဘုရင်အုတ်ဂူ ပြန်လည်တူးဖော်ရေး စီမံကိန်းအပါအ၀င် မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ မတ္တရာမြို့နယ်များ ၀န်းကျင်တွင် ထိုင်းလူမျိုးများ နေထိုင်သွားခဲ့ကြသည်များကို လာရောက်လေ့လာခြင်းဖြစ်ကြောင်း အဆိုပါခရီးစဉ်တွင် လိုက်ပါခဲ့သည့် ဧည့်လမ်းညွှန်တစ်ဦးက ပြောဆိုခဲ့သည်။

“ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်နဲ့အဖွဲ့ လာရောက်လေ့လာ သွားကြပါတယ်။ သူတို့က မန္တလေးမြို့ အနီးဝန်းကျင်မှာရှိနေတဲ့ ထိုင်းလူမျိုးတွေနဲ့ သက်ဆိုင်တဲ့ သမိုင်းအထောက်အထားတွေ၊ ရိုးရာယဉ်ကျေးမှုတွေကို ရှာဖွေလေ့လာကြတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ ထိုင်းဘုရင်အုတ်ဂူကို လာရောက်လေ့လာတဲ့ အခါမှာ ထိုင်းဘုရင်လို့ ဘာကြောင့်အတိအကျ ပြောနိုင်သလဲဆိုပြီး ထိုင်းမီဒီယာတွေက မေးတဲ့အခါမှာ ကျွန်တော့်အနေနဲ့ အထောက်အထား အခိုင်အမာနဲ့ သေသေချာချာ ရှင်းပြခဲ့ပါတယ်။ 

သူတို့နိုင်ငံမှာ မြန်မာနိုင်ငံကို နန်းကျဘုရင်တစ်ဦး အနေနဲ့ လိုက်ပါလာခဲ့ရတဲ့ ထိုင်းဘုရင်ဟောင်း ဥတွန်ပုံအကြောင်းကို ပြည့်ပြည့်စုံစုံနဲ့ အထောက်အထားတွေ မကျန်ရစ်ခဲ့ဘူး။ အရင်က မြန်မာဘုရင်တွေဟာ ရွှေနန်းတော်မှာ အရေးကြီးတဲ့ အကြောင်းအရာတွေကို မှတ်တမ်းတင်ထားတဲ့ မောင်းမလက်သုံး ပုရပိုက်ထဲမှာနဲ့ ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး စတဲ့ ဒီဘုရင်ကြီးနဲ့ ပတ်သက်တာတွေက ကျွန်တော်တို့နိုင်ငံမှာ အပြည့်အစုံ မှတ်တမ်းတွေ ရှိထားခဲ့ပါတယ်။ 

ဒါကြောင့် ဒါဟာသူတို့ရဲ့ ထိုင်းဘုရင်ပါလို့ ရှင်းပြတဲ့အခါ လက်ခံကြပါတယ်” ဟု မြန်မာမှုဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပ၀တီ)က ပြောကြားခဲ့သည်။

အဆိုပါ ထိုင်းဘုရင်ဟောင်းအုတ်ဂူ တည်ရှိနေသည့် လင်းဇင်းကုန်းသုသာန် နေရာသည် ကျောက်ခေတ်ယဉ်ကျေးမှုများ အပါအ၀င် အမရပူရခေတ်၏ သမိုင်းဝင် သာသနိက အဆောက်အဦများ၊ ရှေးဟောင်းအဆောက်အဦများ တည်ရှိနေပြီး လက်ရှိအချိန်တွင် ယင်းနေရာအား စည်ပင်သာယာမှ ပန်းဥယျာဉ် တည်ဆောက်နေခြင်းကြောင့် ဒေသခံများက ကန့်ကွက်ပြောဆိုနေမှုများလည်း ရှိနေသည်။


eleven media group

No comments:

Post a Comment

My Blog List