Monday, March 03, 2014

အိန္ဒိယသူပုန် ခေါင်းဆောင်များကို ပြန်လွှဲပေးရန် မြန်မာထံ အိန္ဒိယ တောင်းဆိုမည်


အိန္ဒိယ-မြန်မာ နယ်စပ် ဒေသများတွင် ခြေကုပ် ယူထားကြသည့် အိန္ဒိယအစိုးရ ဆန့်ကျင်သည့် သူပုန်ခေါင်းဆောင်များကို အိန္ဒိယဘက်သို့ ပြန်လွှဲ ပြောင်းပေးရန် အတွက် မတ်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းက မြန်မာ အစိုးရထံ တောင်းဆိုသွားမည်ဟု ပြောကြားကြောင်း The Telegraph သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မတ်လ ၁ နေ့မှ ၄ ရက်နေ့ အထိ ကျင်းပမည့် ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ဆိုင်ရာ ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (BIMSTEC) တတိယ ထိပ်သီး ညီလာခံသို့ တက်ရောက်မည့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်က မြန်မာအစိုးရ အရာရှိများနှင့် တွေ့ဆုံချိန်တွင် ယင်းသို့ တောင်းဆိုသွားမည် ဖြစ်ကြောင်း ယင်းသတင်း ဌာနတွင် ဖော်ပြထား ချက်များအရ သိရသည်။

အထူးသဖြင့် မြန်မာနိုင်ငံဘက်တွင် ပုန်းခိုနေသည့် သူပုန်ခေါင်းဆောင် Ulfa’s Paresh Barua အပါအဝင် သူပုန်အဖွဲ့ အချို့ကို အိန္ဒိယဘက်သို့ ပြန်လွှဲပြောင်း ပေးရန်နှင့် နယ်စပ်ဒေသ တစ်လျှောက် စီမံခန့်ခွဲမှု ဆိုင်ရာ နှစ်နိုင်ငံအစိုးရ ပူးတွဲ စီမံကိန်းတစ်ရပ် ဖော်ဆောင်ရေး အတွက်လည်း မြန်မာအစိုးရထံ တောင်းဆိုသွားမည်ဟု ဝန်ကြီးချုပ်က ပြောကြားကြောင်း အဆိုပါ သတင်းစာတွင် ရေးသားထားသည်။

“အိန္ဒိယ အစိုးရက နယ်စပ်ဒေသက သောင်းကျန်းသူတွေရဲ့ ပြဿနာကို အမြန်ဆုံး ဖြေရှင်းသွားဖို့ ဆောင်ရွက်နေပါတယ်။ အဓိက အဲ့ဒီဒေသတွေက အစွန်အဖျား ဖြစ်နေတာရယ်၊ ဖွံ့ဖြိုးမှု အားနည်တာ တွေရယ် ရာဇဝတ်မှုတွေ ထူပြောတာ တွေကြောင့် ဒီလို လက်နက်ကိုင် ပြဿနာတွေကို ရင်ဆိုင်နေရတာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E.Mr.Gautam Mukhopadhaya က The Voice သို့ ပြောကြားသည်။

မဏိပူရ (NDFB) သူပုန်အဖွဲ့ ခေါင်းဆောင် Ulfa’s Paresh Barua အပါအဝင် အခြားထိပ်တန်း သူပုန်ခေါင်းဆောင် အချို့သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ခြေကုပ် ယူနေကြခြင်း ဖြစ်ကြောင်း မြန်မာအစိုးရ အရာရှိ တစ်ဦးက ပြောကြားသည်။

ထို့အပြင် အိန္ဒိယနိုင်ငံမှ ခွဲထွက်ရေး အတွက် အစိုးရကို ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့တစ်ခု ဖြစ်သည့် Kamtapur Liberation Organization (KLO) မှ ခေါင်းဆောင်များသည် မြန်မာနိုင်ငံ မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသ အတွင်း၌ အခြားအိန္ဒိယ အစိုးရ ဆန့်ကျင်သူများနှင့် ပူးပေါင်းကာ စစ်သင်တန်းပေး စခန်းများ ဖွင့်လှစ်၍ သင်တန်း ပေးနေကြောင်း အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေး တပ်ဖွဲ့မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားကြောင်း အိန္ဒိယ မီဒီယာအချို့က ဆိုသည်။

“နှစ်နိုင်ငံ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသတွေမှာတော့ အိန္ဒိယ သူပုန်တွေ ရှိနေတာ ကြာပါပြီ သူတို့က ဟိုဘက်ကူး ဒီဘက်ကူး လုပ်နေတာ။ ဒါပေမဲ့ အင်အား မများပါဘူး” ဟု မြန်မာနိုင်ငံ အစိုးရ အကြီးတန်း အရာရှိ တစ်ဦးက ဆိုသည်။

ယင်းသို့ မြန်မာ့ နယ်မြေအတွင်း ရောက်ရှိနေခြင်းမှာ နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက် ဖွံ့ဖြိုးရေး အားနည်းမှုနှင့် တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းတို့ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ နယ်စပ် သောင်းကျန်းသူများကို နှိမ်နှင်းရန်နှင့် နယ်စပ်ဒေသ တစ်လျှောက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် နှစ်နိုင်ငံ အစိုးရက ညှိနှိုင်း ဆောင်ရွက်နေပြီ ဖြစ်ပြီး၊ မကြာမီ ကာလအတွင်း ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး အစီအစဉ်များကို နှစ်နိုင်ငံ အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ သောင်းကျန်းသူများသည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ဒေသတွင် အခြားအိန္ဒိယ သူပုန် အဖွဲ့အစည်း များနှင့် ပူးပေါင်းကာ စစ်ရေး လေ့ကျင့်မှု ပြုနေပြီး၊ လက်နက်များကိုမူ တရုတ်နိုင်ငံမှ ရယူကြကြောင်း လုံခြုံရေး အရာရှိများက ဆိုသည်။

တောတောင် ထူထပ်မှုနှင့် ခက်ခဲ ကြမ်းတမ်းသော နယ်မြေ အနေအထား များကြောင့် အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက် ခြေကုပ် ယူနေသော သောင်းကျန်းသူများ ပြဿနာ ဖြေရှင်းရန်နှင့် ဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အကြိမ်ကြိမ် ကြိုးပမ်းသော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အစိုးရက ထုတ်ပြန်ထားသော မှတ်တမ်းများအရ သိရသည်။

အဆိုပါ အိန္ဒိယ အစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေသော အဖွဲ့အစည်းများကို မြန်မာနိုင်ငံက လက်မခံရန်နှင့် နယ်စပ်ဒေသ လုံခြုံရေး တိုးမြှင့်ရန် အတွက် အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီး မစ္စတာ အေကေအန်တိုနီက ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး တပ်မတော် အရာရှိများ၊ အစိုးရ တာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့သည်။

အိန္ဒိယ-မြန်မာ နယ်စပ်လျှောက် ၁၉၆၄ ခုနှစ်ကပင် ခြေကုပ်ယူနေသော လက်နက်ကိုင် သောင်းကျန်းသူ များကြောင့် ဖြစ်ပေါ်နေသော နယ်စပ်လုံခြုံရေး ပြဿနာကို ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ် ဖြေရှင်းသွား မည်ဟု အိန္ဒိယ နယ်စပ် လုံခြုံရေးတပ်ဖွဲ့က နိုဝင်ဘာ လ ၃၀ ရက်နေ့က သတင်း ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List