Friday, February 28, 2020

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးဘာသာသာသနာကို ဦးတည်တဲ့ အမျိုးသားရေးဝါဒက မဲဆွယ်ကြွေးကြော်သံတွေ ဖြစ်လာမယ်


Image may contain: 8 people, people standing and outdoor, text that says 'အမျိုးဘာသာ သာသနာနှင့် အချုပ်အခြာအာဏာအပေါ် Protest Rally to the Alarming Insults to the Nationalism, Buddhism and Sovereignty Nationalism ရန်ကုန်မြို့ ၉.၂.၂၀၂၀'
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၂ ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေပြီး အဓိကအားဖြင့် ရွေးကောက်ပွဲအတွက် အမျိုးဘာသာသာသနာဆိုင်ရာ အမျိုးသားရေးလုပ်ငန်းတွေ အတူလက်တွဲဆောင်ရွက်ကြဖို့ လုပ်ငန်းကော်မတီတစ်ရပ် ထူထောင်ဆောင်ရွက်ဖို့ သဘောတူလိုက်ကြပါပြီ။ နှစ်ကြိမ်မြောက်တွေ့ဆုံမှုအြပီးမှာ ဒီလို အမျိုးသားရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် တူညီတာတွေလက်တွဲဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တာလို့ သက်ဆိုင်ရာပါတီတွေတာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုပါတယ်။
၂၂ ပါတီ ဘယ်လိုတွေ့ဆုံမိကြလဲ၊ ဘယ်သူက ကမကထပြုတာလဲ
=============================================

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီသစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အပါအဝင် ၂၂ ပါတီကို ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသက အနာဂတ်မြန်မာနိုင်ငံတော်အတွက် ပထမအကြိမ် ညှိနှိုင်းတိုင်ပင်လိုခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇွန်လ တတိယပတ်အတွင်းက ပထမအကြိမ်၊ အနာဂတ်မြန်မာနိုင်ငံတော်အတွက် ဒုတိယအကြိမ် ညှိနှိုင်းတိုင်ပင်လိုခြင်းဆိုပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာ ဒုတိယအကြိမ် ဖိတ်ကြားခဲ့ကြောင်း၊ တွေ့ဆုံပွဲ အခမ်းအနားကို အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဒုတိယအကြိမ်တွေ့ဆုံပွဲမှာ ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသက ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် အကျိုး ဆောင်ရွက်ကြဖို့နဲ့ သူတစ်လူ ငါတစ်မင်း မလုပ်ဘဲ ကွဲကွဲပြားပြား မလုပ်ကြဘဲ ဆောင်ရွက်ကြဖို့ နိုင်ငံရေးပါတီ ၂၂ ပါတီက ထိပ်တန်းခေါင်းဆောင်တွေကို မိန့်မှာတယ်လို့ သိရပါတယ်။

“ဆရာတော်ကြီးက လက်ခံတွေ့ဆုံပါတယ်။ ဆရာတော်ကြီးရဲ့ ဦးတည်ချက်ကတော့ ညီညီညွတ်ညွတ်နဲ့ နိုင်ငံ့အကျိုးကို ဆောင်ရွက်ဖို့ သြဝါဒ ပြုပါတယ်။ သူတစ်လူ ငါတစ်မင်း ကွဲကွဲပြားပြားမရှိဖို့၊ ညီညီညွတ်ညွတ် တိုင်းပြည်အကျိုးဆောင်ရွက်ဖို့ အမိန့်ရှိပါတယ်” လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

၂၂ ပါတီတွေ့ဆုံခွင့်ရအောင် အဓိက ကမကထပြုတာက ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းပါပဲ။ ပထမအကြိမ်ရော ၊ ဒုတိယအကြိမ်တွေ့ဆုံမှုကိုပါ ဖောင်ဒေးရှင်းက ကမကထ ပြု ဖိတ်ကြားခဲ့တာလည်းဖြစ်ပါတယ်

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားရေးကို အခြေခံ စည်းရုံးမယ်
==========================================

၂၂ ပါတီ တွေ့ဆုံမှုရဲ့ နှစ်ကြိမ်စလုံးမှာ အဓိကအားဖြင့် အမျိုးသားရေးကိစ္စကို အခြေခံ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလို ဆွေးနွေးရာမှာလည်း ပထမအကြိမ်မှာ ညီညွတ်ရေးကို အဓိက ဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ် တွေ့ဆုံမှုမှာတော့ ၂၂ ပါတီမှ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့ ခေါင်းဆောင်တွေ စုပေါင်းပြီး သဘာပတိ အဖွဲ့ လို့ခေါ်တဲ့ လုပ်ငန်းဖော်ဆောင်ရေးကော်မတီ အဖွဲ့ကို ဖွဲ့စည်းမယ်လို့ သိရပါတယ်။

အဆိုပါ သဘာပတိအဖွဲ့သည် နောင်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မူဝါဒ ချမှတ်မည်ဖြစ်ပြီး အဓိက အားဖြင့် အမျိုးသားရေးကို အဓိကထားမှာဖြစ်တယ်လို့ သိရပါတယ်။

“၂၂ ပါတီ သဘာပတိ ဖွဲ့တယ်ဆိုတာ ဒီလိုမျိုးပါ။ အလုပ်တူ ညီညွတ်ရေးဖွဲ့တာပါ။ ပါတီတွေအများကြီးရှိတာကိုး။ ဒီမိုကရေစီထုံးတမ်းအစဉ်အလာအရ တူညီတာတွေ ပေါင်းပြီး ရပ်တည်ခွင့်ရှိတယ်။ အဲဒီတော့ အလုပ်တူ ညီညွတ်ရေး တူတာကို တွဲလုပ်ဖို့ဆိုပြီး အဲဒီမှာ ယာယီဖွဲ့လိုက်တာပါ။ အလုပ်တူတယ်ဆိုတာက အမျိုးသားရေးကိစ္စတွေပေါ့။ အမျိုးသားရေးဆိုတာက ဒီကနေ့ အမေရိကန်မှာတောင် ရှိနေသေးတာပဲ။ သမ္မတ ထရမ့်လေ။ ဒေါ်နယ်ထရမ့်တောင် American First ဆိုပြီး ရှိနေသေးတာပဲ။ အမျိုးသားရေး မရှိတော့ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ နိုင်ငံအသီးသီး က မိမိတို့ အမျိုးသားရေးကို ကြိုးစားပြီး ဖွံ့ဖြိုးရတာလေ။ စင်ကာပူဖြစ်စေ၊ တရုတ်နိုင်ငံကြီးဖြစ်စေ၊ ကျနော်တို့အမျိုးသားရေးအတွက် ကျနော်တို့နိုင်ငံမှာ ပြည်ပ စွတ်ဖက်မှု အန္တရာယ် အင်မတန် ကြီးမားလာနေတယ်လို့ ကျနော်တို့သုံးသပ်တယ်။ ရခိုင်မြောက်ပိုင်းအရေးကို အကြောင်းပြုပြီးတော့။ ဘာပဲပြောပြော ပြည်တွင်းအရေးကို စွတ်ဖက်မှု အန္တရာယ်ကြီးမားလာတဲ့အတွက်ေြကာင့် ကျနော်တို့ အမျိုးသားလုံခြုံ ရေးကိုထိခိုက်လာနိုင်တယ်။ နံပါတ် ၂ မိမိတို့နိုင်ငံရဲ့ကံကြမ္မာကို မိမိတို့လွတ်လပ်စွာ ဖန်တီးခွင့်ကို ထိခိုက် လာနိုင်တယ်။ နံပါတ် ၃ ဘာဖြစ်လာနိုင်လဲဆိုတော့ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးကို ထိခိုက်လာနိုင်တယ်။ နံပါတ် ၄ အချုပ်အခြာအာဏာကို ထိခိုက်လာနိုင်တယ်။ အခြားနိုင်ငံ၊ အခြားလူမျိုးတွေကို ကျူးကျော် စော်ကားဖို့မဟုတ်ဘူး။ လိုအပ်လို့ရှိရင် ပါတီတွေ ညီညီညွတ်ညွတ်လက်တွဲသွားဖို့ လိုတယ်ဆိုတဲ့သဘောထားပါပဲ” လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ဦးထွန်းအောင်ကျော်ရဲ့ အဆိုအရ အမျိုးသားရေးကြွေးကြော်သံဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အဓိက မဲဆွယ်စည်းရုံးမယ့် အသံတွေဖြစ်လာဖို့ကတော့ သေချာသလောက်ပါပဲ။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ NLD ပါတီ အခြေအနေ
====================================

၂၀၁၅ ရွေးကောက်ပွဲမှာ လူထုက စစ်အာဏာရှင်စနစ်ကို ပြောင်းလဲချင်တာကြောင့် NLD ပါတီ အနိုင်ရရှိဖို့ ဆန္ဒပြင်းပြင်းပြပြ မဲထွက်ပေးခဲ့ကြပေမယ့် တကယ်တမ်း NLD ပါတီ အာဏာရရှိလာချိန်မှာ အပြောင်းအလဲ တွေဟာ မေ ျှာ်လင့်သလောက်ဖြစ်မလာခဲ့ပါဘူး။ အထူးသဖြင့်တော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေမှာလည်း အခြေအနေတိုးတက်လာခြင်းမရှိပါဘူး။ ပြည်သူတွေအနေနဲ့လည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုပြီး ကြွေးကြော် အာဏာ ရလာတဲ့ NLD အပေါ် မှာ အားမလို အားမရတွေ များစွာနဲ့ ရှိနေတာမို့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ စကားရပ်ဟာ လူထုကို မဲပေးဖို့ ဆွဲဆောင်နိုင်မယ့် အလားအလာကတော့ နည်းပါးလာနေပါတယ်။

အခြားတစ်ဖက်မှာလည်း စီးပွားရေးမပြေလည်မှု အပါအဝင် အထွေထွေအကျပ်အတည်းတွေကလည်း ပြည်သူလူထုကို နိုင်ငံရေးကို စိတ်ဝင်စားမှု လေ ျှာ့ကျစေမယ့် အလားအလာတွေရှိနေပါတယ်။ အာဏာရ NLD ပါတီအပေါ် ထောက်ခံမှု လေ ျှာ့ကျလာသလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုပြီး ပြောဆိုမှုတွေ အပေါ်မှာလည်း စိတ်ပျက်အားလေ ျှာ့မှုတွေ ရှိလာပါတယ်။

ဒီအခြေအနေမှာ အမျိုးသားရေးဆိုတဲ့ လူပိန်းကြိုက် စကားရပ်ဟာ ထွက်ပေါက်မဲ့နေတဲ့ လူထုကို တစ်စုံ တစ်ရာ ဆွဲဆောင်နိုင်တဲ့ အနေအထားမှာရှိနေတာကတော့ ငြင်းလို့မရပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားရေး လှုပ်ရှားသူတွေ ထင်သလောက် မဲမရခဲ့ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တော့ အမျိုးသားရေး ကြွေးကြော်သံတွေဟာ ရေပန်းစားနိုင်တဲ့ အခြေအနေရှိနေပါတယ်။

NLD ပါတီရဲ့ ရခိုင်အရေး ကိုင်တွယ်မှုနဲ့ပတ်သက်လို့လည်း ဝေဖန်မှုများစွာ ပြည်တွင်းပြည်ပမှာ ကြုံတွေ့နေရတာမို့ အမျိုးသားရေးကြွေးကြော်သံဟာ ပိုပြီး ကျယ်ကျယ်လောင်လောင်နဲ့ အားကောင်းလာနိုင်တဲ့ အခြေ အနေတွေ မြင်နေရပါတယ်။

“လာမယ့် ၂၀၂၀ မှာ အမျိုးသားရေးဆိုတာ စွန့်ပစ်လို့မရဘူး။ နိုင်ငံတစ်နိုင်ငံ အချုပ်အခြာအာဏာ ရှိရင် အမျိုးသားရေး ရှိရမယ်။ NLD ဆောင်ရွက်နေတာနဲ့ပတ်သက်လို့ ပြည်ပနိုင်ငံတွေကို သိပ်အလေးပေးပြီးလုပ်လာတယ်။ အမျိုးသားရေးဘက်မှာ အားနည်းသွားတတ်ပါတယ်လို့။ ဘယ်နေရာမဆို ပြည်ပ ဝင်စွတ်နေတယ်။ ပွင့်ပွင့်လင်းလင်းပြောမယ်ေလ။ ရခိုင်မှာ ကိုဖီအာနန် ကော်မရှင်ဖွဲ့တော့ ၁၁ ပါတီကန့်ကွက်ခဲ့တယ်။ ရခိုင်အရေးသည် ပြည်တွင်းရေးသာဖြစ်တယ်။ ပြည်ပ မပါဝင်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ပြဿနာအဖြစ် ဖန်တီးလာမယ်ဆိုတာ အန်ကယ်တို့မြင်ခဲ့တယ်။ ဒါကြောင့်မို့လို့ ကိုဖီအာနန်ကို ကန့်ကွက်ခဲ့တယ်။ အခု အဲဒီကော်မရှင်ကို အကြောင်းပြုပြီး ပြဿနာတွေ တောက်လေ ျှာက် တက်နေတယ်။ အန်ကယ် ဦးသန်းရွှေ စစ်အစိုးရလက်ထက်မှာ နိုင်ငံတကာ ပြဿနာမဖြစ်ခဲ့ဘူး။ ဦးသိန်းစိန် လက်ထက်မှာ နိုင်ငံတကာ ပြဿနာ မတက်ခဲ့ဘူး။ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးက။ NLD အစိုးရလက်ထက်မှာဖြစ်လာတယ်” လို့ ဦးထွန်းအောင်ကျော်က ရှင်းပြပါတယ်။

NLD မှာ အမျိုးသားရေးကြွေးကြော်သံတေွကို အံတုပြီး ပြည်သူလူထုကို မဲဆွယ်နိုင်တဲ့ နိုင်ငံရေးကြွေးကြော်ချက်တေွ မရှိရင် သေချာပေါက်ကို အရေးမလှနိုင်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ကြွေးကြော်ခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးရရှိရေးဆိုတာကလည်း လက်တွေ့မှာ ဘာမှ ဖြစ်မလာတာမို့ အမျိုးသားရေးကြွေးကြော်သံတေွကို ဖုံးလွှမ်း မဲဆွယ်နိုင်မယ့် နိုင်ငံရေး မဟာဗျူဟာ တွေ NLD ပါတီအတွက် လိုအပ်နေပါတယ်။

အမျိုးသားရေးအတွက် မဘသဘက်မှ နိုင်ငံရေးပါတီများ စုပေါင်းရပ်တည်ကြခြင်း
==============================================

အမျိုးဘာသာသာသာသနာစောင့်ရှောက်ရေး(မဘသ) အဖွဲ့ကို ၂၀၁၇ ခုနှစ်အတွင်းမှာ နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့က ဖျက်သိမ်းဖို့ ညွှန်ကြားချက် ထုတ်စဉ်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတွေဟာ မဘသ ဘက်ကနေ ရပ်တည်ခဲ့ကြပါတယ်။ အလားတူပါပဲ မဘသ အသွင်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ၄၅ ရက်အတွင်း ဖျက်သိမ်းဖို့ နိုင်ငံတော်သံဃာမဟာနာယက အဖွဲ့က ဇူလိုင်လ ၂၀ ရက်နေ့မှာ ထပ်မံညွှန်ကြားတဲ့အခါမှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီတို့က ကြေညာချက်တွေ ထုတ်ပြန်ပြီး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဘက်က ရပ်တည်ကြပါတယ်။ ဒီလိုရပ်တည်ခြင်းကြောင့် အမျိုးသားရေးလှုပ်ရှားနေတဲ့ သံဃာတော်တွေနဲ့ လူတွေရဲ့ ထောက်ခံမှုကို ပြတ်ပြတ်သားသားရယူထားသလို တစ်ဖက်မှာလည်း အမျိုးသားရေး ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ပြီးသား ဖြစ်နေပါတယ်။

အမျိုးသားရေးက အန္တရာယ်ဖြစ်နိုင်လား
============================

အမျိုးသားရေးလို့ ဆိုလိုက်တာနဲ့ လူမျိုးကြီးဝါဒနဲ့ အစွန်းရောက်မှု တချို့ ပါဝင်နေတာတော့ ငြင်းမရပါဘူး။ နိုင်ငံရေးပတ်သက်တဲ့ အမျိုးသားရေး ဝါဒဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်တော့ အန္တရာယ်ရှိတာ အသေအချာပါ။ နိုင်ငံရေးပါတီများ ဥပဒေမှာ ဘာသာရေးကို နိုင်ငံရေးအလို့ငှာ အသုံးမချရဆိုပြီး ပြဋ္ဌာန်းထားတာမို့ ဒီပြဋ္ဌာန်းချက် အသက်ဝင်ရေးဟာလည်း အခရာကျနေပါတယ်။ လက်ရှိ နိုင်ငံရေးပါတီတွေ အသုံးပြုကြမယ့် အမျိုးသားရေးကြွေးကြော်သံတေွဟာ ဘာသာရေးနဲ့ တိုက်ရိုက် ဆက်စပ်နေပြီး ဒီကြွေးကြော်သံတွေနောက်ကွယ်မှာ မမြင်နိုင်တဲ့ မတည်ငြိမ်မှုတွေလည်းဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေမှာ အစိုးရရဲ့ရပ်တည်ချက်နဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်ဟာ အလွန်အရေးကြီးလှပါတယ်။ အစွန်းရောက် အမျိုးသားရေးဝါဒ ခေါင်းထောင်လာရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲဟာ မတည်ငြိမ်မှုတွေကြောင့် နောက်ကြောင်း ပြန်လှည့်သွားနိုင်ပါတယ်။

ခေတ်သစ်ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်ကတော့ လက်ရှိ အနေအထားမှာ ပါတီတွေ အားလုံးက အမျိုးသားရေးနဲ့ပတ်သက်တဲ့ မူဝါဒ တစ်ခု ချမှတ်ဖို့ရှိနေပြီး ဒီမူဝါဒဟာလည်း ၂၀၂၀ ရွေးကောက်ပွဲကို အဓိက ရည်ရွယ်နေတာဖြစ်တယ်လို့ဆိုပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပါတီအားလုံးရဲ့ မူဝါဒသဘောထားနဲ့ ညှိပြီးတော့ မူဝါဒ ချဖို့ရှိပါတယ်။ အမျိုးသားရေးနဲ့ပတ်သက်တာ။ ဘယ်နိုင်ငံမှာမဆို အမျိုးသားရေး ရှိတယ်။ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အန်ကယ်တို့မှာ ခံယူပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ရှိပါတယ်” လို့ သူက ပြောဆိုပါတယ်။


(July 30, 2018 က ဖော်ပြခဲ့သော ယခုဆောင်းပါးသည် လက်ရှိအချိန် အခြေအနေများနှင့် ပြန်လည် ကိုက်ညီနေပါသဖြင့် ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည္)

By ရန်ကုန်ခေတ်သစ်

No comments:

Post a Comment

My Blog List