Friday, February 28, 2020

တိုင်းပြည်နှင့်သာသနာ မပျောက်ကွယ်ရေး YMBA က အမျိုးသားနိုင်ငံရေး ဆောင်ရွက်ရန် မြတောင်ဆရာတော် တိုက်တွန်း

Image may contain: 3 people
မြန်မာနိုင်ငံသည် အရေးကြီးသော အချိန်ရောက်ရှိနေပြီး အမျိုးသားနိုင်ငံရေး မလုပ်ဆောင်ပါက တိုင်းပြည်နှင့် သာသနာ ပျောက်ဆုံးနိုင်မည်ဖြစ်၍ ဗုဒ္ဓကလျာဏယုဝအသင်းဝင်များအနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး မမှိတ်မသုန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြတောင်ဆရာတော်က ယနေ့ ဧရာဝတီတိုင်းဒေသကြီး YMBA အသင်း ဖွဲ့စည်းသည့် အခမ်းအနားတွင် မှာကြားသည်။

မြတောင်ဆရာတော်သည် ယခင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး မဘသ (ဗဟို)မှ တွဲဖက်အတွင်းရေးမှူးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး YMBA အသင်းဖွဲ့စည်းမှု အခမ်းအနားတွင် ဦးဆောင်သံဃာအဖြစ် ပါဝင်ပြီး သြဝါဒမှာကြားမှုများ လုပ်ဆောင်ခဲ့သည်။
"၁၉၄၈ ခုနှစ် လွတ်လပ်ရေးရလာတော့ အသင်းကြီးက အမျိုးသားရေးကိစ္စတွေကို မလုပ်တော့ဘဲ ဘာသာ သာသနာလို့ ဆိုရတဲ့ ဘုန်းဘုန်းတို့ မင်္ဂလာစာမေးပွဲ၊ ဗုဒ္ဓဝင်စာမေးပွဲတို့ ၊ အဘိဓမ္မာစာမေးပွဲတို့ စသည်ဖြင့် ဆောင်ရွက်လာခဲ့ကြတယ်။ အသင်းကြီးရဲ့ ရည်ရွယ်ချက်ကိုက အမျိုး ဘာသာ သာသနာ ပညာ ၄ ချက်။၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ အသင်းကြီးက ဘာသာ ၊ သာသနာ၊ ပညာ တွေ ဆောင်ရွက်လာခဲ့ကြတယ် အမျိုးသားရေးကိစ္စတွေ မပါတော့ဘူး။ အမျိုးသားရေးဆိုတာက အားလုံးသိကြတဲ့ ၁၃၅ မျိုး၊ ၁၃၅ မျိုးထဲမှာ ဘင်္ဂါလီပါလား ။ ဘင်္ဂါလီလည်း မပါဘူး။ ရိုဟင်ဂျာလည်းမပါဘူး။ မပါတာကြီးကို ပါတယ်သွားလုပ်လို့ ဘယ်ဖြစ်မလဲ" ဟု မြတောင်ဆရာတော်က ဆိုသည်။
YMBA အသင်းဝင်များအနေဖြင့် လက်ရှိအချိန်သည် နိုင်ငံအတွက် အရေးကြီးသော အချိန်ရောက်ရှိနေပြီဖြစ်ပြီး အမျိုးသားနိုင်ငံရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အမျိုးသားနိုင်ငံရေး မလုပ်လျှင် ဝါးမြိုခံရမည်ဟု ဆရာတော်က ဆိုသည်။
"အလုပ်လုပ်တဲ့အခါမှာ နိုင်ငံရေးဆိုတဲ့ နေရာမှာ ပါတီနိုင်ငံရေး၊ ပထဝီနိုင်ငံရေး၊ အမျိုးသားနိုင်ငံရေး ဆိုပြီး ၃ မျိုးရှိပါတယ်။ ပါတီနိုင်ငံရေးကို ဘုန်းဘုန်းတို့မလုပ်ပါဘူး။ ပထဝီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး လည်းမ လုပ်လို့မရပါဘူး။ အမျိုးသားနိုင်ငံရေး မလုပ်လို့ မရပါဘူး။ မလုပ်ဘဲနေမယ်ဆိုရင် အားလုံးသော သူတွေက ဝါးမြိုသွားမှာပေါ့။ ကိုယ့်ဘက်ကနေပြီးတော့ ပိုပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုပြီးတော့ အထူးအားဖြင့်တော့ အမျိုးသမီးတွေကို ဦးစားပေးပြီး ပြောတယ်။ ဘာသာမတူ အိမ်ထောင်ကိုယူခဲ့လိမ့်မယ်၊ ယူတဲ့အခါ ထိုအခါ ဘုရားကွယ်လိမ့်မည်။ ဘုရားကွယ်ရာ ထိုအခါ ချမ်းသာပျောက်လိမ့်မည်။ ချမ်းသာပျောက်ရာ ထိုအခါ မျိုးပါပျောက်လိမ့်မည်။ အမျိုးပျောက်ရာ ထိုအခါ ပြည်ပါ ပျောက်လိမ့်မည်။ ပြည်မပျောက်ရေး၊ အမျိုးမပျောက်ရေး၊ ချမ်းသာ မပျောက်ရေး၊ ဘုရားမကွယ်ရေး၊ အိမ်ထောင်ရေး တွေရှောင်ပါဆိုပြီး အနုနည်းနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဟောပြောလာခဲ့တာ ဒီနေ့အထိပါပဲ။ အမျိုးဘာသာသာသာနာ ပညာအတွက် မမှိတ်မသုန်ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်" ဟု ဆရာတော်က မိန့်ဆိုသည်။
ယနေ့ ကျောင်းကုန်းမြို့နယ်တွင် ကျင်းပသော ဧရာဝတီတိုင်းဒေသကြီး YMBA အသင်း ဖွဲ့စည်းခြင်း အခမ်းအနားသို့ မြတောင်ဆရာတော်အပါအဝင် YMBA ဗဟိုမှ တာဝန်လွှဲအပ်ထားသူများလည်း တက်ရောက်ခဲ့ကြပြီး ဧရာဝတီတိုင်းမြို့နယ် မြို့နယ် ၂၆ ခုမှ ကိုယ်စားလှယ်များ စုစုပေါင်း လူအင်အား ရာဂဏန်းကျော်တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment

My Blog List